ပူစီလေးတွေအကြောင်း သင်သိထားတဲ့လုံးဝမှားယွင်းနေတဲ့အချက်တွေ

ပူစီလေးတွေဆိုတာ အမွှေးအိအိနဲ့ မျှဲအဲ့အဲ့လို့အော်ပြီး လူကိုပတ်ချွဲနပ်ချွဲလုပ်တတ်တဲ့ သတ္တဝါလေးတွေပါ။ လူကိုလုံးဝအနားကပ်မခံပဲ သူ့ဟာသူအေးရာအေးကြောင်းနေချင်တဲ့ လူကပ်မခံကောင်လေးတွေလည်းရှိတာပေါ့လေ။ ဒါပေမယ့် ကိုယ့်လို ကြောင်ချစ်သူများကတော့ သူတို့လေးတွေဘယ်လိုနေနေချစ်ရတာပါပဲ။ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ချစ်တဲ့သူ နေရထိုင်ရတာအဆင်ပြေအောင် အရိပ်တကြည့်ကြည့်ဖြည့်ဆည်းပေးရခြင်းကိုခေါ်တာတဲ့။ ဒီတော့ ကိုယ်ချစ်တဲ့အရာတွေရဲ့အကြောင်းကိုတော့သိထားမှ သူတို့ကို အကောင်းဆုံးချစ်မြတ်နိုးပေးနိုင်မှာပေါ့။ လူတွေအများစုသိထားတဲ့ အမှန်တရားလိုကိုဖြစ်နေတဲ့ ပူစီလေးတွေနဲ့ပက်သက်တဲ့အကြောင်းအရာအချို့က တက်တက်စင်အောင်ကိုမှားယွင်းနေတာတွေရှိပါတယ်။ ဒါကြောင့် မှားယွင်းနေတဲ့အချက်လေးတွေကို အမှန်ပြင်နိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်။

 

ပူစီလေးတွေက နို့်ကြိုက်တယ်

ငယ်ငယ်တုန်းကတော့ ဟုတ်ရင်ဟုတ်မှာပါ။ နို့်တိုက်သတ္တဝါတိုင်း ငယ်စဉ်မှာတော့ နို့ကြိုက်ကြတာပဲလေ။ ခက်တာက လူတွေက ချစ်စနိုးနဲ့မွေးထားတဲ့ပူစီလေးတွေကို အသက်ဘယ်လောက်ကြီးကြီး ကလေးပဲလို့ထင်ပြီး နို့ချည်းပဲအတင်းကာရောတိုက်ကျွေးချင်နေကြတာပါ။ ဒါပေမယ့် မွေးကာစပူစီလေးတွေကနေ နို့ဖြတ်ချိန်ရောက်လာရင်တော့ သူတို့လေးတွေရဲ့အစာအိမ်တွေက နို့ကိုကျေညက်အောင်ပြုလုပ်ပေးတဲ့ အင်ဇိုင်းလို့ခေါ်တဲ့အစာခြေပစ္စည်းတွေထုတ်လုပ်ပေးတာရပ်ဆိုင်းသွားပါတယ်။ဒါကြောင့်အသက်ကြီိးလာလေလေ ပူစီတွေနဲ့နို့နဲ့မတည့်လေပါပဲ။ သူတို့ကကြိုက်လို့အကျင့်ပါနေလို့ အားရပါးရသောက်တိုင်း ဝမ်းသာအားရမတိုက်လိုက်ပါနဲ့။

 

ပူစီိလေးတွေရဲ့နှုတ်ခမ်းမွှေးကိုဖြတ်လိုက်ရင် သေတယ်

ဒါကတော့ ငယ်ငယ်တုန်းကခဏခဏကြားဖူးနေတဲ့ကိစ္စပါ။လူကြီးတွေက ကလေးတွေကို ကြောင်နှုတ်ခမ်းမွှေးကိုလိုက်မဆွဲဖို့ ကြောက်အောင်ခြောက်တဲ့စကားလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစကားကလုံးလုံးမှားယွင်းနေတဲ့စကားပါပဲ။ ကြောင်တွေရဲ့နှုတ်ခမ်းမွှေးဟာ သူတို့ရဲ့အာရုံခံစားမှုအတွက်အရေးအကြီးဆုံးခန္ဓာကိုယ်အစိတ်အပိုင်းပါ။ဒါပေမယ့် နှုတ်ခမ်းမွှေးကိုဖြတ်လိုက်ရင် သေတယ်ဆိုတာတော့မဟုတ်ပါဘူး။သွားလည်း ဖြတ်မနေနဲ့ဦးနော်.. 😛

 

ကြောင်ကို သားသတ်လွတ်စားခိုင်းလို့ဖြစ်တယ်

အချို့တွေရှိပါတယ်။ကိုယ်စားသမျှကြောင်ကိုကျွေးတာ။ ကြောင်ကအစုံစားသတ္တဝါမို့ များသောအားဖြင့်အစာမှန်သမျှကိုအဆင်ပြေပြေစားနိုင်ပေမယ့် အဲ့ဒါက သင့်ရဲ့ဘဝနေထိုင်မှုပုံစံကိုကြောင်ကိုပါသွတ်သွင်းလို့ အိုကေတယ်ဆိုတဲ့အဓိပ္ပါယ်မသက်ရောက်ပါဘူး။ ကြောင်တွေအသက်ရှင်နေထိုင်ဖို့လိုအပ်တဲ့ Taurine,arachidonic acid ဓာတ်လို ဓာတ်တွေဟာ အသားကနေပဲလာတာများပါတယ်။ ဒါကြောင့်ကြောင်ကိုအသားမကျွေးပဲ အသီးအရွက်တွေချည်းပဲကျွေးတဲ့အခါ အားပြတ်အောင်လုပ်သလိုဖြစ်ပြီး ကြောင်ကိုအကြားအာရုံထိခိုက်စေတာ အရေပြားပြဿနာတွေဖြစ်စေတာနဲ့ ကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်စေတာတွေပါဖြစ်စေနိုင်ပါတယ်။ ကြောင်ကကြောင် လူကလူပါပဲ။

 

ကြောင်ကျ ကျတယ်

ဒါကတော့ လူတွေပြောလေ့အရှိဆုံးစကားပါပဲ။ကြောင်တွေဆိုကြည့်ပါလား ..ကြောင်ကျကျတယ်လေ.. ဆိုတာမျိုးပေါ့။ ကြောင်ကျကျတယ်ဆိုတာက အမြင့်ကြီးကနေပြုတ်ကျလည်း ကြောင်ဆိုတာမျိုးက ခြေလေးချောင်းပေါ်ပဲကျလို့ လုံးဝစိုးရိမ်စရာမရှိဘူးလို့ပြောတာပါ။အချို့များဆို ကြောင်ကျကျမကျသိချင်လို့ ကြောင်ကိုပြတင်းပေါက်ကပစ်ချတာမျိုးတောင်ရှိပါတယ်။ အဲ့ဒီလိုလူတွေတွေ့ရင် လူကျဘယ်လိုကျသလဲရောမသိချင်ဘူးလား၊ခုန်ချကြည့်ပါလားလို့သာမေးလိုက်ချင်တော့တာပဲ။တကယ်တမ်းက ကြောင်ကျကျတယ်ဆိုတာ တစ်ဝက်ပဲမှန်ပါတယ်။များသောအားဖြင့်ခြေလေးချောင်းပေါ်ကျတဲ့အချိန်တွေကများတယ်ဆိုတာ ကြောင်တွေရဲ့အရိုးတွေက လှည့်နိုင်ပြုနိုင်တဲ့အရှင်တွေဖြစ်လို့ပါ။အမြင့်ကြီိးကနေကျလို့ လှည့်ဖို့အချိန်ရလိုက်တယ်ဆိုရင်ကြောင်ကျကျနိုင်ပါတယ်။ခပ်နိမ့်နိမ့်ကနေကျရင်၊ဒါမှမဟုတ် ကြောင်ကအသက်ကြီးလို့ အိုမင်းချိနဲ့နေတဲ့ကြောင်ဖြစ်ခဲ့မယ်ဆိုရင် အရိုးတွေကိုလှည့်ဖို့အချိန်ရလိက်မှာမဟုတ်လို့ လူတွေတိုက်ပေါ်ကပြုတ်ကျရင် ဖြစ်မယ့်အပျက်အစီးတွေအတိုင်းပဲ ကြောင်မှာလည်းဖြစ်မှာပါ။

 

ကြောင်တွေက တစ်ကိုယ်တည်းနေတတ်တဲ့သတ္တဝါတွေ

ကြောင်တွေကိုကြည့်လိုက်ရင် သစ်ပင်ပေါ်မှာပဲဖြစ်ဖြစ် တစ်နေရာရာမှာပဲဖြစ်ဖြစ် တစ်ကိုယ်တည်းတွေးချင်ရာတွေးငေးချင်ရာငေးပြီိး ငူငူကြီးဝပ်နေတတ်ကြတာမို့ သူတို့က တစ်ကိုယ်တည်းနေတတ်တဲ့ သတ္တဝါတွေလို့ လူတွေကထင်မှတ်ထားတတ်ကြပါတယ်။ ဒါပေမယ့် ကြောင်တွေဟာလည်းလူတွေလို အစုအဖွဲ့နဲ့နေတတ်သူတွေဖြစ်ကြောင်း တစ်ကောင်နဲ့တစ်ကောင်ထွေးရောယှက်တင်နေနေတဲ့ ကြောင်အုပ်စုကြီးတွေကိုကြည့်ရင်တွေ့နိုင်ပါတယ်။ကြောင်တွေက အကောင်ရေများခဲ့ရင် အုပ်စုဖွဲ့ပြီးနေတတ်ရုံတင်မက ကြောင်မတွေက တစ်ကောင်ရဲ့ကလေးကိုတစ်ကောင်ကကျောသားရင်သားမခွဲခြားပဲအတူတူစောင့်ရှောက်ပေးတတ်တဲ့ချစ်ဖို့ကောင်းတဲ့အလေ့အထလေးပါရှိပါသေးတယ်။

 

ကြောင်တွေရဲ့ အရောင်က သူတို့ရဲ့စိတ်ဓာတ်ပေါ်အကျိုးသက်ရောက်မှုရှိတယ်

လူတွေကဘာမှန်းတော့မသိ။လူမည်းတွေနဲ့လူဖြူတွေကိုလူတန်းစားမခွဲခြားရဘူးလို့ထိုင်ထိုင်အော်ပြီး ကိုယ့်အိမ်ကကြောင်ကိုကျတော့ မည်းလို့ ကံဆိုးမှာစိုးလို့ သူများပေးပစ်တယ်တဲ့။လူတွေလိုပဲကြောင်တွေဟာလည်း မမွေးလာခင်က ကြောင်ဘုံဘဝအစမှာ ဘာအရောင်လေးဖြစ်ချင်တယ်တို့ Blonde Gray လေးဖြစ်ချင်တယ်လိုရွေးလို့မှမရတာကိုနော်။ကြောင်တွေရဲ့စိတ်ဓာတ်တွေဟာ သူတို့ရဲ့အရောင်တွေနဲ့ လားလားမျှမသက်ဆိုင်ပါဘူး။

 

ခုပြောပြသွားတာတွေကတော့ ပူစီလေးတွေနဲ့ပက်သက်ပြီးလူတွေသိထားတဲ့ မှားယွင်းတဲ့အချက်အလက်တွေပဲဖြစ်ပါတယ်။

 

Unicode Format


 














358 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.