ရည်းစားမထားသင့်သေးကြောင်း ပြနေတဲ့အချက်တွေ

ရည်းစားတစ်ယောက်ထားတယ်ဆိုတာလွယ်ပါတယ်။ငှက်ပျောသီးအခွံနွှာရတာကမှ ခက်ဦးမယ်။ရည်းစားထားတယ်ဆိုတာက ကိုယ်နဲ့သင့်တော်တယ်လို့ထင်ရတဲ့တစ်စုံတစ်ယောက်နဲ့ relationship တစ်ခုထဲခုန်ဝင်လိုက်ရုံပါပဲ။ဘာကခက်သလဲဆိုတော့ထားလိုက်တဲ့ရည်းစားနဲ့မြဲအောင်၊အဆင်ပြေအောင်၊ပျော်ရွှင်ရအောင်ထိန်းနိုင်ဖို့ကခက်တာပါ။ တကယ်လို့ အောက်မှာဖော်ပြထားတဲ့အချက်တွေက သင်နဲ့ကိုက်ညီနေပြီဆိုရင်တော့ သင်ကရည်းစားထားဖို့မသင့်သေးသူပါ။

 

ရည်းစားထားလိုက်တာနဲ့ပြဿနာအားလုံးပြေလည်သွားမယ်လို့သင်ထင်နေတယ်

သူငယ်ချင်းအတွဲတွေကြည့်ရတာတော်တော်ပျော်ဖို့ကောင်းတယ်၊တစ်ယောက်တည်းစိတ်ဓာတ်ကျနေချိန်လည်းမရှိဘူး။တစ်ယောက်တည်းဖြစ်နေချိန်လည်းမရှိဘူး။ ပြဿနာတွေကိုလည်းဝေမျှခံစားပေးမယ့်သူ၊အားပေးမယ့်သူ၊အတူဖြေရှင်းပေးမယ့်သူရှိတယ်။ဒီလိုဆိုပြီး ရည်းစားထားလိုက်ဖို့တွေးနေပြီဆိုရင်တော့ သင်မှားနေပါပြီိ။ ရည်းစားထားခြင်းဟာပြဿနာအားလုံးရဲ့အဖြေဖြစ်ဖို့ရာခိုင်နှုန်းနည်းပေမယ့် ပြဿနာအားလုံးရဲ့အစပြုရာဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။ ကိုယ့်ပြဿနာနဲ့ကိုယ်တောင်ရှုပ်ရတဲ့ကြားထဲ သူ့ပြဿနာတွေပါပါလာပြီး နှစ်ဆပိုစိတ်ရှုပ်ရတဲ့အခြေအနေမျိုးလည်းဖြစ်ဖို့ အလားအလာအများကြီိးရှိကြောင်းသတိရပါ။

 

တွေ့သမျှလူကိုကြွေနေမိတယ်

ဒါကတော့ single တွေတော်တော်များများဖြစ်လေ့ရှိတဲ့အရာပါ။ တွေ့သမျှလူအကုန် crush တယ်။ မင်းသားမင်းသမီးတွေကအစ လမ်းထိပ်ကအစ်ကိုကြီးအထိ၊ ဘတ်စ်ကားပေါ်မှာနေရာထပေးတဲ့ကောင်လေးပါမကျန် ထင်ရာမြင်ရာ တစ်ယောက်မကျန် crush တယ်။crush တွေထဲက တစ်ယောက်ယောက်ရည်းစားရသွားလည်းဝမ်းမနည်းဘူး။အဲဒီတစ်ယောက်နေရာမှာ အခြားတစ်ယောက်အစားထိုးဖြည့်သွင်းပြီး လူတစ်ထောင်လောက်ကို တစ်ပြိုင်တည်း crush တယ်။ အဲဒါဆိုရင်တော့ ရည်းစားမထားသင့်ပါဘူး။ရည်းစားထားမိရင်လည်းနှစ်ရက်တစ်ပိုင်းနဲ့ပြတ်မှာဖြစ်တဲ့အတွက်အစကတည်းကမထားတာက အာရုံနောက်သက်သာပါတယ်။ကိုယ့်ဘာသာကိုယ် crush တွေတင်ဆောင်ထားတဲ့ သင်္ဘောကြီးကိုသာပျော်ပျော်ကြီိးခုတ်မောင်းနေပါတော့။

 

မဖြစ်နိုင်တဲ့သူကိုမှချစ်မိနေတယ်

“မဖြစ်နိုင်မှန်း သိပါရက်နဲ့ သူ့ကိုပင်” ဆိုတဲ့ သီိချင်းစာသားလို သင့်အတွက်နောက်ဆယ်ဘဝလောက်ပြောင်းရင်တောင် ဖြစ်နိုင်လာမှာမဟုတ်တဲ့သူကို crush မိနေတယ်ဆိုရင် ရည်းစားထားဖို့မသင့်သေးပါဘူး။ထားချင်စိတ်လည်းရှိမှာမဟုတ်ပါဘူး။ဒါပေမယ့် မတော်တဆထားလိုက်မိပြန်ရင်လည်း သင့်ရဲ့အဲဒီ့မဖြစ်နိုင်တဲ့လူဟာ သင်တို့ချစ်သူနှစ်ယောက်ကြားမှာ အမြဲကန့်လန့်ခံထားသလိုဖြစ်နေမှာမို့ နှစ်ဦးနှစ်ဖက်စိတ်ဆင်းရဲရမှာအမှန်ပါ။ ကိုယ်ကကိုယ့်ခံစားချက်တွေကိုမသေချာတာနဲ့ပဲ အပြစ်မရှိတဲ့လူကိုဒုက္ခမပေးပါနဲ့။အခန့်မသင့်ရင် ကတ်ကြေးစာတို့ဓါးစာတို့မိနိုင်ပါတယ်။

 

သင့်အပေါ်မကောင်းတဲ့သူကိုချစ်မိနေတယ်

အဲဒီိလူက သင့်ရဲ့ သူငယ်ချင်းအရင်းကြီိးဖြစ်ရင်ဖြစ်မယ်။ဒါမှမဟုတ် သူငယ်ချင်းမကဘာမကျဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် အဲ့ဒီလူကသင့်ကိုလိုသုံးသဘောမျိုးထားတာသေချာတယ်။အဲ့ဒါကိုလည်းသင်ကသိတယ်။သိသိကြီးနဲ့ပဲ လိုသုံးဖြစ်နေရသေးတာတော်သေးတာပေါ့ဆိုပြီး အဲဒီလူရဲ့နားမှာကုပ်ကတ်နေဖို့စိတ်ကူးနေတယ်။အဲဒါဆိုရင်တော့ ရည်းစားထားဖို့စိတ်မကူးပါနဲ့ဦး။ရည်းစားထားလိုက်ရင်လည်းသင့်ရည်းစားက အဲဒီိ့လူကိုအမြဲအလျှော့ပေးနေရမှာကြောင့်သင်နဲ့မြဲဖို့ခဲယဉ်းပါလိမ့်မယ်။

 

သင့်အရင်ရည်းစားနဲ့ပြတ်ထားတာမကြာသေးဘူး

သင်ဟာရည်းစားနဲ့ပြတ်ထားတာပူပူနွေးနွေးဖြစ်မယ်။အဲ့ဒီရည်းစားကိုမေ့လို့မရသေးဘူး။ ရင်ထဲမှာနာကျင်ခံစားနေရတုန်းပဲ။အဲ့ဒါတွေပျောက်သွားမလားလို့ ရည်းစားထပ်ထားချင်လာတယ်ဆိုရင် သင်အမှားကြီးမှားသွားပါလိမ့်မယ်။အနာမကျက်ခင် ဆားသိပ်သလိုဖြစ်ပြီး အနာကဘယ်တော့မှကျက်မှာမဟုတ်တော့ပါဘူး။ဒါ့အပြင် သင်ထပ်ထားမယ့်ရည်းစားက သင့်ကိုတကယ်ချစ်နေခဲ့ရင်ပြဿနာတွေကပိုရှုပ်လာတော့မှာပါ။

အထက်မှာဖော်ပြထားတဲ့အချက်တွေက သင်နဲ့ကိုက်ညီနေတယ်ဆိုရင်တော့ သင်ဟာလောလောဆယ်လတ်တလောမှာ ရည်းစားမထားသင့်သေးသူပါ။တစ်ယောက်တည်းနေတယ်ဆိုတာ သိပ်ဆိုးလှတဲ့အရာမဟုတ်ပါဘူး။တစ်ယောက်တည်းနေပြီးကိုယ့်အကြောင်းကိုယ်နားလည်အောင်အချိန်ပေးပြီးမှ ကျန်တာတွေဆက်စဉ်းစားဖို့ အကြံပေးလိုက်ပါရစေ။

 

Unicode Format













295 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.