ယောက်ျားလေးတွေဝေးဝေးကရှောင်တတ်တဲ့ မိန်းကလေးတွေရဲ့အမူအကျင့်တွေ

လူတစ်ကိုယ်အကျင့်တစ်မျိုးလို့ဆိုပေမယ့် လူတစ်ကိုယ်တည်းမှာပဲ အကျင့်ကနှစ်မျိုးသုံးမျိုးလောက်ဖြစ်နေပြီိး အဲ့ဒီအကျင့်တွေကလည်း ပတ်ဝန်းကျင်ကလူတွေကို တစ်နည်းနည်းနဲ့ထိခိုက်စေတဲ့အကျင့်မျိုးတွေဖြစ်နေတဲ့အခါ သိပ်ပြီးအဆင်မပြေပါဘူး။ မိန်းကလေးတွေမှာဖြစ်တတ်တဲ့ကိစ္စတစ်ခုရှိပါတယ်။ ယောက်ျားလေးတွေက အနားမှာမယောင်မလည်နဲ့ချဉ်းကပ်လာကြပြီး၊စိတ်ဝင်စားတဲ့အရိပ်အယောင်တွေပြပြီးမှ ဘာကြောင့်မှန်းမသိပျောက်ပျောက်သွားကြတာ။ အဲ့ဒီလိုဖြစ်ရခြင်းဟာ ယောက်ျားလေးရဲ့စိတ်မှာ သူတို့မနှစ်သက်တဲ့အမူအကျင့်တစ်မျိုးမျိုး တွေ့လိုက်ရလို့ စိတ်ပျက်ပြီးရှောင်ခွာသွားကြတာဖြစ်ပါတယ်။ ယောက်ျားလေးတွေဝေးဝေးကရှောင်တတ်တဲ့မိန်းကလေးတွေရဲ့အမူအကျင့်တွေထဲက အဖြစ်အများဆုံးအမူအကျင့်တွေကိုစုစည်းဖော်ပြလိုက်ပါတယ်။

 

စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်တာ

ဒါကအဓိကပါပဲ။ စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်တဲ့လူမျိုးကို ချစ်သူရည်းစားအဖြစ်မပြောနဲ့ အပေါင်းအသင်းလုပ်ဖို့တောင်အဆင်မပြေပါဘူး။ ကိစ္စသေးသေးလေးကိုပုံကြီးချဲ့ခံစားနေတတ်တာ၊ဆတ်ဆတ်ထိမခံဖြစ်တတ်တာ၊ အလွန်အင်မတန် sensitive ဖြစ်တာ၊ကော်ဖီခွက်ထဲ ယင်ကောင်ပါလာတာလောက်၊ခေါက်ဆွဲပြုတ်ထဲ ဆံပင်ချည်ပါလာတာလောက်ကို ငါ့ကိုစော်ကားရက်လေခြင်းဆိုပြီး အသားတွေတဆတ်ဆတ်တုန်တတ်တာ၊အဲ့ဒီလိုအမူအကျင့်တွေကအစ ကိုယ့်ရည်းစားအခြားတစ်ယောက်နဲ့စကားပြောနေတာကိုမြင်ရုံနဲ့ ဖောက်ပြန်ပါပြီဆိုပြီး ယိုးစွပ်တတ်တာတွေအဆုံး..အထဲကစိတ်ခံစားချက်ကိုထိန်းချုပ်နိုင်စွမ်းမရှိတဲ့သူတွေကို ယောက်ျားလေးတွေက ကြောက်လွန်းစိတ်ပျက်လွန်းလို့ဝေးဝေးကရှောင်ပါတယ်။

 

စည်းမရှိတာ

လူ့စည်းဘီလူးစည်း သူငယ်ချင်းစည်း၊ချစ်သူရည်းစားစည်း.. လူနေမှုအဖွဲ့အစည်းကြီိးကိုယဉ်ကျေးအောင်၊နေချင့်စဖွယ်ဖြစ်အောင် လုံခြုံအောင် စည်းမျဉ်းစည်းကမ်းတွေနဲ့ဖွဲ့စည်းထားတာပါ။ဒါကြောင့်စည်းကမ်းလိုက်နာဖို့ဆိုတာက ဘယ်နေရာမှာမဆိုလိုအပ်ပါတယ်။ ဒီလိုပဲ လူအချင်းချင်းမှာလည်း အခြေခံလူ့ကျင့်ဝတ်တွေရှိပါတယ်။ သူများဖုန်းကိုယူကြည့်တာ၊နေရာတကာတရားလွန်စပ်စုတာ.. အဲ့ဒီလိုအကျင့်တွေရှိရင်လည်း ယောက်ျားလေးအများစုကစိတ်ပျက်တတ်ကြပါတယ်။

 

ရိုင်းစိုင်းတာ

ရိုင်းစိုင်းတာကတော့ ယောက်ျားလေးတွေထက်မိန်းကလေးတွေကပိုပြီးရွံရှာတတ်ပါတယ်။ Gender ခွဲခြားပြီးပြောတယ်လို့မထင်စေချင်ပါ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုရိုင်းရင်မုန်းတာပဲမဟုတ်လား။သူများကိုလည်းမရိုင်းပါနဲ့။

 

ကိုယ့်ကိုယ်ကိုယ် တသသလုပ်လွန်းတာ

ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တာကကောင်းပါတယ်။အမြဲတမ်းကိုယ့်ကိုယ်ကိုယ်သနေရင်တော့အဆင်မပြေပါဘူး။ဘာမဆိုကိုယ့်အတွက်ပဲတွေးလွန်းတာ၊ကိုယ့်အကြောင်းတွေပဲတရစပ်ပြောနေပြီးသူများတွေကိုပြောဖို့အခွင့်အရေးမပေးတာဟာ ကိုယ့်ကိုယ်ကိုယ်ရှေ့တန်းတင်ရာကျတဲ့အပြင် ကိုယ့်အနားမှာရှိနေသူတွေကိုလည်းစိတ်ပျက်စေပါတယ်။

 

လျို့ဝှက်လွန်းတာ

ကိုယ့်အတွင်းရေးကိုသူများတွေကိုလိုက်ပြောပြနေစရာမလိုပါဘူး။ဒါပေမယ့် ကိုယ်ဟာဘယ်လိုလူမျိုးဖြစ်ကြောင်းကိုတော့ ကိုယ့်အနီိးဝန်းကျင်ကလူတွေကိုသိစေသင့်ပါတယ်။ လျို့ဝှက်ချက်အနည်းငယ်ရှိတာက စိတ်ဝင်စားစရာပေမယ့် လျို့ဝှက်ချက်တွေများလွန်းတာကတော့ စိတ်ညစ်စရာဖြစ်သွားနိုင်ပါတယ်။ လျို့ဝှက်ချက်တွေသိပ်များနေတဲ့သူဟာ ယုံကြည်ချင်စရာလည်းမကောင်းတာအမှန်ပါ။

 

လိုက်လျောလွန်းတာ

ဝင်းဦီးသီချင်းလေးကြားဖူးကြရဲ့မဟုတ်လား.. “မြင်သူတကာအပေါ်မှာ ချိုသာလွန်းတယ်၊ကလေးမရယ်.. ဒီလိုဆိုမကြိုက်ဘူးကွယ်”ဆိုတာလေ။ လူတကာရဲ့ဆန္ဒတွေနဲ့အဆင်ပြေအောင်ကိုယ့်ကိုယ်ကိုယ်လိုက်လံညှိနှိုင်းနေထိုင်နေခြင်းကလည်း စိတ်ပျက်စရာတစ်ခုပါပဲ။ ဘယ်သူကမှတော့ လူတကာကိုအားနာလိုက်လျောနေတတ်တဲ့သူကိုချစ်သူတော်ချင်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ အဲ့ဒီိလူဟာ လူတစ်ယောက်မှာပုံမှန်ရှိရမယ့်ဒေါသတွေကို သူများတကာတွေအပေါ်မှာမထွက်ရတော့ အရင်းနှီးဆုံးသူတွေပေါ်မှာ ပုံချပေါက်ကွဲတတ်ကြလို့ပါပဲ။ လိုက်လျောတတ်လွန်းတာကလည်း ပြဿနာပါ။

 

သူငယ်ချင်းတွေစကားပဲနားထောင်တာ

ဒီိကိစ္စဟာ ချစ်သူရည်းစားတွေတော်တော်များများရဲ့ဆက်ဆံ့ရေးမှာဖြစ်တတ်တဲ့ကိစ္စရပ်တစ်ခုပါ။ မိန်းကလေးတွေမှာ Bff လို့ခေါ်တဲ့ မိန်းကလေးသူငယ်ချင်းတွေအနည်းနဲ့အများရှိတတ်ကြပြီး သူတို့သူငယ်ချင်းတွေထဲက တစ်စုံတစ်ယောက်ရည်းစားရသွားတဲ့အခါ အဲ့ဒီရည်းစားကိုဘယ်လိုပြော၊ဘာတွေလုပ်..ဆိုပြီး နောက်ကွယ်ကနေအုပ်စုလိုက်ကြိုးကိုင်တတ်ကြပါတယ်။သူငယ်ချင်းတွေက ကိုယ့်အတွက်စိုးရိမ်လို့ ကောင်းစေချင်လို့ overprotective ဖြစ်တယ်ဆိုလည်းပဲ ကိုယ့်ရည်းစားကိုပြောမယ့်စကားတွေဟာကိုယ့်စိတ်ထဲကလာတဲ့စကားတွေပဲဖြစ်သင့်တာပါ။ ဒီလိုမဟုတ်ပဲ သူငယ်ချင်းတွေပြောသမျှနားယောင်တတ်တဲ့မိန်းကလေးမျိုးကို ယောက်ျားလေးတွေကစိတ်ပျက်တတ်ကြပါတယ်။

 

သင့်မှာအထက်ပါအချက်တွေထဲက တစ်ခုခုရှိနေပြီိဆိုရင်တော့ သင့်ကိုစိတ်ဝင်စားပုံပေါက်တဲ့ကောင်လေးတွေ ဘာလို့ပျောက်ချင်းမလှပျောက်ပျောက်သွားရသလဲဆိုတာ အံ့သြမနေပါနဲ့တော့။

 

Unicode Format

















797 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.