ယဉ်ကျေးသိမ်မွေ့ တဲ့လူဆိုတာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေကို လိုက်နာထိန်းသိမ်းတဲ့သူတွေလို့  သမုတ်လေ့ရှိကြပါတယ်။ ဒီလိုပဲ လူမှုအသိုင်းအ၀ိုင်းထဲမှာ ၀င်ဆံ့နေရာရဖို့ ဘာကိုမဆိုစွန့် စားပြီး လုပ်လိုက်မယ်ဆိုတဲ့ သူတွေကလည်း ယဉ်ကျေးမှုတွေကိုလွန်ဆန်ချင်တဲ့စိတ်ရှိကောင်းရှိလိမ့်မယ်၊ သို့ သော်ငြားလည်း သူတို့ ကိုယ်တိုင်ရဲ့ ဖြစ်တည်မှု၊ ရပ်တည်မှုတွေကို ဖော်ထုတ်ပြသရဲတဲ့ စိတ်ဓာတ်လေးကို လေးစားမိပါတယ်။ ဒါပေမယ့် ရှေးရိုးစွဲအယူအဆတွေ၊ ပုံစံခွက်(stereotype) စက်ဝန်းထဲက လွတ်မထွက်လာသေးရင်တော့ အတော်ရင်လေးစရာပါပဲ။ ခေတ်အဆက်ဆက်အသုံးပြုလာတဲ့ စကားပုံတွေဟာ အနှစ်သာရဝေါ်ဟာရတွေကြွယ်ဝနေပေမယ့် အချို့ အချိ့ လေးတွေမှာ သွယ်ဝိုက်တဲ့နည်းနဲ့ အကြမ်းဖက်မှုတွေ ပါဝင်နေတတ်တာကို သတိမထားမိကြတာပဲလား၊ သိသိလျက်နဲ့  ဒီလိုစကားပုံတွေသုံးပြီး အကြမ်းဖက်တဲ့သူတွေနေရာမှာ ကိုယ်ကိုယ်တိုင်ကနေရာယူထားရတာကို ဂုဏ်ယူနေကြသလား ဆိုတာကလည်း မေးခွန်းထုတ်စရာတွေဖြစ်လာပါပြီ။
ရှေးယခင်ကတည်းက ရှိရင်းစွဲပေမယ့် မလိုအပ်တော့တဲ့ အယူအဆတွေကို ရိုးမြေကျကိုင်တွယ်ကျင့်သုံးနေမယ်ဆိုရင် အခုလို တိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ အဟန့် အတားတွေ၊ အပိတ်အဆို့ တွေဖြစ်လာနိုင်စေရုံမကပဲ မျိုးဆက်တစ်ခုနဲ့ တစ်ခုကြားမှာလည်း သဘောထားကွဲလွဲကွာဟမှုတွေဖြစ်လာနိုင်စေပါတယ်။ ငယ်စဉ်ကာလမှာကတည်းက ရိုက်သွင်းခံလာခဲ့ရတဲ့ ပုံစံခွက်သဏ္ဍာန်ကြီးကိုလည်း ဘယ်သူတွေရိုက်ချိုးဖျက်ဆီးပစ်နိုင်မလဲ။ လက်ဆင့်ကမ်းသယ်ဆောင်လာသူတွေကိုယ်တိုင်က ပုံစံခွက်စက်ဝန်းထဲကလွတ်မြောက်နိုင်ခဲ့မယ်ဆိုရင် နောက်လာမယ့် မျိုးဆက်သစ်လူငယ်တွေကလည်း အမြင်တွေပွင့်ပြီး အတွေးအသစ်အသစ်တို့ နဲ့  ကမ္ဘာကြီးအတွက် တီထွင်ကြံဆဖန်တီးမှုဆန်းဆန်းလေးတွေနဲ့  ကောင်းကျိုးတွေသယ်ပိုးနိုင်မှာဖြစ်ပါတယ်။