ကိုယ့်အပေါ်မကောင်းတဲ့သူကိုပဲချစ်မိနေရတဲ့အကြောင်းရင်း

ယောက်ျားလေးရယ်မိန်းကလေးရယ်မဟုတ်ပါဘူး။ ကိုယ့်အပေါ်မကောင်းတဲ့သူတွေကိုပဲချစ်မိနေတတ်တဲ့လူတန်းစားက သပ်သပ်ကိုရှိတာပါ။ ဘဝတိုတိုလေးမှာ အချစ်ဆိုတာ mutual feeling ဖြစ်သင့်ပါတယ်။ တစ်ဖက်သတ်ချစ်နေရတဲ့သူက ကိုယ့်အပေါ်မကောင်းတာပဲဖြစ်ဖြစ် ကိုယ့်ကိုချစ်ပါတယ်ဆိုပြီး ချစ်သူလုပ်နေသူက ကိုယ့်အပေါ်နည်းနည်းလေးမှမကောင်းတာပဲဖြစ်ဖြစ် ကိုယ့်အပေါ်မကောင်းမှန်းသိရက်နဲ့တော့ဆက်ချစ်မနေသင့်ပါဘူး။ဒါပေမယ့် အချစ်ဆိုတာ ချစ်မယ်၊မချစ်ဘူး စိတ်ထင်ရာလုပ်လို့ရတာမျိုးမှမဟုတ်တာကိုး။ လူတစ်ယောက်ကိုစတွေ့တာနဲ့သူ့ကိုချစ်တယ်မချစ်ဘူးဆိုတာက နှလုံးသားကသတ်မှတ်ပြီးသား၊တဖြည်းဖြည်းမှဦးနှောက်ဆီသတင်းပို့လာတာမဟုတ်လား။ ဒါပေမယ့် အချစ်ကထူးဆန်းပါတယ်။ကိုယ့်အပေါ်တစ်စက်ကလေးမှမကောင်းတဲ့သူကိုပဲတမ်းတမ်းစွဲဖြစ်နေရတာဘာကြောင့်ပါလဲ။ ဒီပြဿနာကို စိတ်ပညာရှင်တွေရဲ့လေ့လာမှုအရ ကိုယ့်အပေါ်မကောင်းတဲ့သူကိုချစ်မိနေတဲ့ လူတွေရဲ့ စိတ်ကိုခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ ဒီအချက်တွေကိုလေ့လာတွေ့ရှိရတယ်လို့ဆိုပါတယ်။အဲ့ဒါတွေကတော့….

 

သင်က ကိုယ့်ကိုယ်ကိုယ်လေးစားမှုမရှိလို့

ဟုတ်ပါတယ်။ 2014 မှာကောက်ယူရရှိခဲ့တဲ့ Glamour လို့ခေါ်တဲ့ ကမ္ဘာတစ်ဝှမ်းကအမျိုးသမီးတွေကိုကောက်ယူရရှိတဲ့စစ်တမ်းအရ 50% သောအမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ်စိတ်ကျေနပ်မှုမရှိကြပဲ 80% သော အမျိုးသမီးတွေဟာ သူတို့ကိုယ်သူတို့မကျေနပ်ချက်တစ်ခုခု၊စိတ်ပျက်စရာတစ်ခုခုကိုမတွေးပဲ မှန်ထဲက ကိုယ့်ပုံရိပ်ကိုကိုယ်မကြည့်နိုင်တဲ့အထိပဲလို့သိရပါတယ်။ ဒီလိုကိုယ့်ကိုယ်ကိုယ်လေးစားမြတ်နိုးမှုမရှိပဲ စိတ်ပျက်အားလျော့နေတဲ့အမျိုးသမီးတွေဟာ အချစ်ရေးမှာလည်း သူတို့ကိုတန်ဖိုးမထားတဲ့၊ချစ်မြတ်နိုးခြင်းမရှိတဲ့ လူတွေကိုပဲ နှစ်သက်လေ့ရှိကြကြောင်း သိရပါတယ်။ ဘာကြောင့်ဆိုတော့ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ်ဒီ့ထက်ပိုမိုကောင်းမွန်တာနဲ့ထိုက်တန်ကြောင်းယုံကြည်ချက်မရှိကြလို့ပါတဲ့။

 

တစ်ယောက်တည်းမနေချင်လို့

ဒါကတော့ အသက်ကြီးကြီးအမျိုးသမီးတွေမှာ၊ဒါမှမဟုတ် သူငယ်ချင်းစုံတွဲတွေကြားမှာပိတ်မိနေတဲ့သူတွေမှာဖြစ်လေ့ဖြစ်ထရှိပါတယ်။ တစ်ယောက်တည်းမနေချင်တာနဲ့ရရာဖမ်းကြိုက်လိုက်တာဖြစ်ပြီး အဲ့ဒီလိုကြိုက်မိတဲ့သူကလည်း ကိုယ့်အပေါ်မကောင်းတဲ့သူဖြစ်နေတတ်တဲ့သဘောပါ။တစ်ယောက်တည်းနေတာဘာမှပြဿနာမရှိပါဘူး။ ကိုယ့်အတွက်မကောင်းတဲ့သူကိုကြိုက်မိထားပြီးခံစားနေရမှာသာ ပြဿနာပါ။ ကိုယ့်ဘေးမှာတစ်စုံတစ်ယောက်ရှိနေလို့ဘဝကပြေလည်သွားမယ်လို့မတွေးပါနဲ့။ နှစ်ယောက်စာပြဿာနာတွေနဲ့စိတ်ညစ်နေရမှာက အများကြီးပိုပြီးဖြစ်နိုင်ချေရှိတဲ့အရာဖြစ်ကြောင်းသတိချပ်စေလိုပါတယ်။

 

သူ့ကိုပြောင်းလဲနိုင်တယ်လို့ထင်မိလို့

ကိုယ့်အချစ်နဲ့အရာရာအကောင်းအတိုင်းဖြစ်စေမယ်တို့ဘာတို့က သီချင်းထဲမှာတောင်နားထောင်လို့မကောင်းတော့ပါဘူး။(သီချင်းကြီးက ရိုးလာပြီလေ) မကောင်းတဲ့သူဟာ ပင်ကိုယ်အခံကကိုမကောင်းတာဖြစ်ဖို့များပါတယ်။သင်သူ့ကိုချစ်တယ်ဆိုတဲ့အချက်တစ်ချက်တည်းနဲ့တော့ အကောင်းဘက်ကိုပြောင်းလဲလာဖို့က အင်မတန်ပါးလျတဲ့မျှော်လင့်ချက်ပါ။ သူကသင့်အပေါ်တင်မဟုတ်ဘူး၊ဘယ်သူ့အပေါ်မှာမှမကောင်းတာ ဆိုရင်တော့ သင့်အတွက်မျှော်လင့်ချက်မရှိတော့ပါဘူး။ စက်ဘီးတွေကားတွေသာ အပျက်ကြီးဝယ်ပြီးကိုယ့်လက်ထဲရောက်မှပြင်စီးလို့ကောင်းတာ၊ ချစ်သူရည်းစားကတော့ ကိုယ်သာတမလွန်ကိုကူးပြောင်းသွားမယ် ပြင်လို့ရဖို့ကတော့ ကမ်းမမြင်လမ်းမမြင်ရယ်ပါ။

 

သင်က အရေးကြီးတာကိုဂရုမထားမိလို့

ချစ်သူရည်းစားအကြောင်းစဉ်းစားမိတဲ့အခါ လူတိုင်းမှာ ကိုယ့်စံနှုန်းတွေနဲ့ကိုယ်ရှိကြပါတယ်။ ရုပ်ချောမှ၊ချမ်းသာမှ၊ဘယ်လိုကားမျိုးစီးနိုင်မှ စတဲ့ အပေါ်ယံအရာတွေကိုချည်း ဂရုပြုမိပြီး ကြင်နာတတ်လား၊ရိုးသားလား၊တာဝန်ယူချင်စိတ်ရှိရဲ့လား စတဲ့ တကယ်ဘဝမှာအသုံးလိုမယ့်အရာတွေကို ဂရုမပြုမိတာကြောင့်လည်း သင့်အတွက်မကောင်းတဲ့သူတွေနဲ့ပဲဆုံစည်းနေရတာဖြစ်နိုင်ပါတယ်။

 

သင့်ရဲ့စံနမူနာကမှားယွင်းနေလို့

စိတ်ပညာရှင်တွေရဲ့လေ့လာချက်အရ လူတွေဟာ သူတို့ရဲ့လိင်ကွဲတဲ့မိဘတွေရဲ့ အသွင်သဏ္ဍာန်ကို ကြီးလာတဲ့အခါ အခြားသူတွေမှာလိုက်ရှာလေ့ရှိကြပါတယ်တဲ့။မိန်းကလေးတွေက သူတို့အဖေနဲ့စိတ်သဘောထားခြင်းတူတဲ့သူတွေကိုကြွေတာများသလိုပေါ့။ အကယ်၍သင်သာအဲ့ဒီလိုဖြစ်နေခဲ့ရင် သင့်ရဲ့စံနမူနာကိုပြန်စဉ်းစားဖို့သင့်ပါပြီ။လောကကြီးမှာ သင့်မိဘလောက်တော့သင့်ကိုဘယ်သူမှသည်းခံမှာမဟုတ်ပါဘူး။ သင်ပိုင်ဆိုင်ထားတဲ့ချစ်သူဟာ သင့်အဖေလောက်မဟုတ်တောင်သင့်ကိုအတိုင်းအတာတစ်ခုအထိတော့ သည်းခံနိုင်လိမ့်မှာပါ။ လောဘကြီိးနေမိသလားဆိုတာကိုယ့်ကိုယ်ကိုယ်ပြန်လည်ဆန်းစစ်သင့်ပါတယ်။

 

ခုပြောပြသွားတာတွေကတော့ ကိုယ့်အပေါ်မကောင်းတဲ့သူတွေကိုချစ်မိနေရခြင်းရဲ့အဖြစ်နိုင်ဆုံးအကြောင်းအရင်းတွေပါ။ သတိထားသင့်တာကတော့..တစ်ခါတစ်ရံမှာ အဲ့ဒါဟာ..အချစ်မဟုတ်ပါဘူး။စွဲလန်းမှုသက်သက်ပါ။ စွဲလန်းမှုဆိုတာမျိုးကကြောက်ဖို့ကောင်းပါတယ်။ သင်က သူ့ကိုချစ်မိနေလို့မဖြတ်နိုင်တာမဟုတ်ပဲနဲ့ စွဲလန်းစိတ်ကြောင့်သူ့ဆီကရုန်းမထွက်နိုင်တာလည်းဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သိနားလည်ဖို့ထက်ဘဝမှာဘယ်အရာကမှအရေးမကြီးပါဘူး။

 

Unicode Format













1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.