လူတစ်ယောက်ကိုမေ့ပစ်ဖို့ အလွယ်ဆုံးနည်းတွေ

လူတိုင်းနီးပါးမှာ အကြောင်းအမျိုးမျိုးကြောင့် ဘဝထဲကနေအပြီးအပိုင်ထုတ်ပယ်လိုက်ရမယ့်လူမျိုးတွေရှိကြတာပါပဲ။ မမေ့ချင်ပေမယ့် မေ့လိုက်ရမယ့်လူမျိုးတွေပေါ့။ ကိုယ့်အတွက်ပဲဖြစ်ဖြစ် သူတို့အတွက်ပဲဖြစ်ဖြစ် တစ်စုံတစ်ရာကြောင့် ကိုယ့်ဘဝထဲမှာ expired date ကုန်သွားတဲ့လူမျိုးတွေပါ။ ဘာတွေကြောင့်ပဲဖြစ်ဖြစ် ရစ်ပတ်ပြီးသားသံယောဇဉ်ကြိုးတွေကို ကတ်ကြေးနဲ့ညှပ်သလိုညှပ်ချလိုက်ရမယ်ဆိုတဲ့အခါ သံယောဇဉ်ကြိုးတွေအများကြီးထုတ်လွှတ်ရစ်ပတ်ထားမိတဲ့လူကပိုနာကျင်ရတာပါပဲ။ ကြည်နူးစရာသဘာဝပတ်ဝန်းကျင်လေးက တစ်ခုခုကြောင့် ရုတ်ချည်းစစ်မြေပြင်အဖြစ်ပြောင်းလဲသွားတဲ့အခါလက်နက်မကိုင်ထားမိသူက သေတာပဲဆိုသလိုပေါ့။ ဒီတော့ဘဝထဲကနေ လူတစ်ယောက်ကို မနာမကျင်မေ့ပစ်လိုက်ဖို့ဆိုတာမဖြစ်နိုင်သလောက်ရှိပေမယ့် အထိအခိုက်အနည်းဆုံးနဲ့မေ့လိုက်နိုင်မယ့်နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

ကျိုးကြောင်းဆင်ခြင်စဉ်းစားပါ

ဒီလူကိုဘာလို့မေ့ပစ်ရမှာလဲ။မေ့ပစ်လိုက်တာထက် မမေ့ပစ်ပဲဒီအတိုင်း သူ့အလိုလိုမေ့သွားအောင်ထားတာက ပိုများခံစားရသက်သာမလား။မေ့လိုက်တာနဲ့မမေ့တာ ဘယ်ဟာက ပိုပြီးကိုယ့်အတွက်အဆင်ပြေလွယ်ကူမလဲဆိုတာကိုဆင်ခြင်ပါ။ ကိုယ်နဲ့အလုပ်တွဲလုပ်နေတဲ့သူ၊ကျောင်းအတူတူတက်နေတဲ့သူလိုမျိုးလူတွေကျတော့ ဘယ်လိုမှရှောင်ဖယ်လို့မရဘူးပဲမဟုတ်လား။ အဲဒီလိုအခြေအနေမှာတော့ သူတို့ကကိုယ်သိခဲ့တဲ့လူမဟုတ်တော့ဘူး။အခြားလူတစ်ယောက်အသစ်ဖြစ်သွားပြီဆိုတဲ့သဘောမျိုးနဲ့ဆက်ဆံလိုက်ပါ။ အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်စွာဆက်ဆံနိုင်တာကိုတွေ့ရပါလိမ့်မယ်။

 

ပြောင်းလဲတတ်တဲ့လူ့သဘောတရားကိုလက်ခံပါ

လူတစ်ယောက်ဟာကိုယ့်အတွက်ဘယ်လိုမှမကောင်းတော့ဘူး၊ကိုက်နေတဲ့သွားလိုပဲ သေချာပေါက်နှုတ်ပစ်ရတော့မယ်ဆိုတဲ့အခါ တရားကိုနှလုံးသွင်းလို့ရပါတယ်။ လူအပါအဝင်အရာရာဟာဖြစ်ပြီိးပျက်နေတာပဲ။ချစ်တယ်ဆိုတာတောင်ရှိသေးရင် မချစ်တော့ဘူးဆိုတာလည်းရှိမှာပဲလေ။ People change,feelings fade မဟုတ်လား။ ပြောင်းလဲတတ်တယ်သဘောတရားကိုလက်ခံနိုင်သွားရင် နာကျင်ခံစားရတာတွေလည်းသက်သာသွားမှာအမှန်ပါပဲ။

 

ပတ်ဝန်းကျင်အသစ်တွေဖန်တီးယူပါ

တတ်နိုင်ရင် ခရီးထွက်လိုက်တာပဲဖြစ်ဖြစ်၊မတတ်နိုင်ရင်တော့ သူနဲ့ပတ်သက်တာတွေကိုတတ်နိုင်သမျှရှောင်ဖယ်ပြီးနေတာပဲဖြစ်ဖြစ် ခံစားချက်တွေအနည်ထိုင်သွားတဲ့အထိပြုလုပ်သင့်ပါတယ်။ သူနဲ့ Social Media မှာရှောင်မရတဲ့အမှတ်တရတွေရှိနေတယ်ဆိုရင် Memories turn off လုပ်ထားတာပဲဖြစ်ဖြစ်၊သူနဲ့ပတ်သက်တဲ့သူတွေကို unfollow တွေ unfriend လုပ်လိုက်တာပဲဖြစ်ဖြစ်လုပ်နိုင်ပါတယ်။ လူတိုင်းကဒီလိုအဖြစ်မျိုးကြုံဖူးသူတွေပဲမို့ သင့်ကိုနားလည်ပေးကြမှာပါ။

 

ဝါသနာတစ်ခုခုကိုအချိန်ပေးပါ

တစ်စုံတစ်ယောက်ကိုမေ့ချင်တယ်ဆိုရင် ကိုယ့်စိတ်ကိုအနားမပေးမှဖြစ်ပါလိမ့်မယ်။မဟုတ်ရင်တော့ break မမိတဲ့စိတ်အလျဉ်တွေရဲ့ထုံးစံအတိုင်း တောင်စဉ်ရေမရလျှောက်တွေးရင်းနဲ့အဲဒီိလူအကြောင်းကိုရောက်သွားပြီး ခံစားချက်တွေကို ခလုတ်မောင်းဖြုတ်ပြီးသင့်ကိုခံစားရစေမှာပါပဲ။အဲဒီိအခါ သင်ကြိုးစားမေ့ဖျောက်ထားတာတွေကလည်းအသစ်ပြန်ဖြစ်ပြီိးအရာအားလုံးကသဲထဲရေသွန်ဖြစ်သွားတော့မှာပါ။ဒါကြောင့် သင့်စိတ်ကိုအနားမပေးပါနဲ့။ သင်ကြိုက်နှစ်သက်တာတွေတစ်ခုပြီးတစ်ခုလုပ်နေပါ။ ကြာလာရင် သူ့နာမည်ကိုတောင်သင်မေ့တေ့တေ့ဖြစ်သွားပါလိမ့်မယ်။

 

သူမပါတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုဖန်တီးပါ

ဥပမာ..သင်က မနက်တိုင်း သူနဲ့ ဆိုင်တစ်ဆိုင်မှာမနက်စာစားလေ့ရှိတယ်ဆိုပါတော့။အဲဒါဆို အဲဒီဘက်ကိုခြေဦးမလှည့်ပါနဲ့။မနက်ဘက်မှာလေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီးအိမ်မှာပဲမနက်စာစားလိုက်တာဖြစ်ဖြစ်လုပ်ပါ။မနက်တိုင်း ကျောင်းကိုသူနဲ့အတူလမ်းလျှောက်သွားလေ့ရှိတယ်ဆိုရင် အခြားလမ်းကသွားပါ။ အဲဒီိလိုသူမပါတဲ့၊သူနဲ့အတူမလုပ်ဆောင်ဖူးတဲ့ လုပ်ငန်းဆောင်တာတွေကိုဖန်တီးရင်းနဲ့ အတွေ့အကြုံအသစ်တွေ၊လူအသစ်တွေနဲ့တွေ့ပြီးသူ့ကိုမေ့ပျောက်သွားပါလိမ့်မယ်။

 

ဒါတွေကတော့ လူတစ်ယောက်ကိုမေ့ပစ်ဖို့ရာ ခက်ခက်ခဲခဲကြိုးစားနေစရာမလိုတဲ့အလွယ်ဆုံးနည်းလမ်းတွေပါ။ ကိုယ်မေ့ပစ်ရမယ့်လူနဲ့ ကိုယ့်ကြားမှာထားရှိတဲ့သံယောဇဉ်အတိမ်အနက်အလိုက် ဒီလောက်ကလေးကတောင် အလွန်ခက်ခဲကောင်းခက်ခဲနေနိုင်ပါတယ်။ဒါပေမယ့် ဘယ်တတ်နိုင်မလဲ.. အချို့သောသံယောဇဉ်ကြိုးတွေကဖြတ်ရမယ့်အချိန်တန်လာရင် ဖြတ်ကိုဖြတ်ပစ်ရမှာပဲလေ။

 

Unicode Format

 













0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.