မင်းအပေါ် ထိန်းချုပ် ကြိုးကိုင်တတ်သူနဲ့ လက်တွဲမိနေပြီလား

အတွဲအများစုမှာ တစ်ယောက်အပေါ် တစ်ယောက် ချူပ်ကိုင် ခြယ်လှယ်ချင်ကြတာတွေ တွေ့ရတတ်ပါတယ်။ အထူးသဖြင့် ပိုအတ္တကြီးသူတွေမှာ ဒီလက္ခဏာတွေ အတွေ့များတယ်။ တစ်ချို့ ယောက်ျးလေးတွေဆိုကိုယ်ချစ်သူမိန်ကလေးကို ဟိုမသွားနဲ့ ၊ ဒီမသွားနဲ့ဆိုပြီး ချုပ်ချယ်ကြတယ်။ သူတို့ကြတော့ သွားချင်တဲ့နေရာသွားတယ်။ လုပ်ချင်ရာ လုပ်ကြတယ်။ ဒီတော့ ကိုယ်တွဲနေတာ လူပါ။ ရုပ်သေးရုပ်မဟုတ်ပါဘူး။ ကိုယ်ကြိုးကိုင်သလို သူလိုက် ကချင်မှကနိုင်ပါလိမ့်မယ်။ ကြိုးကိုင်ခံနေရတာကို တစ်ခါတစ်လေ ကိုယ်တွေက သတိမထားမိတတ်ကြပါဘူး။ ချုပ်ချယ်ခံရတိုင်း အချစ်ခံရတယ် အမှတ်မမှားလိုက်ပါနဲ့။ ဒါကြောင့် ဒီအချက်တွေကြည့်ပြီး ကိုယ့်ရဲ့relationship ကို အချိန်မှီပြင်ဆင်နိုင်ပါစေ…

အမြဲတမ်း အပြစ်ရှိတာမင်း


ဘာကိစ္စပဲဖြစ်ဖြစ် ပြဿနာတစ်ခုမှာ အပြစ်ရှိတာ မင်းတစ်ယောက်တည်းလို့ အမြဲပုံချတတ်သူ။ မင်းနဲ့အလွတ်ကြီးဆိုရင်တောင် အပြစ်ရှိတဲ့ခံစားချက်ဝင်အောင် အမျိုးမျိုးလုပ်ပြောတတ်သူ။ သတိထားပါ။ အမြဲတမ်း ဒီလိုပဲ မင်းအပေါ်စိတ်ဒုက္ခပေးနေမယ်ဆိုရင် ရှေ့လျှောက်ပျော်ရပါဦးမလား…သေချာစဉ်းစားပြီး ဆုံးဖြတ်ပါတော့…

ဇာတ်လမ်းရဲ့အဆုံးသတ်မှာ သူပဲသနားစရာအကောင်းဆုံး
မင်းဟာ ပိုချစ်တတ်သူဆို သူ့ကိုယ်သူ ဒီဇာတ်လမ်းမှာ သနားစရာအကောင်းဆုံးလူလိုဖြစ်အောင် လုပ်ပြောပါတော့မယ်။ မင်း သနားလာအောင်ပေါ့။ ဒီအခါ အပြစ်ရှိသလို ခံစားလာရမှာလည်း မင်းပါပဲ။ မင်းကိုယ်မင်း လူဆိုးကြီးတစ်ယောက်ဖြစ်အောင် အမျိုးမျိုး သနားခံတော့မယ်။ ကိုယ်လုပ်မိတဲ့ ကိစ္စအပေါ်တာဝန်ယူစိတ်မရှိပဲ အကူညီတောင်းသလိုနဲ့ ခိုင်းချင်ပါသေးတယ်။ ဒါကြောင့် ပြဿနဖြစ်လာရင် ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာကိုတော့ ခွဲခွဲခြားခြားသိနိုင်ပါစေ။ အဓိက သူ့ဘက် ၊ ကိုယ့်ဘက်မျှတွေးတတ်ဖို့ပါပဲ။

တွန်းအားတွေပေးလာမယ်


အမေစကားကိုတောင် ၁ဝလုံးပြည့်အောင် နားမထောင်ဖူးတဲ့ မင်းက ခုမှတွေ့တဲ့ သူစိမ်းတစ်ယောက်ကြောင့် ပြောင်းလဲသွားတာ လက်ခံနိုင်ပေမယ့် မင်းအချိန်တွေနဲ့ပတ်သတ်ပြီး လိုက်ကန့်သတ်ခွင့်ပေးထားတာဟာ သိပ်တော့မဟုတ်သေးဘူးနော်။ မင်းဟာ လူပါ။ စက်ရုပ်လည်း မဟုတ် ၊ ကလေးလည်း မဟုတ်။ ကိုယ်ပိုင်အချိန်ကို ကိုယ်တိုင်ခွဲခြားသတ်မှတ်နိုင်စွမ်း မင်းမှာ အပြည့်ဝရှိပါတယ်။ သူဟာ မင်းကို ဆက်တိုက်တွန်းအားတွေ ပေးနေမယ်ဆိုရင် လှောင်အိမ်ထဲက ငှက်ကလေးလို ကိုယ့်ကိုကိုယ် အဖြစ်ခံတော့မလား စဉ်းစားကြည့်ပါ။

နားထောင်ပေးဖို့ ဘယ်တော့မှမကြိုးစား စိတ်ညစ်စရာ ကိစ္စတစ်ခုခုကို မင်းရင်ဖွင့်ချင်ပေမယ့် သူနားမထောင်ပေးချင်ဘူး။ အလုပ်ရှုပ်နေယောင်ဆောင်မယ်။ ပြောနေတဲ့ စကားကို ဦးတည်ချက်ပြောင်းလိုက်တာမျိုးတွေ လုပ်လာလိမ့်မယ်။ သူပြောချင်တာကိုသာ မင်းနားထောင်ရမယ်။ မင်းရဲ့စိတ်ညစ်စရာတွေ ၊အလုပ်ကိစ္စ၊ အိမ်ကိစ္စတွေ သူနဲ့မဆိုင်ဘူး။ မျှဝေခံစားပေးဖို့လည်း အစီစဉ်မရှိဘူး။ ဘာလို့လဲ ? အဓိက မင်းကို သူဂရုမစိုက်ဘူး။ သူဂရုစိုက်တာ သူ့ကိုယ်သူပါပဲ။

မင်းမရှိရင် ငါသေလိမ့်မယ်..


အကြီးမားဆုံး အသက်နဲ့ရင်းပြီး ခြိမ်းခြောက်တာပါပဲ။ ဒါဟာ တစ်ကိုယ်ကောင်းဆန်ဆုံးစကားပါ။ မင်းမရှိပဲလည်း သူမွေးကတည်းက နေလာတာပါ။ တကယ်လို့ အကြောင်းကြောင်းကြောင့် မင်းသူ့အနားမှာမရှိပေးနိုင်ရင် မင်းကိုယ်မင်း အပြစ်ရှိစိတ်ဖြစ်လာအောင် ၊ သူသေသွားရင် မင်းကြောင့်ဆိုတဲ့ စိုးရိမ်စိတ်တွေဖြစ်အာင် တမင် တကိုယ်ကောင်းဆန်လိုက်တာပါပဲ။ လူတိုင်းမှာ ကိုယ့်စိတ်နဲ့ကိုယ်ပါပဲ။ တကယ်တမ်း သူမရှိတော့လို့၊ မချစ်တော့လို့ဆိုပြီး ကိုယ့်ကိုကိုယ် နာကျင်အောင်လုပ်လိုက်တာဟာ သူ့ကြောင့်ဖြစ်တယ်လို့ တယူသန်တွေးလိုက်တာပါပဲ။ သူဘာမှမလုပ်ဘူး။ မင်းလက်နဲ့ မင်းဘာမင်း နာကျင်အောင်လုပ်တာပါ။ လူ့စိတ်ဆိုတာ တစ်သတ်မတ်တည်းမသွားဘူး။ အချိန်မရွေးပြောင်းလဲသွားနိုင်တယ်လို့ လက်ခံလိုက်ရင် ဒီထက်ပိုပြီး ကိုယ့်ကိုကိုယ် နာကျင်အောင်မလုပ်နိုင်ပါဘူး။

658 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.