ခေါင်းမှန်မှန်လျှော်ရမှာပျင်းသူတွေ သေချာပေါက်သိသင့်တဲ့အချက်တွေ

လူတွေကဘဝမှာ ရုန်းကန်လှုပ်ရှားနေကြရသူတွေချည်းပဲမဟုတ်လား။တစ်နေ့တစ်နေ့ အလုပ်ချိန်မီအောင်၊ကျောင်းချိန်မီအောင် ပြေးလွှားနေရတာနဲ့ ကိုယ်ကိုယ်တိုင်နဲ့အဆက်အသွယ်ပြတ်မှန်းမသိပြတ်နေသူတွေကများသားလား။အဲဒီလိုအဆက်အသွယ်ပြတ်တယ်ဆိုရာမှာလည်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါအဆက်အသွယ်ပြတ်ရတဲ့ရက်တွေရှိပါတယ်။ ရုံးချိန်မမီမှာစိုးလို့ မှန်တောင်မကြည့်နိုင်ပဲကမန်းကတန်းပြေးရတဲ့အခါ ကိုယ့်တစ်ကိုယ်ရည်လိုအပ်ချက်တွေကိုမဖြည့်ဆည်းနိုင်ခဲ့တဲ့ရက်တွေလည်းလူတိုင်းကြုံဖူးကြမှာပါပဲ။ဒါပေမယ့် ဒီလိုဆိုပြီး ကိုယ့်အတွက်ကိုယ်ပြုလုပ်ရမယ့်အရာတွေကိုလျစ်လျူရှု့တာကတော့ ကောင်းတဲ့အရာမဟုတ်ပါဘူး။ ခေါင်းလျှော်တာလို တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်တာမျိုးလိုပေါ့။ ဒါကြောင့်ခေါင်းလျှော်ရတာပျင်းသူတွေအတွက် ခေါင်းမှန်မှန်မလျှော်တဲ့အခါ ဘာတွေဖြစ်တတ်သလဲဆိုတာ ဗဟုသုတရအောင်ဖော်ပြပေးလိုက်ရပါတယ်။ တစ်ခါတစ်ရံအတွေ့အကြုံနဲ့အရင်းမပြုရတဲ့ အသိပညာတွေကလည်း နှစ်လိုဖွယ်ရာပဲမဟုတ်လား။

 

သင့်ဦးရေပြားဟာ ဖုန်တွေအညစ်အကြေးတွေနဲ့ပြည့်နှက်လာမယ်

ဟုတ်ပါတယ်။ ဒါကတော့ ဟုတ်ပါ့ဟုတ်ပါ့မလားဆိုပြီးအထူးတလည်စဉ်းစားနေစရာမလိုတဲ့ အချက်ပါပဲ။ ခေါင်းမလျှော်တာတစ်ပတ်လောက်ကြာရင်တောင် ဦးရေပြားတွေဆံသားတွေကစီးကပ်ပြီး မနှစ်မြို့ဖွယ်ရာကြီးဖြစ်လာတတ်တာကိုယ်တွေ့ပဲမဟုတ်လား။တစ်လလောက်သာခေါင်းမလျှော်မိရင်တော့ ဘယ်လိုဖြစ်မလဲတွေးသာာကြည့်ပေတော့။ နောက်ပြီးနေ့စဉ်အပြင်လောကက ကားမီးခိုးငွေ့တွေ လေနဲ့အတူရောပါလာတဲ့ဖုန်တွေဟာလည်း ဆံပင်ကနေတစ်ဆင့်ဦးရေပြားမှာကပ်ငြိနေတတ်ပါတယ်။ ဒါကြောင့် အနည်းဆုံးတစ်ပတ်တစ်ခါလောက်တော့ ပုံမှန်ခေါင်းလျှော်ဖို့လိုအပ်တာပါ။

 

ဦးရေပြားအသက်ရှုကြပ်လာမယ်

အသက်ရှုကြပ်လာမယ်ဆိုတာထက် အသက်ရှုလို့ကိုမရတော့တဲ့အဆင့်အထိလည်းရောက်သွားနိုင်ပါတယ်။အရေပြားတိုင်းဟာအသက်ရှုဖို့လိုအပ်ပါတယ်၊ဦးရေပြားဟာလည်းအလားတူပါပဲ။ ဦးရေပြားဟာဆံပင်တွေကိုမခြောက်သွေ့အောင်နဲ့ကျန်းမာသန်စွမ်းအောင် အဆီတွေထုတ်လွှတ်လေ့ရှိပါတယ်။ခေါင်းမလျှော်တာကြာရင် ပြင်ပကဖုန်တွေအညစ်အကြေးတွေနဲ့ဦးရေပြားကထုတ်တဲ့အဆီတွေရောထွေးသွားပြီးဆံပင်အရင်ကမွှေးညင်းပေါက်လေးတွေကိုပိတ်ဆို့လာစေတာကြောင့် ဦးရေပြားအတွက်အသက်ရှုရတာဟာ ပင်ပန်းဆင်းရဲတဲ့ဒုက္ခကြီးတစ်ခုအဖြစ်အသွင်ပြောင်းသွားပါလိမ့်မယ်။ အဲဒီအခါ ဦးရေပြားမှာအနာတွေ၊အပူတွေ၊ဝက်ခြံတွေနဲ့အခြားသောအရေပြားပြဿနာတွေအများကြီိးပေါ်ပေါက်လာမှာမယုံမရှိပါနဲ့။

 

ဆံပင်အရှည်နှေးသွားမယ်၊ဆံပင်ကျွတ်လာမယ်

နာမည်ကြီးဆံသားပညာရှင်တစ်ဦးပြောခဲ့ဖူးတဲ့စကားရှိပါတယ်။ လူတွေကဆံပင်ကိုပဲ သ နေကြတယ်၊ဂရုစိုက်နေကြတယ်၊ဆံပင်ဟာ ဦးရေပြားထဲကထွက်လာတယ်ဆိုတာကိုတော့များသောအားဖြင့်မေ့နေကြတယ်တဲ့။ စပါးနှံလေးတွေကိုပြည့်ဝတဲ့ကောင်းမွန်တဲ့စပါးအဖြစ်ရချင်ရင် သူတို့ကိုစိုက်ပျိုးရာမြေကိုကောင်းမွန်ကျင်လည်စွာထွန်ယက်ရတယ်ဆိုသလိုပေါ့။ ကျန်းမာသန်စွမ်းတဲ့ဆံသားတွေပိုင်ဆိုင်ချင်ရင် သူတို့ထွက်ရှိလာရာနယ်မြေဖြစ်တဲ့ ဦးရေပြားကိုလည်းဂရုစိုက်ပေးဖို့လိုပါမယ်။ ဒီလိုမဟုတ်ပဲခေါင်းမှန်မှန်မလျှော်ပဲပစ်ထားလို့ ဦးရေပြားမှာ ချေးညှော်တွေပိတ်ဆို့နေရင်တော့ ပျက်စီးနေတဲ့မြေဆီိမြေသားတွေထဲကဘယ်လိုမှ ကောင်းမွန်တဲ့သီးနှံတွေထွက်မလာနိုင်သလိုပါပဲ.. ဦးရေပြားကိုမသန့်စင်ပေးပဲနဲ့ဘယ်လိုမှ ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်တွေကိုမမျှော်လင့်ပါနဲ့။

 

ဆံပင်အရောင်ကြာကြာခံမယ်

သင်ကဆံပင်အရောင်ဆိုးထားတဲ့သူဆိုရင်တော့ ခေါင်းမှန်မှန်မလျှော်ခြင်းဟာသင့်ကိုရှားပါးတဲ့ကောင်းကျိုးတစ်ခုတစ်လေတော့ပေးပါလိမ့်မယ်။အဲဒါကတော့ ဆံပင်အရောင်ကြာကြာခံခြင်းပါပဲ။ဒါကတော့ ရှင်းပါတယ်။ခေါင်းတစ်ခါလျှော်တိုင်းဆံသားအရောင်တွေကတစ်နည်းမဟုတ်တစ်နည်းအနည်းငယ်မဆိုစလောက်ကလေးတော့ပြောင်းလဲသွားကြတယ်ဆိုတာ ဆံပင်ဆိုးဖူးသူတွေဆိုရင်သတိထားမိကြမှာပါ။ ဒါပေမယ့် ခေါင်းမလျှော်တာကြောင့်သင့်ဆံသားက တလက်လက်တောက်ပအိစက်နေတဲ့အရောင်မျိုးရမှာမဟုတ်ပဲ ကြမ်းတမ်းဖွာထွက်နေတဲ့အရောင်မျိုးပဲရမှာဖြစ်ပါတယ်။

 

ဆံပင်ထိန်းသိမ်းရေးပစ္စည်းတွေအာနိသင်လျော့ကျလာမယ်

အချို့တွေကရှိပါတယ်။ ခေါင်းလျှော်ဖို့ပျင်းတယ်ဆိုပြီး ဆံပင်လည်းအနံ့မထွက်၊အလှမပျက်အောင်ဆံပင်ထိန်းသိမ်းရေးပစ္စည်းတွေ Hair coat,setting spray တွေအသားကုန်သုံးတာမျိုး။မျက်နှာမှာဆိုရင်လည်း ရှိနေတဲ့အမည်းစက်တွေ အဆီဖုတွေကိုပျောက်အောင်လုပ်ဖို့မကြိုးစားပဲ အပေါ်ကနေမိတ်ကပ်တွေလေးငါးလွှာလောက်ဖို့ပစ်လိုက်ပြီး ရလာတဲ့ Flawless look ကို သာယာနေတာမျိုး။တကယ်က ပြဿနာရဲ့ဇစ်မြစ်ကိုရှာပြီးရှင်းရမှာပါ။ ပြဿနာကိုဖုံးဖိထားရုံနဲ့အဲဒီပြဿနာကသူ့အလိုလိုပြေလည်သွားမှာမဟုတ်ပါဘူး။ဒီမှာလည်းအဲ့လိုပါပဲ။ ဦးရေပြားကိုသန့်ရှင်းအောင်မထားပဲအပေါ်ယံကြည့်ကောင်းရုံပဲလုပ်နေတာဟာရေရှည်မှာအလုပ်ဖြစ်မှာမဟုတ်တဲ့အပြင် အသုံးပြုတဲ့ပစ္စည်းတွေရဲ့အာနိသင်ကိုလည်း ကျဆင်းစေတာမို့ ပိုက်ဆံတွေကိုလွှင့်ပစ်နေသလိုပဲဖြစ်စေမှာပါ။

 

ခုပြောပြသွားတာတွေကတော့ခေါင်းမှန်မှန်မလျှော်ချင်သူလေးတွေသိထားသင့်တဲ့ ခေါင်းမှန်မှန်မလျှော်ခြင်းရဲ့ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ ခေါင်းလျှော်တယ်ဆိုတာမခက်ပါဘူး။ အိမ်မှာလျှော်ရမှာပျင်းလည်းဆိုင်မှာသွားလျှော်ခိုင်းလို့ရသလို Dry Shampoo လိုအရာမျိုးတွေလည်းပေါ်နေပြီိဆိုတော့ ရံဖန်ရံခါပျင်းတဲ့အချိန်တွေမှာအသုံးပြုဖို့ Dry Shampoo တစ်ဘူးလောက်ဝယ်ထားတာကလည်းမမှားပါဘူး။ ကျန်းမာလှပတဲ့ဆံသားတွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ။

 

Unicode Format













445 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.