ကိုက်နေတဲ့သွားလို ဘဝထဲကနေ ဆွဲနှုတ်ပစ်သင့်တဲ့ လူတွေ

 

သစ်ပင်အမြစ်တွေကိုမြေကြီးထဲကနေဆွဲနှုတ်လိုက်ရင် မြေဆီမြေသားတွေဖွာလန်ကျဲပြီးကျန်ခဲ့သလိုပဲ ကိုယ့်ဘဝထဲမှာအချိန်တွေအကြာကြီိးရှိနေတဲ့လူအချို့ကို ဘဝထဲကနေဆွဲထုတ်ပစ်လိုက်ရမယ့်အဖြစ်ဟာ ကိုယ့်စိတ်နှလုံးကို နာကျင်ပူလောင်စွာ ဖရိုဖရဲဖြစ်စေမှာအမှန်ပါ။ အနာကျက်ဖို့လည်းအချိန်တစ်ခုလိုကောင်းလိုပါလိမ့်မယ်။အဲ့ဒါဟာ ဘာနဲ့တူသလဲဆိုတော့ ကိုက်နေတဲ့ သွားနဲ့အလားသဏ္ဍာန်တူပါတယ်။ ဟုတ်ပါတယ်။ အဲ့ဒီသွားနဲ့ပဲ တစ်ချိန်တုန်းက အစားအစာတွေကိုဝါးခဲ့တာပဲ။အဲဒီသွားကိုအားပြုပြီးတော့ပဲ ကိုယ်နှစ်သက်တဲ့အရာတွေကိုမြည်းစမ်းခွင့်ရခဲ့တာပဲ။ ဒါပေမယ့် ဒီသွားဟာ အခု အရင်တုန်းက ကိုယ့်ကိုအကျိုးပြုခဲ့တဲ့သွားမဟုတ်တော့ပါဘူး။သူအရင်တုန်းက ကိုယ့်အပေါ်မှာကောင်းခဲ့သားပဲလေဆိုပြီး ဆက်ထားရင် သွားအမြစ်တွေပုပ်ဆွေးပြီး နောက်ဆုံး သွားဖုံးကင်ဆာပါဖြစ်စေနိုင်ပါတယ်။ မကောင်းတော့တဲ့အရာဟာ ဆက်ထားလို့လည်း ကိုယ့်ကိုဘာအကျိုးမှဖြစ်ထွန်းစေမှာမဟုတ်တဲ့အပြင် ဆိုးကျိုးတွေပဲဆက်ကာဆက်ကာပေးသွားဖို့ရာခိုင်နှုန်းများပါတယ်။ဒါကြောင့်သေချာပေါက် နှုတ်ပစ်ရပါမယ်။

အချို့လူတွေဟာ ကိုယ်တို့ရဲ့ဘဝမှာ ကိုက်နေတဲ့သွားနဲ့သိပ်တူတာပေါ့။ အရင်တုန်းကကိုယ့်အပေါ်မှာ သိပ်ကိုကောင်းခဲ့ဖူးမယ်။ကြင်နာယုယပြီး အကူအညီတွေပေးခဲ့ဖူးမယ်။ကိုယ်ဟာလည်းသူတို့ကို ကိုယ့်အနားမှာတစ်သက်လုံးကြင်ကြင်နာနာရှိနေတော့မယ်အထင်နဲ့ ယုံကြည်စိတ်ချခဲ့ဖူးမယ်။အိပ်မက်တွေမက်ခဲ့ဖူးမယ်။ ဒီနေရာမှာ ချစ်သူရည်းစားမှမဟုတ်ပါဘူး။ချစ်ခြင်းမေတ္တာနဲ့အပြန်အလှန်ပေါင်းသင်းဆက်ဆံဖေးမခဲ့ဖူးတဲ့လူတွေမှန်သမျှကိုရည်ညွှန်းပါတယ်။စိတ်ချလက်ချနဲ့ရှေ့ဆက်လျှောက်နေစဉ်မှာပဲ အချက်ပြသံမကြား၊နမိတ်ပြမေးခွန်းမဆို၊ရှေ့ပြေးအရိပ်အယောင်တစ်ခုတစ်လေမှမမြင်လိုက်ရပါပဲ သူတို့ဟာ မျက်စိတစ်မှိတ် လက်ဖျောက်တစ်ချက်အတွင်း ပြောင်းလဲသွားကြမယ်။ တစ်ချိန်တုန်းကကိုယ့်အပေါ်ကောင်းခဲ့ဖူးတဲ့ လူဟာ ခုချိန်မှာ ကိုယ့်ကိုအထင်အမြင်တွေလွဲမှားပြီးဆိုးရွားစွာဆက်ဆံလာမယ်။ အထင်အမြင်လွဲတယ်ဆိုရင် အတိုင်းအတာတစ်ခုထိဖြေရှင်းလို့ရပါသေးတယ်။ ဒါမှမဟုတ် ရိုးရိုးလေးပဲ သူ့ရဲ့ခံစားချက်တွေပြောင်းလဲသွားမယ်။ လောကကြီးမှာ အရာရာတိုင်းဟာ အမြဲမရှိ ပြောင်းလဲတတ်တယ်ဆိုတဲ့သဘောကိုသိထားဖို့ပါပဲ။ကျန်တာကဒီလောက်မဟုတ်။ အဓိကက အဲ့ဒီိလိုအခြေအနေမှာ ဘာဆက်လုပ်ရမလဲ…။

အဖြေကတော့ ရိုးရှင်းသလောက် ခက်လည်းခက်ခဲပါရဲ့။ အဲ့ဒါကတော့ ကိုက်နေတဲ့သွားကိုနှုတ်ပစ်လိုက်ဖို့ပါပဲ။ လူတစ်ယောက်ဟာ ကိုယ့်အတွက်ကိုက်နေတဲ့သွားဟုတ်မဟုတ်ဆိုတာ အရင်ဆန်းစစ်ရပါမယ်။ အဲ့ဒီိလူဟာ ကိုယ့်ကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဒုက္ခပေးနေတာအတိုင်းအတာကျော်လာပြီိလား ကိုယ့်အနေနဲ့ခွင့်လွှတ်ပေးပြီးရှေ့ဆက်ရင်တောင် ကိုယ်တို့ကြားထဲက အရာရာဟာ အရင်လိုအကောင်းအတိုင်းပြန်မဖြစ်နိုင်တော့ဘူးလား။ ဘယ်လို ဆက်စပ်ပစ္စည်းမျိုးနဲ့မှ ပြုပြင်ပြင်ဆင်လို့မရတော့လောက်အောင်ကို အက်ကွဲကြောင်းကြီးက ကြီိးမားနက်ရှိုင်းနေခဲ့ပြီလား။ အဲ့ဒါဆိုရင်တော့ သူဟာကိုယ့်ဘဝထဲမှာ ကိုက်နေတဲ့သွားပါပဲ။ နေရာမှာ ဆက်ထားလို့ ဘာအကျိုးမှမပြုတော့မယ့်အပြင် ကိုယ့်ဘဝကိုတရိရိနဲ့တိုက်စားဖြိုဖျက်မယ့်အရာမျိုးပေါ့။ ကိုက်နေတဲ့သွားကိုနှုတ်တာတောင် စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ အားတင်းရမှုတွေလိုအပ်သေးတာ ကိုယ်ချစ်ခင်မြတ်နိုးဖူးတဲ့လူတစ်ယောက်လုံးကို ဘဝထဲကဆွဲထုတ်ပစ်လိုက်ပြီး ဘာမှမဖြစ်သလို ဟန်မပျက်ရှေ့ဆက်ဖို့ဆိုတာက ပိုလို့တောင်ဆိုးတာပေါ့။ ဒါပေမယ့် ကိုက်နေတဲ့သွားဆိုတာမျိုးက နှုတ်ကိုနှုတ်ရမှာပါ။အနှေးနဲ့အမြန်ပါပဲ။ ဒီထက်ပိုပြီးနာကျင်မှုကိုခံစားပြီးမှ နှုတ်မလား။ခုချက်ချင်းပဲနှုတ်ပစ်လိုက်ပြီး လွပ်လပ်ပေါ့ပါးစွာနေထိုင်သွားမလားဆိုတာကတော့ ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ရွေးချယ်မှုပါ။ သတိချပ်ရမှာက ကိုယ့်ဘဝထဲမှာ လူတိုင်းဟာ ကိုက်နေတဲ့သွားတစ်ချောင်းဖြစ်လာနိုင်တယ်ဆိုတာပါပဲ။ ကိုယ်မဖြစ်လောက်ပါဘူးလေ…လို့ တွေးနေတဲ့လူတွေကအဖြစ်နိုင်ဆုံးပါ။ဒါကြောင့် အသုံးအဝင်ဆုံးအကြံတစ်ခုပေးရရင် ဘယ်သူ့ကိုမှ သံယောဇဉ်မတွယ်မိပါစေနဲ့။ မပျော်ရွှင်ရရင်နေပါစေ.. မနာကျင်ရအောင် ကာကွယ်ပါ။

လူတိုင်းလူတိုင်း ကိုက်နေတဲ့သွားတွေဘဝမှာ ရှိမလာပါစေနဲ့။ဒါမှမဟုတ် ကိုက်နေတဲ့သွားတွေကို အထိအရှနည်းစွာနဲ့ အမြန်ဆုံးနှုတ်ပစ်နိုင်ကြပါစေပေါ့။

 

Unicode Format





0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.