ဒါရိုက်တာတွေထဲမှာမှ ထူးထူးခြားခြား ဇာတ်လေးတွေ ဖန်တီးတတ်တဲ့ ညိုမင်းလွင်ဟာ ခုဆိုရင် အနုပညာလောကနဲ့အနည်းငယ်ဝေးကွာခဲ့ရာမှ ပရိသတ်နဲ့ ပြန်လည်ထိတွေ့လာခဲ့ပြီမို့ ပရိသတ်ကြိုက်တဲ့ ဇာတ်လမ်းတွေကို ရွေးချယ်ပြီးရိုက်ကူးဖြစ်ပုံကို မေးကြည့်ဖြစ်တဲ့အခါ ‘ကျွန်တော်ကိုယ်တိုင်က ဇာတ်ကားတစ်ကား ရိုက်တော့မယ်ဆိုရင် ငါသာ ပရိသတ်တစ်ယောက်ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးနဲ့ပဲရိုက်တာများတယ်။ ကိုယ်ကိုယ်တိုင်က ပရိသတ်ဆိုရင်လဲ ကိုယ်ကိုယ်တိုင်ကြိုက်မှသာ ဒီဇာတ်ကားကို ငှားကြည့်မှာလေ။ အဲဒီတော့ ကိုယ်သာ ဒီဇာတ်ကားကို မကြိုက်ရင်ငှားကြည့်မှာ မဟုတ်ဘူး။ အဲဒီတော့ ကိုယ့်စိတ်နဲ့ပရိသတ်စိတ်ကို နှိုင်းယှဉ်ပြီး ဖန်တီးပြသဖြစ်တယ်။ အဲဒီတော့ ပရိသတ်ကို ဖန်တီးပြသဖြစ်တဲ့အခါ ဝေဖန်မှုကလဲရှိတယ်။ အပြုသဘောနဲ့ဝေဖန်တာဆိုရင်တော့ လက်မခံနိုင်စရာအကြောင်းမရှိပါဘူး။ ဘယ်သူကဝေဖန်သည်ဖြစ်စေ အပြုသဘောနဲ့ဝေဖန်တာဆိုရင်တော့ အလေးအနက်ထားတယ်။ အဲဒီလိုမဟုတ်ပဲနဲ့ ကြုံတုန်းဖဲ့လိုက်ဦးမှ ဆိုရင်တော့ မဖြစ်သင့်ဘူး။’ လို့ သူကပြောပါတယ်။
အကယ်ဒမီပေးပွဲနဲ့ပတ်သတ်ပြီးတော့လဲ ညိုမင်းလွင်က ‘ကျွန်တော်ကတော့ လူကြီးတွေက အဆင်ပြေသလို ပြောင်းလဲလုပ်ကိုင်ကြတဲ့အပေါ်မှာ လက်ခံထားချင်တာပါပဲ။ မနှစ်ကဆို ကျေးဇူးတင်စကားကို ချက်ချင်းပြောတယ်။ အဲဒါကို တချို့ကလဲကြိုက်ကြတယ်။ တချို့ကလဲ မကြိုက်ကြဘူး။ ဒါကတော့ တာဝန်ရှိတဲ့လူကြီးတွေက သင့်တော်တယ်ထင်လို့စီစဉ်တာကို ဘာမှမပြောချင်ပါဘူး။ လက်ခံပါတယ်။ အကယ်ဒမီပေးပွဲကိုလဲ တက်မှာပါ။ အကယ်ဒမီပေးပွဲပြီးတဲ့ အခါမှာ ထွက်လာတဲ့ဝေဖန်သံတွေကိုလဲ ပရိသတ်ရဲ့ အသံဖြစ်တဲ့အတွက် နားထောင်ပေးရမှာပါ။ သူတို့ရဲ့အမြင်ကို မူတည်ပြီးတော့ ပြောင်းလဲသင့်ရင်လဲ ပြောင်းလဲရမယ်။ ပြီးတော့ အကယ်ဒမီဆိုတာက အကောင်းဆုံးဆိုတဲ့ စကားလုံးပါနေတဲ့အတွက် အကောင်းဆုံးဆိုတာ တစ်ယောက်တည်းရှိရမယ်။ ၂ယောက်ဆိုတာကို ကျွန်တော်နားလည်လို့မရဘူး။ အခုထွက်ထားတဲ့ ၇ ကားထဲကပဲရမှာပါ။ ကျွန်တော်သိပ်တော့ မပြောတတ်ပါဘူးတဲ့။’’လို့ပြောပြခဲ့ပါတယ်။