သင့်လက်ဖဝါးပေါ်မှာ အင်္ဂလိပ်အက္ခရာ “M” သင်္ကေတပါရှိလား?

လက္ခဏာကြည့်တယ်ဆိုတာ လက်ဖဝါးကိုမြေပုံတစ်ခုလိုသဘောထားပြီး ဘဝအကြောင်းအစုံစုံကိုဖတ်ကြားရတဲ့ အတတ်ပညာမျိုးဖြစ်ပြီး တရုတ်နိုင်ငံရဲ့အမွေအနှစ်တစ်ခုဖြစ်တဲ့ ချင် (Ching)ဆိုတဲ့စာအုပ်ထဲမှာ ပထမဆုံးတွေ့မြင်သိကြားခဲ့ရတယ်လို့ဆိုနိုင်ပါတယ်။အတွေးအခေါ်ပညာရှင်ကြီး အရစ်စ်တိုတယ် (Aristotle) ဟာဆိုရင် လက္ခဏာဖတ်ရှု့ခြင်းရဲ့နောက်ကွယ်က အတတ်ပညာတွေကို အင်မတန်စိတ်ပါဝင်စားခဲ့ပြီး လက်ဖဝါးပေါ်ကအရာတွေက လူတစ်ယောက်ရဲ့အနာဂတ်ကိုပြောပြနိုင်ကြောင်းယုံကြည်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါကိုမယုံသူတွေရှိပေမယ့် ကမ္ဘာအနှံ့မှာ သက်ဝင်ယုံကြည်သူတွေကလည်းအများအပြားရှိနေဆဲပါပဲ။ ဒီလိုပဲ လက္ခဏာဖတ်ခြင်းအတတ်မှာလည်း ညဏ်ပညာ၊အတွေ့အကြုံနဲ့ပြည့်စုံပြီး ကျွမ်းကျင်တဲ့ဆရာသမားတွေရှိသလို စာအုပ်ဖတ်ပြီးအိယောင်ဝါးလုပ်ချတဲ့တတ်ယောင်ကားတွေကလည်းရှိပါလေရဲ့။ခုပြောပြမှာကတော့ လက်ဖဝါးပေါ်မှာ အင်္ဂလိပ်အက္ခရာ “M” ပါရှိသူတွေအကြောင်းတစေ့တစောင်းပဲဖြစ်ပါတယ်။

 

လက္ခဏာပညာကိုလုံးဝမသိသူတွေအတွက် ပြောရမယ်ဆိုရင်ဖြင့် အခြေခံသဘောတရားအရ လက်ဖဝါးပြင်မှာ ထင်ရှားတဲ့လမ်းကြောင်းကြီးလေးခုရှိပြီး အဲဒါတွေကတော့ .. အသက်လမ်းကြောင်း၊နှလုံးလမ်းကြောင်း (လက္ခဏာဆရာကပြောတယ်မေရယ်… နှလုံးလမ်းကြောင်းမှာကျွန်းခံနေတယ်..ဆိုတာဒါပေါ့)၊ ညဏ်လမ်းကြောင်းနဲ့ ကံလမ်းကြောင်းပဲဖြစ်ပါတယ်။ အဲဒီိလမ်းကြောင်းလေးခုထဲက ကံလမ်းကြောင်းကိုဖယ်ပြီး ကျန်တဲ့လမ်းကြောင်းသုံးခုကစပ်ဆက်သွားတဲ့အခါ လက်ဖဝါးပြင်ပေါ်မှာအင်္ဂလိပ်အက္ခရာ “M” ပုံသဏ္ဍာန်ပေါ်လာပါတယ်။ အဲဒီိပုံသဏ္ဍာန်ကလူတိုင်းမှာမရှိသလို ရှိတဲ့လူတွေဟာလည်း သာမန်လူတွေမဟုတ်ပဲ သူ့နည်းသူ့ဟန်နဲ့ထူးခြားသူတွေဖြစ်ကြတယ်လို့ လက္ခဏာကျမ်းအစောင်စောင်ကဆိုပါတယ်။

“M”ပုံသဏ္ဍာန်ကိုအကြောင်းပြုပြီိးအနာဂတ်ကိုမဖတ်ကြားခင် သင့်ရဲ့ဘယ်ဘက်လက်ဝါးပြင်မှာ ဒီပုံသဏ္ဍာန်ကပါရှိတာလဲဆိုတာအရင်သတိပြုရပါမယ်။ သင်ဟာမိန်းကလေးဖြစ်တယ်ဆိုရင် ကံကြမ္မာဖတ်ဖို့ ညာဘက်လက်ကိုအသုံးပြုရမှာဖြစ်ပြီး ယောက်ျားလေးဆိုရင်တော့ ဘယ်ဘက်ပါ။ ဒါကြောင့် သင့်ရဲ့ လိင်အမျိုးအစားအလိုက် “M” စာလုံးပါတဲ့လက်ကလည်းမှန်ကန်ဖို့လိုပါတယ်။ ယောက်ျားလေးဆိုဘယ်ဘက်မှာပါရမှာဖြစ်ပြီိး မိန်းကလေးဆိုညာဘက်မှာပါရပါမယ်။ အိုကေ မှန်ပြီဆိုရင် ဆက်ဖတ်လို့ရပါပြီ။

 

လက်ဝါးပြင်မှာ “M” ပုံသဏ္ဍာန်ပါဝင်သူတွေဟာ များသောအားဖြင့် ထူးခြားတဲ့လူတွေဖြစ်ကြပါတယ်။ မသိစိတ်ရဲ့လွှမ်းမိုးမှုကြီးမားပြီး သာမန်မဟုတ်ပဲ တစ်စုံတစ်ရာအတွက်မွေးဖွားလာသူတွေလို့အဆိုရှိပါတယ်။ သူတို့ဟာ ကောင်းမွန်တဲ့လူမှုဆက်ဆံရေးရှိကြပြီး စိန်ခေါ်မှုတွေကိုကြောက်ရွံ့လေ့မရှိပါဘူး။ စီးပွားရေးလုပ်ငန်းတွေနဲ့ပက်သက်ပြီး ဘုရားပေးတဲ့ ထူးချွန်မှုမျိုးရှိတတ်ကြပါတယ်။ ကိုယ့်အတွက်မှန်ကန်တဲ့နယ်ပယ်ကိုရှာဖွေရာမှာတော်တဲ့သူတွေဖြစ်သလို ရှာဖွေတွေ့ရှိပြီဆိုရင်လည်း အဲဒီ့နယ်ပယ်မှာသေချာပေါက်အောင်မြင်မယ့်သူတွေဖြစ်ကြပါတယ်။ (ကိုယ်ကလည်း ကြိုးစားပေါ့နော်၊ငယ်ငယ်ကဆရာတွေပြောသလို လက်သည်ကိုချည်းအားမကိုးနဲ့ပေါ့)

 

သူတို့ဟာ အပြင်မှာဘယ်လိုပဲ စည်းမဲ့ကမ်းမဲ့နေတတ်သူတွေဖြစ်ပါစေ လုပ်ငန်းခွင်နဲ့ပက်သက်လာရင်တော့ တစ်ဆံခြည်မရွေ့အောင်စည်းကမ်းလိုက်နာသူတွေ၊စည်းကမ်းတင်းကြပ်သူတွေဖြစ်ကြပြီိးအများက ချီးကျူးအားပေးရလောက်အောင် ကြိုးစားချင်စိတ်ရှိသူတွေလည်းဖြစ်ကြပါတယ်တဲ့။ ဒါပေမယ့် လက်ဖဝါးပြင်မှာ M ပါရှိသူတွေက ဘယ်တော့မှ မကောင်းတဲ့အလုပ်တွေနဲ့အကျိုးမပေးဘူးလို့ဆိုပါတယ်။ သူတို့ကိုယ်တိုင်ကိုက သစ္စာတရားကြီးမားပြီး အမှန်တရားကိုချစ်မြတ်နိုးသူတွေဖြစ်လို့ပါ။

 

နောက်တစ်ခုကတော့ လက်ဖဝါးပြင်မှာ M ပါသူတွေဟာ တစ်စုံတစ်ယောက်ကလိမ်လည်နေပြီဆိုရင် အလိုလိုသိတတ်ကြပါတယ်။ လိမ်တာကိုအလွန်မုန်းတီးတဲ့သူတွေဖြစ်လို့ပါ။ သေးသေးမွှားမွှားလေးအလိမ်ခံရရင်တောင် သစ္စာဖောက်ခံလိုက်ရသလိုခံစားမိတတ်ကြတာကြောင့် သူတို့နဲ့ပက်သက်မိရင်တော့ မလိမ်မိဖို့ကြိုးစားပါ။ နောက်ပြီးသူတို့ကအကြောက်အလန့်မရှိဘူးဆိုပေမယ့် ကမူးရှုးထိုးလုပ်မယ်လို့တော့မဆိုလိုပါဘူး။

 

အချစ်ရေးမှာဆိုရင် သူတို့ဟာ လူတစ်ဦးတစ်ယောက်ကို တွယ်ငြိပြီဆိုရင်လည်းတအားတွယ်ငြိပြီး မတွယ်ငြိဖို့ကြိုးစားစိတ်ပိုင်းဖြတ်လိုက်ပြီိဆိုရင်လည်း လုံးလုံးအေးစက်ငြိမ်သက်သွားပြီး အဲဒီိလူကိုဆုံးရှုံးလိုက်ရရင်လည်း ဂရုမစိုက်တော့မယ့်လူမျိုးပါ။ သူတို့အနေနဲ့တစ်စုံတစ်ယောက်အပေါ်သံယောဇဉ်မရှိဘူးဆိုရင် သူတို့စိတ်ကိုဘယ်သူမှမပြောင်းလဲနိုင်လောက်အောင်ခေါင်းမာသွေးအေးသူတွေလည်းဖြစ်ပါသေးတယ်။

 

သူတို့ကပတ်ဝန်းကျင်အသစ်လူအသစ်တွေကိုမနှစ်မြို့တတ်ကြပါဘူး။ဒါပေမယ့် အံ့သြစရာကောင်းလောက်အောင်နေရာအသစ်တွေမှာ လိုက်လျောညီထွေနေထိုင်နိုင်စွမ်းရှိကြပါတယ်။စိတ်ထဲမှာဘာပဲဖြစ်နေနေ အပြင်မှာတော့ လူတွေနဲ့လိုက်လိုက်လျောလျောနေတတ်ကြပြီးအဲဒီလိုနေတာကလည်း သူတို့ရဲ့အတွင်းစိတ်ကိုအနည်းနဲ့အများထိခိုက်စေတာဖြစ်လို့ တစ်ယောက်တည်းဖြစ်သွားမှ ဆတိုးပြီးဝမ်းနည်းအထီးကျန်တတ်သူတွေဆိုရင်လည်းမမှားပါဘူး။

 

လက်ဖဝါးပေါ်မှာ M အက္ခရာပါတာက အကောင်းချည်းပဲတော့မဟုတ်ပါဘူး။သူတို့ရဲ့နဂိုဗီဇနဲ့ကံကြမ္မာက သူတို့အနားကို အခွင့်အရေးသမားတွေ၊လိမ်ညာလှည့်ဖျားတတ်သူတွေနဲ့ကြုံဆုံရအောင် ဖန်တီးပေးတတ်ပါတယ်။ ဒါပေမယ့် သူတို့က ဘယ်သူကတော့ လိမ်ညာသူ၊ဘယ်သူကတော့လူကောင်းဆိုတာ များသောအားဖြင့်မြန်မြန်ဆန်ဆန်ခွဲခြားနိုင်ကြပါတယ်။

 

အခုပြောပြသွားတာတွေကတော့ လက်ဖဝါးပေါ်မှာ M အက္ခရာပါသူတွေအတွက်အကြောင်းအရာအစုံအလင်ဖြစ်ပါတယ်။လက်ဖဝါးပေါ်မှာ M ပါတဲ့သင့်သူငယ်ချင်းတွေရှိရင်လည်း Mention ခေါ်ပြီိး မှန်ရဲ့လားလို့မေးကြည့်လိုက်ပါဦိး။

Source – MagicHoroscope

Unicode Format

 











Source – MagicHoroscope

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.