ဂုဏ်သိက္ခာကို ဘယ်လိုပေတံမျိုးနဲ့ တိုင်းတာကြသလဲ။ ငွေကြေးချမ်းသာကြွယ်ဝမှု၊ ပညာဗဟုသုတကြွယ်ဝပြည့်စုံမှု၊ ဂုဏ်သိမ်ဂုဏ်ဒြပ်ပြီးပြည့်စုံမှုမျိုးတွေနဲ့ တိုင်းတာလို့ မရနိုင်ပါဘူး။ ကိုယ်ကျင့်တရားကောင်းမွန်ပြီး၊ အရာရာတိုင်းကို သည်းခံနာလည်ပေးတတ်သူတွေမှာလည်း ဂုဏ်သိက္ခာအပြည့်အဝရှိတယ်လို့ မဆိုလိုနိုင်ပါဘူး။ တကယ်တော့ လူတစ်ဦးတစ်ယောက်ဆီမှာ မဖြစ်မနေရှိသင့်ရှိထိုက်တဲ့ လူ့ ဂုဏ်သိက္ခာဆိုတာ ငြိမ်းချမ်းသာယာပျော်ရွင်မှုတွေ၊ တရားဥပဒေအောက်မှာ တန်းတူညီတဲ့အခွင့်အရေး၊လွတ်လပ်မှုတွေနဲ့  လွှမ်းခြုံထားတဲ့ ကောင်းမွန်လုံခြုံတဲ့ဘဝကိုပိုင်ဆိုင်ထားခြင်းပါပဲ။ ဒီ့ထက် အတွင်းကျပြီးနက်ရှိုင်းတဲ့ အဓိပ္ပယ်တွေလည်းပါရှိနေပါသေးတယ်။
ဒါတွေက စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တစ်ခုပါလို့  နိုင်ငံသူ၊ နိုင်ငံသားအများစုက မှိုင်းတိုက်ခံထားနေခဲ့ရပါတယ်။ လူ့ အခွင့်အရေးချိုးဖောက်ခံရတဲ့နိုင်ငံမှာ ကျွန်ုပ်တို့ ရဲ့ မြန်မာနိုင်ငံကလည်း ကမ္ဘာ့အဆင့် မှာ မြင့်မားတဲ့နေရာတစ်နေရာမှာ နေရာရထားတာကို ဂုဏ်ယူရမလား၊ ရှက်ရမလားတောင် မသိရလောက်အောင် ဒွိဟတွေဖြစ်နေရပါပြီ။ ဒါကြောင့် လူ့ အခွင့်အရေးကို တောင်းဆိုနေကြသူတွေက လူထုပညာပေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက်ကြိုးစားပြီး အမြင်တွေဖွင့်ပေးနေကြပါပြီ။ လူ့ အခွင့်အရေး ဆိုတာ နိင်ငံရေးမဟုတ်ပါဘူး။ သက်ရှိသတ္တဝါတွေ ရှင်သန်ကျက်စားကျင်လည်နေရတဲ့ ဒီကမ္ဘာမြေပေါ်မှာ လူရယ်လို့ ဖြစ်လာရင် လူ့ အခွင့်အရေးက အမြဲတွဲပါလျက်ရှိနေတာကို အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေညာစာတန်းထုတ်ပြန်လိုက်ကတည်းက အသိအမှတ်ပြုခဲ့ပြီးသားကိစ္စတစ်ရပ်ပါ။ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးကြေညာစာတန်းမှာ လူသားအားလုံးလိုက်နာဆောင်ရွက်သင့်တဲ့ အချက်အလက်အပိုဒ်ပေါင်း ၃၀ပါရှိပါတယ်။ ဒီအပိုဒ်၃၀လုံးကို နိုင်ငံတကာက နိုင်ငံသူ၊နိုင်ငံသားတွေသာမကပဲ နိုင်ငံခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်နဲ့ တခြားနိုင်ငံအတွက်တာဝန်ရှိသူတွေကလည်း လေးစားလိုက်နာကျင့်သုံးမှ လူ့ ဂုဏ်သိက္ခာရှိပြီး လူ့ အခွင့်အရေးအပြည့်အဝခံရခွင့်ရတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့  မြန်မာနိုင်ငံကလည်း ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့  ဦးမော့နေထိုင်နိုင်မှာပါ။