27 Club ကျိန်စာ တကယ် ရှိသလား၊မရှိဘူးလား

combined-picture.jpg

27 Club ဆိုတာ အသက် ၂၇ နှစ်အရွယ်မှာ သေဆုံးသွားခဲ့တဲ့ အကျော်အမော်ဂီတပညာရှင်တွေကိုစုစည်းထားတဲ့ စိတ်ကူးယဉ်အဖွဲ့ တစ်ခုဖြစ်ပါတယ်။ ဒီအဖွဲ့ အကြောင်း ကို ဂီတမဂ္ဂဇင်းတွေ၊ ၀တ္ထုတွေ၊ ရုပ်ရှင်နဲ့ စင်တင်ပြဇာတ်တွေမှာ ခနခန မြင်တွေ့ ခဲ့ရပါတယ်။ ဒီ 27 Club ဟာ တကယ်များ ရှိနေနိုင်မလားဆိုတာ လေ့လာကြည့်ရအောင်။

အောင်မြင်ကျော်ကြားနေတဲ့ ဂီတပညာရှင် (အများအားဖြင့် ရော့ခ်စတား) တွေ အတွက် အသက် ငယ်ငယ်နဲ့ ရုတ်တရက်သေဆုံးရခြင်းဟာ အံ့သြထူးဆန်းစရာ တစ်ခုလို့ မှတ်ယူ နိုင်သလို သိပ်မထူးဆန်းဘူးလို့ လည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် အထွတ်အထိပ်အောင်မြင်မှုကိုရရှိနေတဲ့ ဒီရော့ခ်စတားတွေဟာ  အသက် ၂၇ နှစ် အရွယ်မှာ တိုက်တိုက်ဆိုင်ဆိုင် သေဆုံးကြရခြင်း ကတော့ ဒဏ္ဍာရီတစ်ခု ဖြစ်နေတာပေါ့။

ရိုးလင်းစတုန်း ၀ိုင်းခေါင်းဆောင် ၊ ဂီတတူရိယာအားလုံးကို တစ်ဖတ်ကမ်းခတ်ပိုင်နိုင်တဲ့ ဘရိုင်ယန်ဂျုံးစ်၊ လျှပ်စစ်ဂီတာဖခင် ဂျင်မီဟန်းဒရစ် ၊ ဘလူးစ်တီးဝိုင်း Canned Heat ရဲ့ ခေါင်းဆောင်  အလန်ဝေလ်ဆင်၊ ရော့ခ်ဂီတ၀ိုင်း The Doors ရဲ့ အဆိုတော်၊ကဗျာဆရာ ဂျင်မ်မော်ရစ်ဆင် တို့ အားလုံးဟာ ၁၉၆၉ နဲ့ ၁၉၇၁ နှစ်နှစ်အတွင်း မှာ ဆက်တိုက် သေဆုံးခဲ့မှု က ဂီတလောကကို ခြောက်ခြားစေခဲ့ပါတယ်။ သူတို့ အားလုံးရဲ့အသက်ကို ဂရုစိုက်ကြည့်တဲ့အခါ အားလုံးဟာ အသက် ၂၇ နှစ်အရွယ် ဖြစ်နေတာကိုတွေ့ လိုက်ရတဲ့အတွက် ဂီတလောကရဲ့ ခြောက်ခြားမှုဟာ အထွတ်အထိပ်ကို ရောက်ရှိသွားပါတယ်။ အဲဒီကနေစပြီး 27 Club ဆိုတဲ့ ကျိန်စာအယူအဆဟာ အမြစ်တွယ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအယူအဆဟာ အဲဒီနှစ်တွေမှာ အုံကြွခဲ့ပြီး နောက်ခဏ ပြန်ငြိမ်သက်သွားပြန်ပါတယ်။ ကြားထဲမှာ နာမည်မထင်ရှားမကျော်ကြားတဲ့ ရော့ခ်အင်ရိုးလ်ဂီတသမားလေးတွေ အသက် ၂၇ နှစ်အရွယ်မှာ သေဆုံးခဲ့ပေမယ့် ဂျင်မီဟန်းဒရစ်တို့ တုန်းကလိုတော့ ဟိုးလေးတကျော်မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် 27 Club ကျိန်စာကို ဆယ်စုနှစ်နှစ်ခုကျော်ကြာ ငြိမ်သက်နေရာကနေ ပြန်လည်နိုးထစေခဲ့သူကတော့ Grunge ဂီတရဲ့ ဘုရင်တစ်ဆူလို့ သတ်မှတ်ကြတဲ့ ကတ်ကိုဘိန်း သေဆုံးမှုပါပဲ ။ ၁၉၉၄ ဧပြီမှာ Nirvana ခေါင်းဆောင် ဟာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ပြီး 27 Club ကျိန်စာကို ပြန်လည်အသက်ဝင်စေခဲ့ပါတယ်။ နောက်ထပ် ၁၇ နှစ်အကြာမှာ ကမ္ဘာကျော် R&B,ရော့ခ်အင်ရိုးလ် အဆိုတော် အေမီဝိုင်းဟောက်စ် က အသက် ၂၇ နှစ်အရွယ်မှာ ရုတ်တရက်သေဆုံးခဲ့ပြန်ပြီး 27 Club ကျိန်စာဆိုးအယူအဆကို ဂီတအသိုင်းအ၀ိုင်းနဲ့ မီဒီယာတွေကြား ခိုင်မာစေခဲ့ပါတယ်။ အေမီဟာ သူမ မသေခင်သုံးနှစ်အလို တုန်းက ဒီ 27 Club ကျိန်စာကို ကြောက်ရွံ့ ပြီး အဲဒီအရွယ်မှာ သေရမှာကို သွေးပျက်မိတယ်လို့ ဖွင့်ဟပြောခဲ့ဖူးပါတယ်။

ဒီ 27 Club ကျိန်စာသင့်ခဲ့သူ ဂီတအကျော်အမော်တွေချည်း ၄၅ ယောက်ရှိခဲ့ပြီး သူတို့ အားလုံးကို 27 Club အဖွဲ့ ဝင်တွေလို့ သတ်မှတ်ထားပါတယ်။ ဒီထဲမှာ နာမည်အကြီးဆုံးတွေက တော့ ဘလူးစ်ဂီတရဲ့ဘုရင်တစ်ဆူ ၊ သူ့ ရဲ့ဝိဥာဉ်ကို နတ်ဆိုးဆီ ရောင်းစားခဲ့တယ်လို့ နာမည်ကြီးခဲ့တဲ့ ရောဘတ်ဂျွန်ဆင်၊ ဂျင်မီဟန်းဒရစ်၊ ဘရိုင်ယန်ဂျုံးစ်၊ ဂျင်မ်မော်ရစ်ဆင်၊ Grateful Dead တီးဝိုင်းရဲ့ ရွန် မက်ခ်ကာနန်၊ ဟဲဗီးမက်တယ်တီးဝိုင်း Uriah Heep ရဲ့ ဘေ့စ်သမား ဂယ်ရီ၊  လက်စ်လီဟာဗေး၊ ကတ်ကိုဘိန်း၊ အေမီဝိုင်းဟောက်စ် တို့ ဖြစ်ပါတယ်။ ကတ်ကိုဘိန်း ကလွဲလို့ ကျန် 27 Club အဖွဲ့ ဝင် အားလုံးနီးပါးဟာ မူးယစ်ဆေး၊အရက် တို့ ကြောင့် ရုတ်တရက်သေဆုံးခဲ့ရတာပါ။

27 Club အယူအဆ စတင်ခဲ့တာကတော့ ၁၉၇၀ အကျော် ဂျင်မီဟန်းဒရစ်၊ ဂျင်မ်မော်ရစ်ဆင်တို့ သေဆုံးအပြီးမှာ ဖြစ်ပေမယ့် ဒီ Club အဖွဲ့ ဝင်တွေအဖြစ် ၁၉၆၀ အတွင်းသေဆုံးခဲ့ သူတွေပါ ထည့်သွင်းထားပါတယ်။ အစောဆုံးလို့ ယူဆနိုင်တာကတော့ ဘလူးစ်ဘုရင် ရောဘတ်ဂျွန်ဆင်ဖြစ်ပြီး ၁၉၃၈ ခုနှစ်မှာ သေဆုံးခဲ့တာပါ။

ရော့်ခ်အင်ရိုးကြယ်ပွင့်တွေဟာ ၂၇ နှစ်အရွယ်မှာ သေဆုံးခဲ့တာက အထူးအဆန်းဖြစ်နေလား၊ တကယ်တမ်းတော့ အောင်မြင်မှုအထွတ်အထိပ်ကို ရောက်နေတဲ့ ရော့ခ်အင်ရိုးလ် စတား တွေဟာ အဲ့ခေတ်ရဲ့ နတ်ဘုရားတွေပါပဲ။ အရက်၊ဆေး၊မိန်းမ လိုတာရနေတဲ့ဘ၀မှာ မူးယစ်ဆေးရဲ့ ကျေးကျွန်ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်သေဆုံးရခြင်းဟာ သိပ်မထူးဆန်းဘူးလို့ ပြောနိုင်ပါတယ်။ အသက် ၂၇ နှစ်ထက်စောပြီး သေဆုံးခဲ့တဲ့ ဂီတအကျော်အမော်တွေအများအပြားရှိသလို အသက် ၂၇ နှစ်ကျော်ပြီးမှ သေဆုံးခဲ့သူတွေ လည်း အများကြီးပါ။ ဂီတသမားအရေအတွက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂၇ နှစ်အရွယ်မှာ သေဆုံးသူအရေအတွက်ဟာ နည်းပါးလွန်းတယ်လို့ ဆိုနိုင်ပါတယ်။ Punk ဂီတရဲ့ တည်ထောင်သူ တွေ ထဲက တစ်ယောက်ဖြစ်တဲ့ Sex Pistols ရဲ့ ဘေ့စ်ဂီတာ အဆိုတော် ဆစ်ဒ် ဗစ်စ်ရှပ်စ် က အသက် ၂၁ နှစ်အရွယ် ၊ ရော့ခ်အင်ရိုးကြယ်ပွင့် အက်ဒီကော့ခ်ခရန် က အသက် ၂၁ အရွယ် တို့ မှာ သေဆုံးခဲ့ပါတယ်။ ရော့ခ်အင်ရိုးရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ Sex,Drugs and Rock N Roll အတိုင်း တကယ်ကျင့်သုံးကြတဲ့ လူငယ်ကြယ်ပွင့်တွေဟာ စောစောကြွေလွင့်ရခြင်းဟာ နှမြောစရာ ဖြစ်ပါတယ်။ ဒါဆိုရင် ၂၇ နှစ်အရွယ်မှာ သေဆုံးမယ်ဆိုတဲ့ ကျိန်စာ ကို ရော့ခ်ကြယ်ပွင့်တွေ စိုးရွံ့ နေမလား ? သူတို့ သာ အလွန်အကျူးမဟုတ်ဘဲ ထိန်းသိမ်းနေခဲ့မယ် ဆိုရင် အသက် ၂၇ နှစ်အရွယ်ကို အသာအယာ ဖြတ်ကျော်နိုင်ပါတယ်။ နောက်ထပ် 27 Club ကျိန်စာကို ယိမ်းယိုင်စေခဲ့တာကတော့ ကတ်ကိုဘိန်းရဲ့ ကြိုတင်ကြံစည်မှုပါပဲ။ ဟီရိုအင်းရဲ့ ကျေးကျွန်ဖြစ်နေတဲ့ ကတ်ကိုဘိန်းဟာ သူ ၂၇ နှစ်အရွယ်မှာ သေဆုံးဖို့ ကြိုတင်ကြံစည်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ အမေပြောစကားအရ သူမဟာ သူ (ကတ်) ကို ဒီေ-ာက်တလွဲ 27 Club ထဲ မ၀င်ဖို့ တားဆီးနေခဲ့ရတယ်လို့ ဖွင့်ဟခဲ့တယ်။ (နောက်အယူအဆတစ်ခုကတော့ ကတ်ကို သူ့ မိန်းမ ကော့တ်တနေး က လုပ်ကြံခဲ့တယ်လို့ ဆိုပါတယ်) ။

27 Club ကျိန်စာဟာ တကယ်များရှိနေနိုင်မလား ၊ ရော့်၊မက်တယ်ဂီတသမားတွေဟာ သူတို့ ရဲ့ အောင်မြင်မှု၊ အရည်အချင်း စတာတွေအတွက် သူတို့ ဝိဥာဉ်ကို ရောင်းစားကြတယ် ဆိုတာ တကယ်များ ဖြစ်နိုင်မလား ။ အောက်မှာ ဖော်ပြထားတဲ့လူတွေကတော့ 27 Club ကျိန်စာကို လှောင်ပြောင်နိုင်ခဲ့ပါတယ်။

သူတို့ ကို ဘယ်အရာကမှ မသေစေနိုင်ဘူးလား

၁။ ဆာ ပေါလ်မက္ကာ့နေးလ် ( ဘီတဲလ်စ်တီးဝိုင်းအဖွဲ့ ဝင် – ဆေးခြောက်သမား ၊ ယခု အသက် ၇၁ နှစ် ၊ မကြာသေးမီက အခွေသစ်ထုတ်ခဲ့)


၂။ ကိ(တ်) ရစ်ချတ်စ် ( ရိုးလင်းစတုန်း အဖွဲ့ ဝင် – မူးယစ်ဆေးအလွန်အကျွံသုံးစွဲခဲ့သူ ၊ ယခု အသက် ၇၀ နှစ် ၊ အခုထိ မူးယစ်ဆေးသုံးစွဲတုန်း)


၃။ လမ်မီ ကေးလ်မစ်စတာ ( ဟဲဗီးမက်တယ်တီးဝိုင်း Motorhead တည်ထောင်သူ၊ Sex ,Drugs and Rock N Roll ကို အခုထိ လိုက်နာသူ၊ ဆရာဝန်ကိုယ်တိုင် မူးယစ်ဆေးသုံးစွဲမှုကို မဖြတ်ပစ်ဖို့ ပြောရသူ (ဖြတ်ခဲ့ရင် ရှော့ခ်ရပြီး အသက်အန္တရာယ်ရှိသည့်အတွက် ၊ အသက် ၆၇ နှစ်)


၎။ အော့ဇီ အော့စ်ဘွန်း (ဟဲဗီးမက်တယ်ရဲ့ ခေါင်းကိုင်ဖခင် ၊ အသက် ၆၅ နှစ် ၊ စောစောသေမယ်လို့ ခန့် မှန်းခဲ့ကြပေမယ့် ပျက်ရယ်ပြုနိုင်ခဲ့သူ)


၅။ စတီဗင် တိုင်လာနဲ့ ဂျိုးပယ်ရီ ( ဟာဒ်ရော့ခ်တီးဝိုင်း Aerosmith ရဲ့ ညီနောင် ၊ အသက် ၆၅ နှစ်)


၆။ အဲလိစ် ကူးပါး ( ၇၀ ခုနှစ်ထဲက သေခါနီးရုပ်နဲ့ ၂၁ ရာစု အထိ ရှင်သန်နေခဲ့သူ ၊ အသက် ၆၄ နှစ်)

 

Ref: wikipedia , rationalwiki.org

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.