Tattoo မထိုးခင် သေချာပေါက်သိထားသင့်တဲ့အချက်တွေ…

မသိလိုက်ရရင်နောင်တရမှာပါနော်။မပြောမရှိပါနဲ့။ ဒီိခေတ်ကြီိးမှာ Tattoo ဆိုတာက ယောက်ျားလေးတွေမှာရော မိန်းကလေးတွေကြားမှာပါခေတ်စားလာတဲ့ အရေပြားတန်ဆာဆင်မှုတစ်ခုလို့ဆိုရင် မှားမယ်မထင်ပါဘူး။ဒါပေမယ့် Tattoo ဆိုတာက permanent ink ဖြစ်လေတော့ တစ်ခါထိုးပြီးရင် ပြန်မဖျက်မခြင်း တစ်ဘဝလုံး ကိုယ့်အရေပြားပေါ်မှာ အဲ့ဒီအရာက တည်ရှိနေတော့မယ့်အဖြစ်ပါ။ ဒီတော့ ကိုယ်တစ်သက်လုံးအတူနေရမယ့်ဘဝလက်တွဲဖော်ကို အမျိုးမျိုးအဖုံဖုံသော စံနှုန်းထားတွေနဲ့ရွေးကြသလို ကိုယ်သေသွားပြီးသည့်တိုင် ကိုယ့်အရေပြားပေါ်မှာထင်ကျန်ရစ်နိုင်တဲ့ တက်တူးတွေကို မရေးထိုးခင်သိထားသင့်တဲ့ အရာလေးတွေကိုစုစည်းဖော်ပြလိုက်ရပါတယ်။

 

သင့်ရဲ့ Tattoo artist ကို လေ့လာပါ

ခန္ဓာကိုယ်မှာ မပြောကောင်းမဆိုကောင်းခွဲစိတ်မှုတစ်ခုလုပ်ရတော့မယ်ဆိုရင် လူနာတိုင်းက ကိုယ့်ကိုခွဲပေးမယ့် ဆရာဝန်အကြောင်း အနည်းနဲ့အများတော့ လေ့လာပြီးမှ စိတ်ချလက်ချအခွဲခံကြတာမဟုတ်လား။ဒါကြောင့် သင်ထိုးမယ့် tattoo ဆရာအကြောင်းကိုလည်း မထိုးခင်လေ့လာထားသင့်ပါတယ်။ သူနဲ့ထိုးဖူးတဲ့သူတွေအသိထဲမှာရှိရင်လည်း နည်းနည်းပါးပါးမေးမြန်းစုံစမ်းပေါ့လေ။ စိတ်ရှည်ရဲ့လား၊လက်ရာကောင်းရဲ့လား။ဘာကြောင့်ဆို tattoo လောကကြီိးထဲမှာလည်း ခုမှစဝင်ကာစ လက်တည့်စမ်းချင်တဲ့ဝါသနာရှင်အဆင့်တက်တူးဆရာတွေက ဒုနဲ့ဒေးဖြစ်ပြီး သူတို့ကို ဈေးချိုချိုနဲ့ ရနိုင်လို့ပါပဲ။ ပိုက်ဆံထက်စိတ်ချရဖို့ကပိုအရေးကြီးပါတယ်။ စိတ်မချရတဲ့တက်တူးဆရာတစ်ဦးရဲ့အမှားဟာ သင့်ကို အနည်းဆုံး ရုပ်ဆိုးဆိုးတက်တူးတစ်ခုရစေပြီး အဆိုးဆုံး AIDS ရောဂါရစေနိုင်တယ်ဆိုတာ သတိချပ်ပါ။

 

သင့် Tattoo ဟာ သင့်လုပ်ငန်းကိုထိခိုက်စေနိုင်သလား

သင်က အခုလုပ်နေတဲ့အလုပ်ကိုတစ်သက်လုံးလုပ်သွားမယ်ဆိုတဲ့ အာမခံချက်မရှိပါဘူး။ ဘဝကံကြမ္မာဆိုတာအချိန်မရွေးအမျိုးမျိုးကျွမ်းထိုးမှောက်ခုံတွေပြောင်းလဲနေနိုင်တာဖြစ်လေတော့ ကံကြမ္မာလှိုင်းလုံးတွေနဲ့ရိုက်ပုတ်ခံရချိန်မှာ သင့်ရဲ့ Tattoo က သင့်ကိုပိုပြီးဝန်ထုပ်ဝန်ပိုးဖြစ်စေမှာလား။ ပြောချင်တာက အခုအချိန်အထိ တက်တူးထိုးထားတဲ့လူတွေကို ရွံရှာစက်ဆုပ်တဲ့အကြည့်တွေနဲ့ကြည့်တတ်တဲ့လူတန်းစားတစ်ရပ်ကရှိနေဆဲပါ။ ဒါကြောင့် သင်အခြားအလုပ်တစ်ခုရှာရဖွေရတဲ့အခါ တက်တူးတွေက သင့်ကိုအဟန့်အတားဖြစ်စေမှာလားဆိုတာတွေးထားသင့်ပါတယ်။မဟုတ်ဘူး တစ်ပြားမှမရှိတော့ရင်တောင် လမ်းဘေးမှာမုန့်ဟင်းခါးပဲရောင်းမှာ ဆိုရင်တော့တစ်မျိုးပေါ့လေ။

 

အနာဂတ်ကသင်က ဒီ Tattoo ကိုနှစ်သက်ပါ့မလား

ပြောချင်တာက ယခုလက်ရှိသင်က တက်တူးထိုးဖို့ကိုအရူးအမူးဖြစ်နေပေမယ့်အနာဂတ်က သင့်အတွက် ဒီတက်တူးဟာရှက်စရာတစ်ခုဖြစ်နေနိုင်သလား။ဒီအကြောင်းတရားရဲ့နမူနာကတော့ ချစ်သူမျက်နှာဝင်းပပကို မဝတဝကြည့်ချင်တာဘာညာသာရကာနဲ့ ချစ်သူမျက်နှာကိုလက်မောင်းတွေကျောတွေမှာတက်တူးတွေထိုးပြီး လမ်းခွဲပြတ်စဲပြီးလည်းသွားရော ချစ်သူမျက်နှာရွှန်းပပက ခြင်္သေ့မျက်နှာတွေဖြစ်လိုဖြစ် ဒဿဂီရိမျက်နှာကြီးအဖြစ် အသွင်ပြောင်းလိုပြောင်းနဲ့ ဘဝပြောင်းသွားရတဲ့သာဓကတွေကလည်း အရှိသားပဲမဟုတ်လား။Tattoo removal,covering လုပ်လို့မရဘူးလားဆိုတော့ ရပါတယ်၊ပိုက်ဆံသာရှိရင်အချိန်မရွေးပါပဲ။ ဒါပေမယ့် တက်တူးတစ်ခုဆိုတာ ထိုးတော့သာတစ်ထိုင်တည်းပြီးတာ၊ဖျက်ဖို့ဆိုရင်တော့တစ်ရက်လည်းမပြီး၊နှစ်ရက်လည်းမပြီး တော်တော်အချိန်ကုန်လူပန်းဖြစ်မယ့်ကိစ္စကြီးပါ။ဒါကြောင့် လတ်တလောခံစားချက်တွေကိုဖော်ပြတဲ့တက်တူးမျိုးထိုးတာရှောင်ကြဉ်စေချင်ပါတယ်။ခံစားချက်တွေကအမြဲလိုလိုပြောင်းလဲနေတတ်တာမို့ပါ။

 

သင်က မိန်းကလေးတစ်ဦးဆိုရင်

မဟုတ်ပါဘူး။အဲ့ဒီလိုလုံးဝမဟုတ်ပါဘူး။မိန်းကလေးမို့လို့ တက်တူးမထိုးရဘူးဆိုတဲ့ ဘိုးတော်ဘုရားလေးဘက်သွားခေတ်က အတွေးအခေါ်ကြီးတွေနဲ့ပစ်ပေါက်မှာမဟုတ်လို့ စိတ်ချလက်ချဆက်ဖတ်နိုင်ပါတယ်။ သင်ကမိန်းကလေးတစ်ဦးဆိုရင်တော့ ဘဝရဲ့တစ်ချိန်ချိန်မှာ မိန်းကလေးတစ်ဦးပြုလုပ်နိုင်တဲ့အရာဖြစ်တဲ့ မိခင်ဘဝခံယူခြင်းကိုပြုလုပ်ကောင်းပြုလုပ်ဖြစ်မှာပါ။ အဲ့ဒါဆိုရင်တော့ သင့်ရဲ့မွေးဖွားပြီးအချိန်ဟာ သင့်တက်တူးရဲ့အဆုံးသတ်ချိန်ဖြစ်သွားနိုင်ပါတယ်။သင်ကိုယ်ဝန်ဆောင်နေချိန်နဲ့မွေးဖွားပြီးချိန်မှာဖြစ်မယ့် ကိုယ်အလေးချိန်အတက်အကျတွေ၊အရေပြား ဆွဲဆန့်ခြင်းတွေ၊အကြောပြတ်ရာတွေ၊ခြေတွေလက်တွေဖောယောင်တာတွေဟာ သင့်ရဲ့တက်တူးလှလှလေးကိုပုံပျက်ပန်းပျက်ပြောင်းလဲသွားစေနိုင်တာဟာ ကောင်းကောင်းကြီးသတိပြုရမယ့်အချက်ပါ။ တစ်သက်လုံးအပျိုကြီးလုပ်ဖို့ဆုံးဖြတ်ထားရင်တော့ ထိုးပါလေ့ ပေါ့နော် 😛

 

ချွေးထွက်များတဲ့နေရာတွေအနီးမှာ Tattoo ထိုးခြင်းရှောင်ကြဉ်ပါ

ဒါကလူတော်တော်များများ ထည့်တွေးလေ့မရှိကြတဲ့အချက်ဖြစ်ပြီး အမှန်တကယ်အရမ်းအရေးကြီးတဲ့အချက်လည်းဖြစ်ပါတယ်။ အဲ့ဒါကတော့ ချွေးထွက်များတဲ့ ချိုင်းလို၊private area အစပ်လိုနေရာမျိုးတွေမှာ တက်တူးမထိုးသင့်ဘူးဆိုတဲ့အချက်ပါပဲ။ အကြောင်းရင်းကတော့ တက်တူးမှာပါတဲ့ ဆေးတွေမင်တွေက ချွေးထွက်တဲ့ဂလင်းအပေါက်လေးတွေကိုပိတ်ဆို့စေနိုင်လို့ပါ။ လူတွေရဲ့ခန္ဓာကိုယ်မှာအပူချိန်အလွန်အကျွံတက်လာခြင်းကိုလျှော့ချကာကွယ်ဖို့ ပုံမှန်ချွေးထွက်ပေးနေရခြင်းဖြစ်ပြီး ချွေးထွက်ဂလင်းတွေပိတ်ဆို့ခံလိုက်ရတဲ့အခါ အပူချိန်မညီမျှတာကစလို့ အရေပြားပြဿနာတွေများစွာဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင်တက်တူးထိုးတဲ့နေရာတင်မဟုတ် တက်တူးရဲ့ဘေးပတ်ပတ်လည် အရေပြားတွေပါ ချွေးထွက်နှုန်းတစ်ဝက်တိတိလျော့ကျသွားတတ်ကြောင်း ဆေးပညာစစ်ဆေးချက်စာတမ်းတွေအရသိရပါတယ်။ သင်က ချွေးထွက်များသူဆိုရင်တော့ တက်တူးထိုးခြင်းဆိုတဲ့ အရေပြားအလှဆင်မှုဟာ သင့်အတွက်မဟုတ်ပါဘူး။

 

ဒါတွေကတော့ တက်တူးမထိုးခင်သေချာပေါက်သိထားသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။ Tattoo ဆိုတာ fashion တစ်ခုဖြစ်သလို လူတွေမှာ ကိုယ့်ခန္ဓာကိုယ်ကိုကိုယ်နှစ်သက်သလိုအလှဆင်နိုင်တဲ့ လွပ်လပ်ခွင့်ရှိပါတယ်။အဲဒီအလှဆင်မှုက ကိုယ့်ကျန်းမာရေးနဲ့သူများတွေကိုမထိခိုက်သရွေ့ပေါ့။ လှပဆန်းသစ်ပြီးလက်ရာကောင်းတဲ့တက်တူးလေးတွေကို အန္တရာယ်ကင်းကင်းနဲ့ပိုင်ဆိုင်နိုင်ကြပါစေ။

 

Unicode Format

 


 



 



 



 



 



 


95 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.