ခံစားချက်တွေအသွင်ပြောင်းလာခဲ့တဲ့အခါ…

ကိုယ်ချစ်တဲ့သူတွေ၊ကိုယ်သံယောဇဉ်ရှိတဲ့သူတွေ၊ကိုယ့်ကို ချစ်တယ်လို့ ကိုယ်ထင်မြင်ယူဆခဲ့သူတွေ၊ယုံကြည်စိတ်ချခဲ့မိသူတွေက ကိုယ်နဲ့အဝေးကြီးကိုတဖြည်းဖြည်းချင်းလှမ်းလျှောက်သွားနေပြီဆိုတဲ့ခံစားချက်မျိုးဖြစ်ဖူးလား။အေးစက်မှုန်ရီနေတဲ့ဆောင်းညတွေမှာ နှင်းမှုန်တွေစွတ်စိုပြောင်လက်နေတဲ့ ကတ္တရာလမ်းလေးပေါ်မှာ ကိုယ့်ကိုယတိပြတ်ကျောခိုင်းထွက်ခွာသွားသူကို အေးအေးလူလူထိုင်ကြည့်နေရသလိုခံစားချက်မျိုးပေါ့။ ဘာတွေပဲလုပ်လုပ်ဘာမှအကြောင်းမထူးတော့ဘူးလို့ ကြိုသိနေတာကြောင့် ဒီိတိုင်းပဲ ငြိမ်ငြိမ်လေးထိုင်နေဖို့ဆုံးဖြတ်လိုက်တဲ့ နေ့တွေညတွေအကြောင်းပေါ့။

ဒါမှမဟုတ် ကမ္ဘာကြီးဟာ ကိုယ်မရှိလည်းသူ့ဟာသူ နေသားတကျလည်ပတ်နေတာပဲ၊လူတွေဟာ ကိုယ်မရှိလည်း အဆင်ပြေနေတာပဲ၊ကိုယ်ဟာ ဘယ်နေရာမှာမှ အံဝင်ခွင်ကျမဖြစ်တဲ့ မသေမသပ်ဖွာလန်ကြဲနေတဲ့ ထာင့်စွန်းတွေနဲ့ ဖရိုဖရဲကုဗတုံးလေးပဲလို့ ထိတ်လန့်တကြားသတိထားမိဖူးလား။ဒဏ်ရာပေါ်ဒဏ်ရာထပ်လို့ ကိုယ့်နဂိုက ဘာပုံစံမှန်း ဘယ်လိုအရောင်အသွေးမှန်း မသိတော့လောက်အောင်ကို ဒဏ်ရာတွေက ကိုယ့်ကိုပုံဖော်သွားတဲ့အချိန်တွေကိုရော တွေ့ကြုံဖြတ်သန်းခဲ့ရဖူးလား။လှပသပ်ရပ်သယောင် ဂရုတစိုက်ဖန်တီးထားတဲ့ အပေါ်ယံအလွှာကို ခွာချလိုက်တဲ့အခါ အောက်မှာရှိနေတဲ့အရာက ဘယ်သောအခါမှ မကျက်တော့မယ့် ဝေဒနာလွင်ပြင်ကြီးဖြစ်နေတာကိုရော ကြိုးစားမေ့ဖျောက်ဖူးလား။

လူတွေက ကိုယ့်ကိုရိုးရှင်းစွာပဲ မလိုချင်ကြတော့တာလည်းဖြစ်နိုင်ပါတယ်။ အရာရာဟာ အမြဲမရှိဘူးမဟုတ်လား။ အပန်းဖြေခရီးတွေအတူတူထွက်ဖူးတဲ့အတွဲတွေ၊နှစ်ပေါင်းကြာအောင် အပြန်အလှန်ဖေးမပြီးအတူတူရှိနေခဲ့တဲ့ချစ်သူစုံတွဲတွေတောင် မျက်စိတစ်မှိတ် လက်ဖျောက်တစ်ချက်ကာလလေးအတွင်း ကွဲကွာနေကြတာပဲ။  ဘယ်အရာမှအမြဲမရှိပါဘူးလို့သိထားလိုက်ရင် လူတွေရဲ့ခံစားချက်တွေဟာလည်းအမြဲပြောင်းလဲနေတာပဲလို့သိထားမယ်ဆိုရင် ကိုယ့်အနားကလူတွေရဲ့စွန့်ခွာသွားမှုအပေါ်သင့်ရဲ့တုံ့ပြန်မှုက အနည်းငယ်ကနေ သုညအထိဖြစ်သွားနိုင်မှာပါ။ စွန့်ပစ်ခံရတော့မယ့် ခံစားချက်မျိုးဆိုတာ တော်တော်ခါးတာပေါ့။ ကိုယ့်ကိုမလိုအပ်တော့ဘူးဆိုတဲ့ ခံစားသိစိတ်က တရိပ်ရိပ်တက်လာခဲ့တဲ့ဒီရေတွေလို ကိုယ့်စိတ်နံရံကို ဖြည်းညှင်းနှေးကွေးစွာကုတ်ခြစ်လာတဲ့အခါ Depression တွေဝင်၊emotional တွေဖြစ်နေမယ့်အစား သင်လုပ်သင့်တာကတော့ နှစ်ခုပဲရှိပါတယ်။ ကိုယ့်စိတ်ထဲမှာပဲဖြစ်နေတာလား၊အမှန်တကယ်လားဆိုတာဆန်းစစ်ပါ။ ပြောချင်တာက ကိုယ်ကပဲထင်ယောင်မှားမှုတွေခံစားနေရတာလားပေါ့။ တစ်ဖက်လူက တကယ်ကိုပဲကိုယ့်ကိုမလိုချင်တော့ဘူး၊မလိုအပ်တော့ဘူးလို့ သေချာသွားခဲ့ရင်တော့ နောက်တစ်ဆင့်ပါ။နောက်တစ်ဆင့်ပြုလုပ်ရမှာက လှည့်ထွက်ခဲ့ဖို့ပါပဲ။ဒါက အကျအရှုံးသက်သာစေတဲ့နည်းပါ။ ဘယ်လိုအနေအထားမှာမဆို ကိုယ့်ကိုမလိုအပ်တော့ဘူးလို့ ခံစားရတာနဲ့ ချက်ချင်းလှည့်ထွက်ခဲ့ပါ။ လူတွေက မပြောင်းလဲပါဘူး။ခံစားချက်တွေကပြောင်းလဲနေတာပါ။ သင်လည်းလူတစ်ဦးပဲဖြစ်တဲ့အတွက် သင့်ခံစားချက်တွေလည်းပြောင်းလဲနိုင်ပါတယ်။အဲဒီအတွက်ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ဖို့မလိုပါဘူး။

လောကကြီးမှာ လှည့်ထွက်ရမယ့်လမ်းတွေ၊ပိတ်ပစ်ရမယ့်တံခါးတွေနဲ့ တတ်နိုင်သမျှ မထိတွေ့ကြရပါစေနဲ့ပေါ့…။

…………………………………………………….

Unicode Format




…………………………………………………….

158 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.