သင့်ချစ်သူကဒီလိုတွေလုပ်နေပြီိဆိုရင် သင့်ကိုချစ်လို့ချုပ်ချယ်တာမဟုတ်ပဲ ပါဝါအာဏာပြနေတာပါ

ကိုယ်တို့တွေကလူတစ်ယောက်ကိုချစ်ပြီဆိုတာနဲ့ဘာမသိညာမသိ ကျန်တာစိတ်မဝင်စားဘူး ချစ်တာပဲကိုယ်နားလည် ဆိုပြီး ဇွတ်တွေချစ်ပစ်ကြတော့တာပဲ။အဲဒီလိုအချစ်မျက်ကန်းတွေကျတော့လည်း သနားစရာကောင်းပုံက တကယ်ချစ်တဲ့သူနဲ့တွေ့တာရှားပြီး ကိုယ့်ကိုယ်လိမ်လည်လှည့်ဖျား အသုံးချချင်သူတွေနဲ့ချည်းတွေ့တော့တာပါပဲ။ ဒီတော့ ချစ်တဲ့စိတ်တွေခဏဘေးချပြီး ကိုယ့်ချစ်သူရဲ့အပြုအမူတွေကိုဆန်းစစ်ကြည့်ပါတယ်။တစ်ခါတစ်လေကျ ကိုယ့်ထက်ဘေးက သူငယ်ချင်းတွေက ကိုယ့်ချစ်သူကိုယ့်ကိုတကယ်ချစ်တာလား လှည့်ချင်တိုင်းလှည့်လို့ရနေလို့ ကိုယ့်နားနေနေတာလားဆိုတာမြင်နိုင်ကြပါတယ်။ သစ္စာရှိသူငယ်ချင်းဖြစ်ဖို့တော့လိုတာပေါ့လေ။ အချစ်ဆိုတာလည်းသဝန်တိုတာလေးတွေချုပ်ချယ်တာလေးတွေမှမပါရင် ဆားမပါတဲ့ဟင်းလိုပေါ့ရွှတ်ရွှတ်ကြီိးဖြစ်နေတတ်တယ်မလား။ဒါပေမယ့် ကိုယ့်ချစ်သူကကိုယ့်ကိုတကယ်ချစ်လို့သဝန်တိုနေတာလား တမင်ပါဝါပြနေတာလားဆိုတာ သိဖို့လိုပါတယ်။ ချစ်လို့ချုပ်ချယ်တာနဲ့ပါဝါပြတာကိုဘယ်လိုခွဲရမလဲဆိုရင်…

 

အကြောင်းပြချက်ကိုနားထောင်ကြည့်ပါ

သင့်ကိုသူကတစ်ခုခုလုပ်ခြင်းကနေ ကန့်သတ်ထားတယ်ဆိုရင် ခိုင်လုံတဲ့အကြောင်းပြချက်ရှိရပါမယ်။အဲဒီလိုမဟုတ်ပဲအကြောင်းပြချက်မရှိ ဟိုဟာမလုပ်ရဒီဟာမလုပ်ရဆိုရင်တော့ တမင်ပါဝါပြနေတာဖြစ်ပါတယ်။  ဒါမှမဟုတ် သူပေးတဲ့အကြောင်းပြချက်ကလည်းလစ်ကွက်ဟာကွက်တွေနဲ့ မခိုင်လုံဘူးဆိုရင်လည်းထိုနည်းလည်းကောင်းပါပဲ။

 

သူ့တားမြစ်ချက်တွေကတစ်ဖက်သတ်ကြီိးဖြစ်နေရင်

သင်ကတော့ သူမပါပဲ သူငယ်ချင်းတွေနဲ့သွားတွေ့ခွင့်မရှိပေမယ့် သူကတော့ သင်မပါပဲသူငယ်ချင်းတွေနဲ့ခဏခဏသွားလာသောက်စားနေလား။ သင်ကတော့ သူတားမြစ်ထားတာတွေကို မလုပ်ပဲထိန်းသိမ်းနေပေမယ့် သူကတော့ သင့်ကိုဂရုမစိုက်ဘူးလား။ ဒီလိုဆိုရင် သူကသင့်ကိုသူ့လက်ခုပ်ထဲကရေလိုသဘောထားပြီး မှောက်လိုမှောက်လှန်လိုလှန်လုပ်နေတာပါ။ ဒါကိုသည်းခံနေစရာအကြောင်းမရှိပါဘူး။

 

သူ့တားမြစ်ချက်တွေကပြောင်းလဲနေတတ်လား

လေယူရာတိမ်းပြီိးအခြေအနေအရပြောင်းလဲနေတတ်တဲ့စည်းကမ်းချက်ဆိုတာ စည်းကမ်းချက်မဟုတ်ပါဘူး စိတ်အခြေအနေသက်သက်ပါပဲတဲ့။ သူကသင့်ကိုသူငယ်ချင်းတွေရှေ့မှာတော့ ဟိုဟာချုပ်ချယ်ဒီိဟာချုပ်ချယ်လုပ်နေပေမယ် နှစ်ယောက်တည်းတွေ့ရင်တော့ ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်ဘူးလား။ သူ့သူငယ်ချင်းတွေရှေ့မှာဟိုဟာမလုပ်ရဒီဟာမလုပ်ရတားတတ်ပေမယ့် အခြားအချိန်မှာဆိုရင်တော့လွှတ်ပေးထားတတ်လား။ဒါဆိုရင်တော့ သင့်ချစ်သူကသင့်ကိုသူ့စိတ်အခြေအနေပေါ်မှာမူတည်ပြီးဆက်ဆံနေတာပါ။ သူ့စိတ်က ထွက်သွားချင်တဲ့အချိန်ရောက်ရင် သင့်ကိုနောက်လှည့်မကြည့်စတမ်းထားခဲ့ပါလိမ့်မယ်။

 

အကြောင်းပြချက်ကအမြဲတမ်းတစ်ခုတည်းဖြစ်နေတတ်လား

သင့်ကိုဟိုဟာမလုပ်ရဒီဟာမလုပ်ရတားမြစ်တဲ့အကြောင်းပြချက်ကအမြဲလိုလိုတစ်ခုတည်းဖြစ်နေတတ်လား။ချစ်လို့ပြောတာနားထောင်လေကွာ ဆိုတာမျိုး။ ချစ်လို့ဖြစ်သွားတာပါ။ချစ်လို့အော်မိတာပါဆိုတာမျိုးတွေပေါ့။သင်တို့နှစ်ယောက်ကြားကအချစ်ဟာ သူ့ချည်းသက်သက်တည်တံ့သင့်ပါတယ်။ အချစ်ဟာသူ့ရဲ့အပြုအမူတွေအတွက်အကြောင်းပြချက်တစ်ခုဖြစ်မနေသင့်သလို အချစ်ဟာသူသင့်ကိုချုပ်ချယ်တားမြစ်ဖို့လက်ကိုင်တုတ်တစ်ခုဖြစ်မနေသင့်ပါဘူး။သင့်ဘက်ကလည်းအလားတူပါပဲ။ လူနှစ်ယောက်ချစ်ကြတဲ့နေရာမှာ တစ်ယောက်ကတစ်ယောက်ကို ကြိုးကိုင်ဖို့ကြိုးစားတာဟာ မှားယွင်းပါတယ်။

တကယ်လို့အပေါ်မှာပြောထားတဲ့အချက်တွေထဲက တစ်ခုခုများသင့်ချစ်သူနဲ့ငြိနေပြီဆိုရင်တော့ သင့်ချစ်သူရဲ့ချစ်လို့ချုပ်ချယ်ခြင်းတွေဟာ တကယ်တော့ အာဏာပါဝါပြပြီးသူ့ကိုယ်သူစိတ်ကျေနပ်မှုရအောင်လုပ်နေခြင်းဆိုတာသိသင့်ပါပြီ။ ကိုယ်ချစ်ပါတယ်လို့ပြောထားတဲ့လူကိုတောင် ကိုယ့်စိတ်ချမ်းသာမှုကိုဦးစားပေးပြီး ကိုယ့်စိတ်အခြေအနေအလိုက်အမျိုးမျိုးဆက်ဆံတတ်တဲ့လူကိုအနားမှာမထားသင့်တာအမှန်ပါပဲ။ တစ်ကိုယ်ကောင်းဆန်တဲ့ရည်းစားတွေနဲ့ဝေးကြပါစေ။

 

Unicode Format











4 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.