အဖေများနေ့မှာ အဖေ့ကို Heart ထိသွားစေမယ့် လက်ဆောင်

အဖေများနေ့ကလည်း နီးလာပါပြီ။နီးလာပြီိဆိုတော့မဝေးတော့ဘူးဆိုပါတော့။အဲ.. ရက်အတိအကျတော့မသိဘူးမဟုတ်လား။ Jun 17 ရက်နေ့ပါနော်။(အိုင်တောင် ဒီစာရေးခါနီးလေးမှ Google ခေါက်ထားတာပါ၊အထင်မကြီးပါနဲ့ 😛 ) ဒီစာကိုရေးရခြင်းအကြောင်းကတော့ အဖေများနေ့မှာအဖေ့ကိုဘာလက်ဆောင်ပေးရင်ကောင်းမလဲဆိုတာ ခေါင်းတွေပူအောင်စဉ်းစားတွေးတောကြံဆနေသူများအတွက်ပါ။(တကယ်တော့ ဘယ်သူမှအဲ့လောက်မတွေးပါဘူး၊အဖေများနေ့တောင် ဒီစာဖတ်မှသိပြီး အဖေ့ကိုရိုးတိုးရိပ်တိတ်ကလေးသတိရသွားတာမှန်းသိပါတယ်၊မရှက်ပါနဲ့) ဘယ်လိုပဲဖြစ်နေပါစေ အခုအဖေများနေ့ဟာ လာမယ့် တနင်္ဂနွေ (ယူတို့ဒီစာဖတ်နေချိန်ဆို မနက်ဖြန်ပေါ့) ဖြစ်မှန်းသိသွားပြီဆိုလေတော့ အဖေသက်ရှိထင်ရှားရှိနေသေးရင် အဖေ့ကို အမှတ်တရလက်ဆောင်တစ်ခုခုပေးဖို့သင့်ပါတယ်။ကိုယ်ကတစ်သက်လုံးအဖေကျွေးတာတွေချည်းပဲစားသောက်ယူငင်ဝတ်ဆင်ပြီး မိဘဆီကချည်း ဂုန်းဆင်းလာတာမဟုတ်လား။တစ်နှစ်တစ်ခါလောက်တော့အဖေ့အတွက် မဆိုစလောက်ကလေး ငွေကုန်ကြေးကျခံပြီိး လက်ဆောင်လေးတွေပေးသင့်တာပေါ့။

အဖေသက်ရှိထင်ရှားမရှိတော့ဘူးဆိုရင်လည်း ဝမ်းမနည်းပါနဲ့၊သံသရာခရီးရှည်ကြီးကိုထွက်သွားတဲ့အဖေ့အတွက် ကိုယ်ကဒီကနေ အလှူတစ်ခုခုလုပ်ပြီး အဖေ့ကိုအမျှဝေခြင်းနဲ့ အဖေ့ရဲ့သံသရာခရီးရှည်လွယ်အိတ်ကြီိးထဲကို ကုသိုလ်ရိက္ခာထုပ်လေးတွေထည့်ပေးလိုက်နိုင်ပါတယ်။

အဖေ့ကိုဘာလက်ဆောင်ပေးရင်ကောင်းမလဲဆိုတော့စဉ်းစားရခက်ပြီပေါ့။ဟုတ်တယ်လေ အဖေကသာ ငါ့သားလေး၊သမီးလေး ဘာကြိုက်တတ်တယ်ဟဲ့ဆိုပြီး တစ်သက်လုံးဖြည့်ဆည်းလာတာ ကိုယ်က အဖေမနက်စာဘာနဲ့စားလိုက်လဲတောင်မမေးဖြစ်တဲ့နေ့တွေကခပ်များများရယ်။ဒီိတော့ အဖေဘာကြိုက်သလဲဆိုတာ ခပ်ရေးရေးတောင်မသိတဲ့အဖြစ်။အဖေဘာကြိုက်တတ်လဲဟင်ဆိုပြီး အမေ့ကိုကပ်မေးဖို့မိခင်လုပ်တဲ့လူသက်ရှိထင်ရှားရှိသေးရင်တော်သေး(နင့်အဖေကြိုက်တာငါ့ကိုပေါ့လို့ဖြေနေဦးမယ် 😛 ) အဲ..အမေကလည်း ဘဝတစ်ပါးကိုပြောင်းရွှေ့သွားပြီဆိုရင် တိုင်ပတ်ပြီ။နိဒါန်းလည်းတော်တော်ရှည်သွားပြီဆိုတော့ကာ…အဖေများနေ့အတွက်စဉ်းစားရလွယ်အောင် Father’s Day Gift Ideas လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

 

အဖေ့အတွက် လက်ကိုင်အိတ်

တစ်မျိုးတော့တစ်မျိုးပဲ လက်ကိုင်အိတ်တွေဘာတွေဆိုတာက အမေတွေသာ ဟယ် Kate Spade လေး Michael Kors လေးဆိုပြီးအမြတ်တနိုးဖြစ်တတ်ကြတာ၊အဖေတွေက လက်ကိုင်အိတ်တွေဘာတွေအဲ့လောက်အာရုံလာတာမဟုတ်ဘူး၊ထည့်လို့ရပြီးရောမဟုတ်လား။ဒီတော့ အဖေက နေ့စဉ်ရုံးသွားနေတဲ့သူဖြစ်ရင် အဖေရဲ့ရုံးသွားတဲ့အိတ်လေးကအနားတွေပွန်းနေပြီလား မဆံ့မပြဲဖြစ်နေလား တစေ့တစောင်းကြည့်ပြီး အဖေ့အတွက် အသုံးဝင်စေမယ့် လက်ကိုင်အိတ်ကောင်းကောင်းလေးတစ်လုံးလောက်ဝယ်ပေးသင့်ပါတယ်။

 

ဖုန်းနဲ့ပက်သက်တဲ့ အသုံးအဆောင်တွေ

အဖေကခေတ်မီသူဆိုရင် ဒီနေ့ခေတ် Electronics ပစ္စည်းတွေနဲ့လည်းရင်းနှီးမှာပါပဲ။ဆိုတော့.. အဖေ့အတွက် အဖေ့ဖုန်းလေးအရမ်းဟန်းနေပြီဆိုရင် တတ်နိုင်ရင် လဲပေးလိုက်တာပဲဖြစ်ဖြစ်၊ဒါမှမဟုတ် အဖေ့ဖုန်းလေးနဲ့တွဲပြီိးအသုံးပြုလို့ရမယ့် Charger, USB stick,Power Bank စသဖြင့် ငွေကုန်ကြေးကျလည်းသိပ်မများပဲအမှန်တကယ်လည်းအသုံးဝင်စေမယ့် ပစ္စည်းလေးဝယ်ပေးတာဟာ မမှားပါဘူး။

 

အနုပညာနှင့်သက်ဆိုင်သော

ဒီလိုခေါင်းစဉ်တပ်ရတာက အနုပညာနဲ့သက်ဆိုင်တာတွေအကုန်လုံးမို့ပါ။အဖေက စာအုပ်ဖတ်ရတာနှစ်သက်သူလား၊ခေတ်ဟောင်းသီချင်းလေးတွေရေချိုးရင်းနဲ့ညည်းနေတတ်လား၊လေးဖြူုတို့အငဲတို့ရဲ့ Fan လား၊ဒါမှမဟုတ် ရုပ်ရှင်ကားကောင်းတွေအသည်းစွဲကြိုက်သူလား၊မင်းသမီးတစ်ဦးဦးကိုနှစ်သက်သူလား။အဖေ့ရဲ့အကြိုက်အပေါ်မူတည်ပြီးအဖေနှစ်သက်တဲ့ သီချင်းခွေတစ်ခွေ(Original တော့ဖြစ်ပါစေပေါ့နော်)၊ရှာရခက်ခဲနေပြီဖြစ်တဲ့ရှားပါးစာအုပ်တစ်အုပ် (copy ဖြစ်လည်းရပါတယ်)၊အဖေ့ကိုရုပ်ရှင်လိုက်ပြတာ၊ရုပ်ရှင်ကားအဟောင်းအကောင်းလေးတွေအခွေကူးလာခဲ့ပေးတာ၊ဒါမှမဟုတ်အဖေက ပန်းပင်စိုက်ရတာဝါသနာပါသူဆိုရင် ပန်းမျိုးစိတ်အသစ်ကလေးတွေဝယ်ခဲ့ပေးတာပဲဖြစ်ဖြစ်ပေါ့၊တစ်ခုခုပြုလုပ်လို့ရပါတယ်။

 

အသုံးအဆောင်

စောစောကအိတ်လိုပါပဲ။အဖေ့မှာရှိတဲ့ ခေတ်ဟောင်းနေတဲ့၊အိုမင်းနေတဲ့အသုံးအဆောင်တစ်ခုခုကိုသတိထားမိရင် အဲဒီနေရာမှာအသစ်တစ်ခုနဲ့အစားထိုးလက်ဆောင်ပေးလို့ရပါတယ်။ ရှပ်အဖြူတွေပဲဝတ်တတ်တဲ့အဖေ့ကို ဟာဝေယံ (Hawaiian) ရှပ်တစ်ထည်လောက်လက်ဆောင်ပေးပြီး အဖေကအရမ်းမိုက်သွားပြီကွာ ဒီခေတ်ကောင်လေးတွေတောင်အဖေ့လောက်မမိုက်ဘူးလို့ပြောရင်အဖေက တပြုံးပြုံးနဲ့သဘောကျနေမှာပါပဲ။

 

အမှတ်တရ

အဖေနဲ့အတူရိုက်ထားတဲ့ဓာတ်ပုံတွေရှိလား၊မိသားစုပုံတွေရှိလား၊အဖေ့တစ်ယောက်တည်း snap တွေရှိလား (မရှိလည်းအခုပဲရိုက်လိုက်ပါ) ရှိရင်အဲဒါလေးတွေကို Filter ကောင်းကောင်းနဲ့ပြင် မှန်ဘောင်ခတ်ပြီိး အဖေ့ကိုလက်ဆောင်ပေးလိုက်မယ်ဆိုရင်ဖြင့် အဖေကတော့ သူကိုယ်တိုင်အိမ်နံရံမှာတက်ချိတ်ပြီိး ကြည့်လို့မဆုံးတပြုံးပြုံးဖြစ်နေမှာမယုံမရှိပါနဲ့။ကိုယ်တွေ့ပါနော်၊တစ်ခါက ကိုယ့်အဖေကိုအဲဒါမျိုးလက်ဆောင်ပေးလိုက်တာ၊အဲဒီိတုန်းကတော့ Filter တွေမပေါ်သေးတဲ့အခါကျတော့ အဖြူအမည်းပေါ့ အဖေနဲ့အမေ ငယ်ငယ်လေးတွေ စမ်းချောင်းလေးကိုနောက်ခံထားပြီးရယ်လို့မောလို့..။အဲဒီပုံလေးကိုအဖေဟာ သူကိုယ်တိုင်အိမ်နံရံပေါ်တက်ချိတ်ပြီး ထမင်းစားရင်တောင်အဲဒါလေးရှေ့မှာ ထမင်းပန်းကန်ကြီးကိုင်ပြီး မတ်တပ်ရပ်ပြီးစားတဲ့အထိပဲ။

ခုပြောပြသွားတာလေးတွေက အဖေ့ကိုဘာလက်ဆောင်ပေးရင်ကောင်းမလဲလို့စဉ်းစားရာမှာ မီိးအိမ်တစ်ခုအဖြစ်၊အလင်းတစ်ပွင့်အဖြစ် ကူညီလင်းချင်းပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ အဖေဆိုတာကတော့ ကိုယ့်သားသမီးကပေးတာ ဘာဖြစ်ဖြစ် ကြည်နူးမှာပါပဲ။ (အဖေရေ..အဖေ့အတွက်အဖေများနေ့မှာ surprise လက်ဆောင် သားမိန်းမခိုးလာတယ်တော့မလုပ်နဲ့ပေါ့နော် 😛 စတာပါ) နောက်ပြီးတန်ဖိုးကြီိးတဲ့လက်ဆောင်တွေမပေးနိုင်လည်းစိတ်မညစ်ပါနဲ့။မိဘတွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်ဆိုတာ ကိုယ့်သားသမီးကကိုယ့်အပေါ်သိတတ်တာနဲ့ကိုယ့်အနားရှိနေပေးတာပါပဲ။ဒါကြောင့် အဖေများနေ့မှာ ဈေးကြီးတဲ့လက်ဆောင်ပေးနိုင်သည်ဖြစ်စေ မပေးနိုင်သည်ဖြစ်စေ အဖေနဲ့အတူတူရှိနေပေးဖို့တော့မမေ့ပါနဲ့လို့တိုက်တွန်းရင်း…။

 

Unicode Format














75 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.