ငပျင်းလေးတွေမှာ ဒီလိုထူးခြားစွမ်းရည်တွေ ပိုင်ဆိုင်ထားတယ်ဆိုရင်ရော…

ဘယ့်နှယ် ပျင်းပါတယ်ဆိုမှ ဘယ်လိုထူးခြားစွမ်းရည်တွေကရှိဦးမှာတုန်းလို့တော့ အပြစ်တင်မစောပါနဲ့။ ပျင်းတာကိုကထူးခြားစွမ်းရည်တစ်ခုပဲမဟုတ်လား။ငပျင်းချင်းပြိုင်ဘယ်သူနိုင်ဆိုပြီးတော့တောင် အပျင်းပြိုင်ပွဲကြီးကိုအနိုင်လုပြလိုက်ချင်သေးရဲ့ ..ဘယ်သူကိုယ့်လောက်ပျင်းမလဲပေါ့လေ။ သာမန်သူလိုကိုယ်လိုလူတွေမှာမရှိတဲ့ စွမ်းရည်တွေက ငပျင်းလေးတွေမှာ ကိန်းအောင်းလို့နေပါတယ်။အဲဒါတွေက ဘာတွေများဖြစ်မလဲဆိုရင်….

 

ဖြတ်ထိုးညဏ်ကောင်းတယ်

ဖြတ်ထိုးညဏ်ကတော့ ကောင်းမှဖြစ်မယ်လေ။နို့မဟုတ်ရင်ဘယ်ပျင်းလို့ရတော့မလဲ ဟုတ်တယ်မလား။ အထာကျကျပျင်းနိုင်ဖို့ဆိုရင် ပျင်းပျင်းနဲ့ထိုင်နေရင်းနဲ့ကို အခြေအနေတစ်ရပ်လုံးကိုကြောင်းကျိုးဆင်ခြင်ဝေဖန်ပိုင်းခြားပြီး လူအသက်သာဆုံးဖြစ်အောင်ဘယ်လိုလုပ်ရင်ရမလဲဆိုတာကိုအမြဲလိုလိုကြံဆနေရတော့မှာ။ အဲဒီလိုကြံဆနေလာရင်းနဲ့ နဂိုကသိပ်ပြီးညဏ်မပြေးသူတွေတောင် ကိုယ့်အတွက်ကိုယ်မထိခိုက်ပဲ အေးအေးလူလူစိတ်ချလက်ချပျင်းလို့ရအောင် ကြိုးစားရင်းဖြတ်ထိုးညဏ်တွေစူးရှထက်မြက်လာကြတော့တာပါပဲ။

 

အတွေးအခေါ်ရှိတယ်

ဟုတ်ပါတယ်။ပျင်းတယ်ဆိုတာအပြင်လူတွေကြည့်ရင်အလကားထိုင်နေသလိုလိုဘာလိုလိုဆိုပေမယ့် တကယ်တမ်းက ခေါင်းထဲမှာအတွေးပေါင်းမြောက်များစွာလှည့်ပတ်စီးဆင်းနေတာပါ။ သူ့ဘာသာဝင်လာပြီးပြန်ထွက်သွားတဲ့အတွေးတွေရှိမယ်။ ကိုယ်ကလိုလိုချင်ချင်ဖိတ်ခေါ်ထားတဲ့အတွေးတွေရှိမယ်။မမြင်ချင်လို့ပိတ်ထားရင်းနဲ့ကိုမှ အတင်းဝင်လာတဲ့အတွေးတွေကိုတိုက်ထုတ်နေရတာရှိမယ်။ အဲဒီလိုလှည့်ပတ်သွားလာနေတဲ့အရောင်စုံတဲ့အတွေးတွေကို ထိုင်ကြည့်နေရင်း ကိုယ့်အတွက်အသုံးဝင်နိုင်မယ့်အတွေးလေးတွေကိုမထင်မှတ်ပဲကောက်ယူသိမ်းဆည်းမိလိုက်တာတွေလည်းရှိတာပေါ့။ ပင်လယ်ကမ်းစပ်မှာ ခရုခွံကောက်ရင်းနဲ့ ပုလဲလုံးတို့ဘာတို့ကောက်ရလိုက်သလိုပဲလေ။ ထိုင်ပြီးပျင်းနေတဲ့သူလေးတွေမှာ အတွေးအခေါ်ကောင်းတွေရှိတတ်ပါတယ်။

 

တီထွင်ဖန်တီးမှုအားသန်တယ်

တစ်နေ့တစ်နေ့ပျင်းနေမိသူတွေက လုပ်နေရတဲ့အလုပ်ကိုစိတ်မပါပဲ အတွေးကမ္ဘာထဲကိုမကြာခဏအလည်အပတ်ရောက်လေ့ရှိသူတွေဖြစ်တာကြောင့် တွေးရင်းတောရင်းနဲ့ အသစ်အသစ်တွေကြံစည်စိတ်ကူးမိပြီး အဲဒီအကြံအစည်တွေကိုအကောင်အထည်ဖော်လိုက်တဲ့အခါ အခြားသူတွေရင်သပ်ရှု့မောရလောက်တဲ့အရာတွေကိုဖန်တီးနိုင်သူတွေလည်းဖြစ်ကြပါတယ်။ ကဗျာ၊စာပေလိုအရာတွေနဲ့အကျိုးပေးသူတွေပေါ့။ (တော်ကြာ ကဗျာဆရာတွေအုပ်စုလိုက်ဝိုင်းဆော်ပလော်တီးတာခံနေရဦးမယ်.. ကဗျာဆရာတိုင်း ပျင်းကြတယ်လို့မဆိုလိုပါဘူးနော်)

 

လူကဲခတ်တော်တယ်

ပျင်းတဲ့သူတွေက စကားပြောရမှာတောင်ပျင်းတယ်ဆိုပြီးငြိမ်နေတာအကောင်းမမှတ်ပါနဲ့နော်။ သူတို့က သူတို့ရဲ့လှုပ်ရှားမှုတွေကိုကန့်သတ်ထားလိုက်ခြင်းအားဖြင့် အခြားသူတွေရဲ့အပြုအမူတွေကို သတိပြုမိသလိုဖြစ်စေပြီး ဘယ်သူကတော့ဘယ်လိုဆိုတာအချိန်တိုအတွင်းအကဲခတ်နိုင်သူလေးတွေလည်းဖြစ်ကြပါတယ်။ဘယ်သူကတော့သူတို့ပျင်းနေတာကိုမကြိုက်ဘူးလဲဆိုတာကိုလည်းတစ်ချက်ကြည့်လိုက်ရုံနဲ့သိသလို ပျင်းတဲ့သူအချင်းချင်းဆိုရင်လည်း ဟန်တွေပန်တွေထားမနေပဲ သူတော်ချင်းချင်းသတင်းလွေ့လွေ့ဆိုသလို အင်မတန်ခင်မင်တတ်ကြသူလေးတွေပါ။

 

ဆုံးဖြတ်ချက်မှန်ကန်တာများတယ်

သူတို့အတွက်တော့ သူတို့ရဲ့ပျင်းမြဲအတိုင်းပျင်းနေချင်တဲ့ အင်နားရှားစွမ်းအင်ကိုကန့်လန့်ခံပြီး တစ်စုံတစ်ခုလုပ်ဖို့ဆုံးဖြတ်ရခြင်းဟာ တကယ့်ကို စွန့်စားမှုကြီးတစ်ရပ်ပါ။ဒါကြောင့် လူတွေကစွန့်စားမှုမလုပ်ခင်အခြေအနေအရပ်ရပ်ကိုသုံးသပ်ကြသလိုပဲသူတို့လည်း စွန့်စားမှုမပြုလုပ်ခင် အခြေအနေကိုထောင့်စေ့အောင်သုံးသပ်တတ်ကြပါတယ်။ မဟုတ်ရင်ပျင်းရတာဇိမ်ပျက်တာကိုး။ ဒီတော့ သူတို့ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တိုင်းဟာမှန်ကန်တာများသလို သူတို့က တစ်ခုခုကိုဆုံးဖြတ်ပြီးပြီဆိုရင်လည်း မမှိတ်မမသုန် တစ်ဆံခြည်မရွေ့အကောင်အထည်ဖော်တတ်ကြသူလေးတွေပါ။

 

ဒါတွေကတော့ ငပျင်းလေးတွေရဲ့ ထူးခြားတဲ့စွမ်းအင်လေးတွေကို ဖောက်သည်ချထားတာပါ။မပျင်းတဲ့သူတွေကတော့ နားလည်ဖို့ခက်မှာပေါ့လေ။ အဲ့လယ်… အထာကျကျဆက်ပျင်းကြမယ်။ ကိုယ့်လိုပဲ ပျင်းတဲ့သူလေးတွေရှိရင်လည်း Mention ခေါ်ပြီး ပြလိုက်ပါဦး။ပျင်းကြသူအချင်းချင်းရိုင်းပင်းကောင်းပါတယ်။

 

ပုံ

ပျင်းတဲ့အရာမှာ သရဖူဆောင်းပါတဲ့ ငပျင်းထိပ်ခေါင် Admin ချောချောလေး

 

Unicode Format

 














201 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.