ယောက္ခမလောင်းကြီးတွေနဲ့ ပထမဆုံးတွေ့တဲ့အခါ ဒါလေးတွေတော့ရှောင်ကြဉ်ပါ

သူက သင့်ကိုသူ့မိဘတွေနဲ့မိတ်ဆက်ပေးတော့မယ်တဲ့လား..။ဒါက သတင်းကောင်းပါပဲ။ ဒါဟာ သူသင့်ကိုလက်ထပ်ယူဖို့အထိတန်ဖိုးထားတယ်ဆိုတာကိုပြချင်တာဖြစ်ပြီး သင်တို့နှစ်ယောက်ကြားက သံယောဇဉ်တွေတစ်ဆင့်တိုးလို့ တစ်သက်လုံးစာချည်နှောင်ချင်နေပြီိဆိုလည်းအဓိပ္ပါယ်လည်းဖြစ်ပါတယ်။ သူက တစ်ဦးတည်းသောသားဆိုရင်၊ဒါမှမဟုတ် အမေချစ်သားဖြစ်ခဲ့မယ်ဆိုရင် သူ့မိဘတွေနဲ့သင့်ကိုမိတ်ဆက်ပေးဖို့ဟာ သူ့အတွက်အတော်ကြီးကျယ်တဲ့ စွန့်စားခန်းကြီးတစ်ခုဖြစ်မှာပါ။သင့်အတွက်လည်းအလားတူပါပဲ။ဒါကြောင့် ယောက္ခမလောင်းကြီးတွေနဲ့ ပထမဆုံးတွေ့တဲ့အခါ သူတို့အချစ်ကိုသိမ်းပိုက်နိုင်စေဖို့ ရှောင်ကြဉ်သင့်တဲ့အရာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

သင့်ချစ်သူကို ပုံမှန်ပဲဆက်ဆံပါ

ခုမှတွေ့ရတဲ့ယောက္ခမလောင်းကြီိးတွေအမြင်ကြည်စေဖို့အတွက် သင့်ချစ်သူကိုဆက်ဆံပြောဆိုပုံကိုသတိပြုပါ။နှစ်ယောက်တည်းရှိတုန်းမှာဘယ်လိုပဲပြောပြော သူ့မိဘတွေရှေ့မှာတော့ လေးစားမှုထားပေးပါ။ဘယ်မိဘမဆို ကိုယ့်သားကအနိုင်ခံနေရတာမြင်ရင်ဘယ်သူမှမရှု့စိမ့်ပါဘူး။ ပုံမှန်ထက်ပိုပြီး ချွဲပျစ်အီနေတာမျိုးလည်းမလုပ်ပါနဲ့။ဒီကောင်မလေးတော့ငါတို့သားကိုချိုချိုလေးနဲ့လှည့်စားသွားမယ့်ပုံလေးလို့ တွေးပါလိမ့်မယ်။

 

အဝတ်အစားကိုဂရုစိုက်ပါ

သိပ်ကိုခေတ်နောက်ပြန်ဆွဲတာတွေမဝတ်ပါနဲ့။သိပ်ကိုခေတ်ရှေ့ပြေးလွန်းတာတွေမဝတ်ပါနဲ့။သူ့မိဘတွေဘာတွေကြိုက်တတ်တယ်ဆိုတာ သင့်ချစ်သူဆီမှာအရင်တီိးခေါက်စုံစမ်းထားဖို့မမေ့ပါနဲ့။ သူတို့က မြန်မာဆန်ဆန်သိမ်သိမ်မွေ့မွေ့လေးကြိုက်တာလား။ဒါမှမဟုတ် ခေတ်မီမီကမ္ဘာကြည့်ကြည့်မြင်နိုင်တဲ့ ချွေးမလောင်းမျိုးကိုမျှော်လင့်ထားတာလား။ သူတို့အကြိုက်အတိုင်းတသဝေမတိမ်းပြင်ဆင်သွားစရာမလိုပါဘူး။သင့်အလှတရားကိုအကောင်းဆုံးဖော်ပြနိုင်မယ့် ဝတ်စုံမျိုးကို သူတို့ကြိုက်လောက်မယ့် အပြင်အဆင်မျိုးနဲ့ လှလှပပတွဲဖက်ဝတ်ဆင်တတ်ဖို့ပါပဲ။

 

ရေမွှေးတွေမွှန်ထူမနေပါစေနဲ့

များသောအားဖြင့် လူကြီးပိုင်းတွေဟာအမွှေးနံ့တွေကိုမခံနိုင်ကြတာများပါတယ်။ ရေမွှေးနံ့ဆိုတာလည်း ကိုယ့်အပြင်အဆင်နဲ့လိုက်ဖက်တဲ့အမွှေးနံ့ဖြစ်ဖို့လိုအပ်သလို နေရာဒေသနဲ့အဆင်ပြေစေနိုင်မယ့်ရေမွှေးနံ့မျိုးဖြစ်ဖို့လည်းလိုပါတယ်။ရေမွှေးရွေးချယ်မှုညံ့ဖျင်းရင် ဝိုင်နဲ့ မုန့်ဟင်းခါးကိုတွဲဖက်စားသုံးသလို မထော်မနန်းခံစားချက်ကြီးရနိုင်ပါတယ်။

 

အခေါ်အဝေါ်ကိုသတိထားပါ

မိတ်ဆက်ပေးပြီးတာနဲ့ မေမေတို့ဖေဖေတို့ ပစ်ခေါ်လိုက်တာမျိုးကို လူကြီိးတွေကမနှစ်သက်ကြပါဘူး။အန်တီိဖြင့်အန်တီ ဦးဖြင့်ဦး အခြေအနေကိုကြည့်ပြီးခေါ်သင့်ပါတယ်။မတော်လို့ဖေဖေတွေမေမေတွေပစ်ခေါ်ပြီးမှကွဲသွားတာထက်စာရင် ဦးတို့အန်တီတို့ခေါ်ပြီးမှ သူတို့သားနဲ့လမ်းခွဲလိုက်ရင်လည်း လမ်းမှာပြန်တွေ့ရင်အေးအေးဆေးဆေးနှုတ်ဆက်နိုင်တာပေါ့။

 

လက်ဝတ်ရတနာတွေသိပ်မဝတ်ပါနဲ့

လုံးဝမဝတ်ရဘူးလို့မဆိုလိုပါဘူး။ရွှေကြိုးမျှင်မျှင်လေး၊လက်စွပ်တစ်ကွင်းစနှစ်ကွင်းစလောက်တော့ဝတ်နိုင်ပါတယ်။သတိထားဖို့က သင်က သင့်ချစ်သူရဲ့မိဘတွေနဲ့သွားတွေ့တာပါ၊မင်္ဂလာဆောင်သွားတာမဟုတ်ပါဘူး။ဒါကြောင့်ရှိသမျှလက်ဝတ်ရတနာတွေအိတ်သွန်ဖာမှောက်ဆင်ယင်သွားစရာမလိုကြောင်းထပ်လောင်းသတိပေးလိုက်ပါရစေ။သင့်ချစ်သူရဲ့မိဘတွေကချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေ လက်ဝတ်ရတနာတွေအများကြီးဆင်ယင်လာတဲ့ချွေးမလောင်းက သူတို့ကို စဉ်းစားစရာတွေတစ်ပုံတစ်ခေါင်းပေးသွားနိုင်ပါတယ်။

ဒါတွေကတော့ သင့်ချစ်သူရဲ့မိဘတွေနဲ့ ပထမဆုံးအကြိမ်တွေ့တဲ့အခါ သမီးလေးသမီးလေးနဲ့ သဒ္ဓါကြည်ဖြူခြင်းခံရစေဖို့ ရှောင်ကြဉ်သင့်တဲ့အရာတွေဖြစ်ပါတယ်။

 

Unicode Format













1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.