အိမ်ထောင်ကျသွားတဲ့အခါ ဒီလိုအရာလေးတွေတော့ ကြုံလာရလိမ့်မယ်…

တစ်ချို့ စုံတွဲတွေ ၂ နှစ် ၃နှစ်လောက်ကြာတော့ ကွာလိုက်ကြတယ်။ တစ်ချို့ ကြတော့ နှစ်ပေါင်းကြာတဲ့အထိအတူတူ ပေါင်းသင်းနေထိုင်သွားခဲ့ကြတယ်။ ဒါဟာ ကံတရားနဲ့မဆိုင်ပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ့်ရဲ့မိသားစုပြဿနာကို နှစ်ယောက်အတူတူ ကျော်ဖြတ်နိုင်ဖို့ပဲလိုပါတယ်။

အလေးချိန်တက်လာမယ်


အပျိုတုန်းကအချိန်ထက် အိမ်ထောင်ကျလာတဲ့အခါ အလေးချိန်တက်လာတာဟာ မိန်းမသားကြုံတွေ့ရတဲ့ပြဿနာပါ။ စစချင်း အိမ်ထောင်ကျပြီး ၁နှစ်ကြာတဲ့အခါ ၁၃ပေါင်တက်လာနိုင်ပြီး စိတ်ပိုင်းဆိုင်ရာမှာပါ ပြဿနာလေးတွေ အစပျိုးလာနိုင်ပါတယ်။ အဲ့ဒီအခါ ဘာလုပ်မလဲ။ အချစ်နဲ့အတူ ၀ိတ်ချပါ။ အလုပ်တွေကိုယ်စီနဲ့ဆိုတာ နားလည်ပေမယ့် နိုင်ငံခြားမှာ မိသားစုလိုက် Gym ဆော့နေကြတာတွေ တွေ့တယ်မလား။ သူတို့နေထိုင်မှုဟာ ကျန်းမာရေးနဲ့ ညီညွတ်သလို လိုချင်တဲ့ ခန္ဓာကိုယ်
ပုံစံနဲ့နေထိုင်ရတာ သက်တောင့်သက်သာရှိတယ်။ အချစ်နဲ့အတူ ဝိတ်ချတဲ့အခါ သင့်ရဲ့စိတ်က ပိုတက်ကြွပြီး ပျင်းတဲ့စိတ်ကို အလိုမလိုက်မိတော့ပဲ နေ့တိုင်းဆော့ဖြစ်နေတော့မှာပါ။

ကလေးယူတဲ့အခါ


ငယ်ရွယ်တဲ့ လင်မယားတွေအတွက် ကလေးယူဖို့ဆိုတာ အတော်လေးစဉ်းစားရပါတယ်။ ကလေးရလာတဲ့အခါ ငွေရေးကြေးရေးအခြေအနေက ရှိလာပါတယ်။ ကလေးမွေးပြီးမှ ပိုက်ဆံအကျပ်တည်းပြဿနာကို မခံစားစေရဖို့ ပိုက်ဆံကို စုထားပါ။ ဘယ်တော့ဆို ကလေးယူတော့မယ်လို့ စဉ်းစားထားရင် အဲ့ဒီအချိန်မှာ အဆင်သင့်ဖြစ်နေအောင် ပိုက်ဆံစုထားပါ။

ယောက္ခမနဲ့ အဆင်ပြေချင်ရင်


ယောက္ခမနဲ့ ချွေးမ မတည့်ဘူးဆိုတာ ဟိုးခေတ်တည်းက ရှိလာခဲ့တာ။ အခုထိလည်း တစ်ချို့ မိသားစုတွေမှာ တွေ့နေရပါတယ်။ အတွေးမြင် ၊ သဘောထားချင်း မတူညီတဲ့ သူစိမ်းတစ်ယောက် အိမ်ထဲဝင်လာတဲ့အခါစကားများ ကတောက်ကဆပြဿနာလေးတွေတော့ ရှိလာမှာပါပဲ။ အဲ့တော့ ပြဿနာမဖြစ်ချင်ရင် အိမ်ထောင်ပြုတော့မယ်ဆိုတည်းက နှစ်ယောက်တည်း သပ်သပ်အိမ်ခွဲနေနိုင်အောင် ကြိုးစားပါ။ တစ်ပတ်တစ်ခါ နှစ်ဖက် မိဘတွေဆီ အလည်ပတ်သွားပေးလိုက်ပေါ့။ တစ်အိမ်တည်းနေတာက မလိုလားအပ်တဲ့ ပြဿနာအကျိုးဆက်တွေ ဖြစ်လာပါလိမ့်မယ်။

ယောက်ျားရဲ့အပြုအမူတွေဟာ မုန်းစရာကောင်းလာလိမ့်မယ်


အတူတူနေလာတာ ကြာတဲ့အခါ ယောက်ျားရဲ့အကျင့်စရိုက်တွေဟာ သင်မသိချင်လည်း သိလာရပါလိမ့်မယ်။ ကိုယ်နဲ့ မကိုက်ရင်တော့ ရန်ဖြစ်ရမှာပါပဲ။ နှစ်ယောက်ကြားမှာ အချစ်တွေ ၊သံယောဇဉ်တွေ ကုန်ခမ်းသွားလိမ့်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တစ်ခါတစ်လေ ယောက်ျားသားများရဲ့ အကျင့်စရိုက်တာ သိတဲ့အတိုင်းပါပဲ။ ဒီတော့ လက်ခံပေးလိုက်ပါ။ သူ့ကိုချစ်နေတာပဲလေ။ အသေးဖွဲ့ကိစ္စလေးတွေနဲ့ ပတ်သတ်ပြီး ပူညံ့ပူညံ့သွားမပြောပါနဲ့တော့။ အဲ့ဒီအစား သင်လည်း သင်ဝါဿနာပါရာကိုသာ လုပ်နေလိုက်ပါ။

ငြီးငွေ့သလိုဖြစ်လာမယ်


အိမ်ထောင်ပြုကာ စကလို မင်းတို့နှစ်ယောက်ကြားမှာ နွေးထွေးမှုဆိုတာလည်း တစ်ခါတစ်လေပျောက်ဆုံးသွားတတ်ပါတယ်။ ဘာကြောင့်လဲ? လူတွေရဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပါ။ ယောက်ျားလေးမှ ဟုတ်ပါဘူး။ မိန်းကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ အရမ်းကြီး မတွေးပါနဲ့။ သူမင်းကို ပျင်းလာတာ မချစ်လို့မဟုတ်ပါဘူး။ အေးစက်လာရင် ပြန်နွေးထွေးအောင်လုပ်လို့ရပါတယ်။ တစ်ယောက်အပေါ် တစ်ယောက်အချိန်ပေးနိုင်အောင် ကြိုးစားပါ။ ယောက်ျားကလည်း မိန်းမကို ကူလုပ်ပေးပါ။ ပွဲလေးတွေရှိရင် အတူတူသွားပါ။ ကလေးတွေ ၊ အလုပ်တွေကို ခဏလောက်မေ့ထားပြီး နှစ်ယောက်တည်းအချိန်ကို ကြည်ကြည်နူးနူးကုန်ဆုံးပါ။

ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အပေါ်ယံအိမ်ထောင်ရေး ပြဿနာအသေးစားလေးတွေပါ။ ဒီတော့ဆိုးတာလည်း ကြုံချင်ကြုံလာနိုင်ပါတယ်။ အိမ်ထောင်ရေး ကံကောင်းတယ် ၊ မကောင်းဘူးဆိုတာ ကံတရားနဲ့ဆိုင်တာမဟုတ်ပဲ သင်တို့နှစ်ယောက်နဲ့ပဲ သက်ဆိုင်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကိုပိုင်ဆိုင်နိုင်ပါစေ…

218 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.