ပွေ့ဖက်ချော့မြှူတတ်ခြင်းရဲ့ကောင်းကျိုးတွေ

ပွေ့ဖက်တယ်ဆိုတာ ကောင်းတဲ့အရာပါ။ကိုယ်ချစ်တဲ့ခင်တဲ့သူတွေနဲ့မကြာခဏပွေ့ဖက်ပေးသင့်ပါတယ်။ချစ်သူအချင်းချင်းမကြာခဏပွေ့ဖက်ပေးရင်လည်း ချစ်ခြင်းတွေတည်မြဲစေတယ်လို့ စိတ်ပညာရှင်တွေရဲ့လေ့လာချက်စာတမ်းတွေကဆိုပါတယ်။အဲ… မသိတဲ့ကောင်မလေးကိုတော့သွားမဖက်နဲ့ပေါ့နော်.. ပြဿနာတက်သွားမယ် 😛 ကိုယ့်အဖေတွေအမေတွေမိသားစုဝင်တွေကိုပွေ့ဖက်ပေးခြင်းကလည်းအားပေးခြင်းတစ်မျိုးပါပဲတဲ့။ ပွေ့ဖက်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာခံစားရတဲ့ကောင်းကျိုးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

ပိုပြီးပျော်ရွှင်လာမယ်

အသေအချာပါပဲ။ကိုယ်ချစ်တဲ့သူကပွေ့ဖက်တာခံရရင်ပေါ့နော်။ ကိုယ်တို့ရဲ့ခံစားမှုအပြောင်းအလဲတွေကိုတာဝန်ယူထားရတဲ့ ဟော်မုန်းကတော့ oxytocin လို့ခေါ်တဲ့ဟော်မုန်းပါ။ သူ့ကိုအချစ်ဟော်မုန်းလို့လည်းခေါ်ကြပါတယ်။အကြောင်းကတော့ သူကလူတစ်ယောက်နဲ့တစ်ယောက်မိုးမမြင်လေမမြင်ချစ်နေကြချိန်တွေမှာထွက်ပေါ်နေတတ်တဲ့ ဟော်မုန်းဖြစ်လို့ပါပဲ။(မိုးမမြင်လေမမြင်ဆိုတာ အရူးအမူးကိုပြောတာပါနော်။လျှောက်မတွေးသင့်ပါ) Oxytocin ထွက်လာချိန်ဆိုလူကအလိုလိုနေလို့ကောင်းပြီးပျော်ရွှင်နေတတ်ပါတယ်။Oxytocin ကို စက္ကန့််နှစ်ဆယ်စာလောက်ပွေ့ဖက်ခြင်းနဲ့အလွယ်တကူ လှုံ့ဆော်နိုင်ပါတယ်တဲ့။ဒါကြောင့်မတော်တဆပွေ့ဖက်မိသွားပြီးချစ်မိသွားကြတယ်ဆိုတာအဲ့ဒါနေမှာ။

 

ကိုယ်ခံစွမ်းအားကောင်းလာတယ်

ဖက်တာက ကိုယ်ခံအားနဲ့ဘာဆိုင်လို့လဲပေါ့။သိပ်ပြီးနက်နဲခက်ခဲစွာမတွေးကြပါနဲ့။လူတစ်ဦးနဲ့တစ်ဦးပွေ့ဖက်ခြင်းဟာပတ်ဝန်းကျင်မှာရှိနေတဲ့ ပိုးမွှားတွေရန်ကနေကူးစက်ခံရခြင်းကင်းဝေးစေပါတယ်တဲ့။ဒါက ပါးစပ်ထဲတွေ့ရာလျှောက်ပြောတာမဟုတ်ရပါဘူး။ Sage Journals ကနေတရားဝင်ထုတ်ပြန်ထားတဲ့ စမ်းသပ်လေ့လာချက်မှာပါရှိတဲ့အချက်ပါ။ များများဖက်လေ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးလေလို့ဆိုပါတယ်။ဒါ့အပြင်နေမကောင်းဖြစ်နေတဲ့သူတောင်မှ ပွေ့ဖက်ခြင်းကိုမကြာခဏပြုလုပ်ပေးတာခံရရင်မြန်မြန်နေပြန်ကောင်းစေဖို့အထောက်အကူဖြစ်စေပါတယ်တဲ့။

 

Libido ဟော်မုန်းတွေထွက်ရှိလာမယ်

ဒါကတော့ အချို့သူတွေအတွက်ပဲကောင်းတယ်လို့ပြောရပါမယ်။ဒီလိုပြောရခြင်းကအခြားတော့မဟုတ်ပါဘူး။ Libido ဟော်မုန်းဆိုတာ လိင်စိတ်ဆန္ဒကိုလှုံ့ဆော်ပေးတဲ့ဟော်မုန်းဖြစ်လို့ပါပဲ။ပွေ့ဖက်တာကြာလာတဲ့အခါ oxytocin ကနေ Libido အဖြစ်ပြောင်းလဲသွားနိုင်တာမို့သတိထားရပါမယ်။ ဒီလိုဆိုပေမယ့် ပွေ့ဖက်လိုက်တာနဲ့ တန်းပြီးလိင်စိတ်ဆန္ဒကိုထကြွစေတာတော့လည်းမဟုတ်ပါဘူး။ဒါကပွေ့ဖက်နည်းနဲ့ဆိုင်မှာဖြစ်သလို လူရဲ့စိတ်အခံနဲ့လည်းဆိုင်ပါလိမ့်မယ်။ နဂိုကတည်းက ဒါပဲတွေးနေတဲ့လူဆိုရင်တော့တစ်မျိုးပေါ့နော်။

 

စိတ်ပူပန်မှုတွေလျော့နည်းလာမယ်

ကိုယ်ယုံကြည်အားကိုးတဲ့လူကိုဆိုရင်မြင်လိုက်ရတာနဲ့တင် စိတ်ပူတာတွေလွင့်စဉ်ပျောက်ကွယ်သွားရတော့တာမဟုတ်လား။ကိုယ်ချစ်တဲ့သူဆီကပွေ့ဖက်မှုကတော့ မပြောနဲ့တော့ပေါ့။ဒါကြောင့် သင့်ကောင်မလေးကအကြောင်းမဲ့ပူပန်စိုးရိမ်နေမယ်ဆိုရင် ဒါမှမဟုတ်သူ့မှာစိုးရိမ်ပူပန်စရာကိစ္စတစ်ခုခုရှိနေမယ်ဆိုရင် စကားတွေအများကြီးပြောတာထက် ခဏလေးဖက်ထားပေးလိုက်တာကအခြေအနေကိုပိုမိုကောင်းမွန်စေမှာပါ။

 

နာကျင်မှုတွေပျောက်ကင်းသွားမယ်

ငယ်ငယ်တုန်းက ချော်လဲလို့နာကျင်သွားတဲ့အခါ အမေက ပြေးလာပြီးအုံဖွအုံဖွဆိုရင်းဖက်ထားဖူးတာကိုမှတ်မိရဲ့လား။အဲ့ဒီအခါနာကျင်မှုကယူပစ်သလိုပျောက်ကင်းသွားရောပဲလေ။ ကြီးလာတော့လည်းဒီလိုပါပဲ။ဘဝလမ်းခရီးကိုလျှောက်လှမ်းရင်းနဲ့ ခလုတ်တိုက်လို့ချော်လဲတဲ့အခါ ကိုယ်ချစ်ရတဲ့တစ်စုံတစ်ယောက်ရဲ့ပွေ့ဖက်အားပေးမှုကကိုယ့်ကိုခွန်အားအသစ်တွေဖြစ်ထွန်းစေပါတယ်။ ပွေ့ဖက်ခြင်းဟာ ခန္ဓာကိုယ်နာကျင်မှုတွေအပြင်စိတ်နာကျင်မှုတွေကိုပါကုစားပေးနိုင်တဲ့ ခန္ဓာကိုယ် + စိတ် ကုထုံးဖြစ်ပါတယ်။

 

ပွေ့ဖက်မှုဟာ ဘယ်သူ့ဆီကမှဆိုတာမျိုးကန့်သတ်ထားခြင်းမရှိပါဘူး

ဖက်တော့ဖက်ချင်ပါရဲ့ရည်းစားမှမရှိပဲတို့..အဖက်ခံချင်သော်ငြားလည်းရည်းစားမရှိသောအခါတို့ တွေးပြီးစိတ်မညစ်နေကြပါနဲ့ရည်းစားမှဖက်လို့ရတာမဟုတ်ပါဘူး။ (ဘာတွေပြောမိပါလိမ့်။တော်ကြာ FWB တွေအားပေးတယ်ဘာညာထင်နေကြရော့မယ်။)ပွေ့ဖက်မှုဟာကိုယ့်မိသားစုဝင်တွေဆီကပဲလာလာ၊သူငယ်ချင်းတွေဆီကပဲလာလာ၊နောက်ဆုံး ကိုယ်မွေးထားတဲ့ခွေးလေးကိုသွားဖက်လိုက်တာပဲဖြစ်ဖြစ် ပွေ့ဖက်မှုဟာ အဆင့်အတန်းမခွဲခြားပဲသူ့ရဲ့ကောင်းကျိုးတွေကိုအပြည့်ပေးပါတယ်။ဒါကြောင့် သိပ်မစဉ်းစားပါနဲ့၊ဖက်လိုက်ပါတော့။

 

ခုပြောပြသွားတာတွေကတော့ ပွေ့ဖက်ချော့မြှူတတ်ခြင်းရဲ့ကောင်းကျိုးတွေပဲဖြစ်ပါတယ်။တစ်ခုရှိတာက ချစ်သူရည်းစားဆက်ဆံရေးမှာဆိုရင်တော့ ယောက်ျားလေးဘက်ကစပြီးပွေ့ဖက်တဲ့အခါ သင်တို့ရဲ့အချစ်ရေးကပိုပြီးပြေလည်စေမှာအမှန်ပါပဲတဲ့။ မိန်းကလေးတွေကနဂိုကတည်းက တွေးစရာမရှိရှာကြံတွေးပြီးဆိုက်ကိုဖောက်နေတတ်သူတွေဖြစ်တဲ့အလျောက် သူတို့ဘက်ကပဲစပြီးဖက်နေရရင် ဆိုက်ကိုဖောက်ပြီးသင့်ကိုပြဿနာရှာနိုင်တာကြောင့်ပါ။လိင်တူချစ်သူတွေဆိုရင်တော့ ပိုပြီးလွှမ်းမိုးနိုင်စွမ်းရှိတဲ့သူကအရင်စဖက်ရမယ်လို့ဆိုပါတယ်။

 

Unicode Format















136 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.