အချစ်ရေးမှာအချိန်ရဲ့အရေးပါမှု

တစ်မြို့တစ်ရွာစီမှာနေကြတဲ့ Long Distance Relationship ဖြစ်စေ နေ့တိုင်းတပူးတွဲတွဲလုပ်နေလို့ရတဲ့ အချစ်ရေးပဲဖြစ်စေ အချစ်ရေးမှာအချိန်ဟာ အသွင်အမျိုးမျိုးနဲ့ အရေးပါအရာရောက်နေတာကိုတွေ့ရမှာပါ။ အချစ်ရေးမှာအချိန်ကဘယ်လိုအရေးပါသလဲဆိုတော့…

 

Timing/အချိန်ကိုက်ဖြစ်မှု

အချိန်ကိုက်ဖို့ဆိုတာ နေရာတကာမှာအရေးကြီးပါတယ်။အချို့သိပ်ကိုခက်ခဲမယ့်အလုပ်တွေဟာ ကံကောင်းချင်တော့သူ့ဟာနဲ့သူအချိန်ကိုက်ဖြစ်သွားလို့ လွယ်ကူစွာပြီးမြောက်အောင်မြင်သွားတာမျိုး၊အလွယ်တကူပြီးမြောက်ရမယ့် အလုပ်တွေဟာ  အချိန်လေးနည်းနည်းနောက်ကျသွားလို့တလွဲတချော်တွေဖြစ်သွားတာမျိုးကလည်းအများကြီးပါ။ ဒါကြောင့်မို့ အချစ်မှာ တစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာတွေ တိုင်ပင်ကိုက်ဖို့ကလည်း အရေးပါပါတယ်။

 

အတူရှိတဲ့အချိန်

အတူတူရှိတဲ့အချိန်နည်းပါးတဲ့ စုံတွဲတွေရဲ့အချစ်ရေးကတော့ များသောအားဖြင့် စိုးရိမ်ရေမှတ်မှာရပ်တည်နေလေ့ရှိပါတယ်။ပြတ်ပဲပြတ်တော့မလိုလို မပြတ်တော့ဘူးလိုလို ပြတ်တော့မလိုလိုနဲ့ သံသရာလည်နေလေ့ရှိတာကိုတွေ့ရမှာပါ။အကြောင်းကတော့ Out of sight,out of mind ဆိုသလိုပါပဲ။အတူရှိနေချိန်တွေနည်းပါးတော့ တစ်ဦးနဲ့တစ်ဦးနားလည်မှုတွေပါးလျလာပါတယ်။ ခပ်ပါးပါးရှိနေတဲ့နားလည်မှုတွေဟာ အဖျက်အမှောင့်တစ်စုံတစ်ရာကိုကြံ့ကြံ့ခံနိုင်ဖို့ဆိုတာဟာလည်း ရှားပါးတာကြောင့်ပါ။ဒါကြောင့်ချစ်ရင်တတ်နိုင်သမျှအချိန်ပေးရပါမယ်။ LDRS နဲ့မဆိုင်ပါဘူး။ LDRS တွေမှာဆိုရင်လည်း ဖုန်းပြောဖြစ်ချိန်တွေ video call ခေါ်ဖြစ်ချိန်တွေဟာ အတူရှိနေချိန်တွေပါပဲ။

 

ကိုယ်ပိုင်အချိန်

ချစ်သူရထားတဲ့သူတွေရဲ့ကြီးစွာသောမဟာအမှားက အားလပ်ချိန်မှန်သမျှကိုချစ်သူနဲ့ကုန်ဆုံးဖို့ကြိုးစားတာပါပဲ။တကယ်တမ်းက အားလပ်ချိန်မှန်သမျှကိုအသုံးချပြီိးကိုယ်ချစ်တဲ့သူအနားမှာတောက်တဲ့လိုကပ်နေမယ့်အစား ကိုယ်ဝါသနာပါရာအလုပ်တွေနဲ့ ကိုယ့်ဘဝတိုးတက်ရေးအလုပ်တွေလုပ်ဖို့အချိန်အနည်းငယ်တော့ချန်ထားသင့်ပါတယ်။ အချိန်ပြည့်ချစ်သူအနားပဲရှိပြီး ကိုယ့်ကိုယ်ကိုယ်အတွက်အချိန်မပေးတဲ့အခါ ကိုယ်ဘာဖြစ်နေသလဲဆိုတာကို ကိုယ့်စိတ်ကရိပ်မိဖို့ခဲယဉ်းသွားပါပြီ။အဲ့ဒီအခါ ပြောင်းလဲနေတတ်တဲ့စိတ်ရဲ့သဘောအရ မထင်မှတ်ထားတာတွေဖြစ်လာနိုင်သလို တစ်ချိန်လုံးတွေ့နေရတဲ့ချစ်သူကကိုယ့်အပေါ်ငြီိးငွေ့သွားတာ သိပ်ကိုအတွင်းကျကျပေါင်းလွန်းတော့ ရန်ဖြစ်စရာတွေစိတ်သဘောမတူတာတွေပေါ်လာပြီး စောစောစီးစီးလမ်းခွဲလိုက်ရတာ၊ဘယ်သူ့ကိုမှစိတ်မရှည်တတ်တော့တာနဲ့ တစ်စုံတစ်ယောက်အနားမှာ နေကျင့်ဖြစ်လာတော့ အနားမှာတစ်ယောက်ယောက်မရှိပဲမနေတတ်တော့တာ လိုမျိုး အနုစားစိတ်ရောဂါတွေပါဝင်လာနိုင်ပါတယ်။ဒါကြောင့်ကိုယ့်ကိုယ်ကိုယ်အချိန်ပေးဖို့လည်းအရေးကြီးပါတယ်။

 

ချစ်သူဖြစ်နေချိန်

ချစ်သူသက်တမ်း ဘယ်နှစ်နှစ်ဆိုတဲ့အတွဲတွေချည်းပဲပြတ်ပြတ်နေတာကများလေတော့ လူတွေကအချစ်ကိုအယုံအကြည်မဲ့လာတာလည်းအပြစ်မဆိုသာပါဘူး။ မှတ်ထားရမှာက သူတို့ရဲ့ကံနဲ့ကိုယ့်ရဲ့ကံကတူချင်မှတူမှာလေနော်။ချစ်သူရည်းစားတွေမကွဲချင်ရင်ပြုလုပ်ရမှာက အချိန်တွေအကြာကြီးမတွဲပဲအမြန်လက်ထပ်လိုက်ဖို့ပါပဲ။ဒါတောင်မှ ကွဲမယ့်အတွဲကကွဲကိုကွဲပါတယ်။လူတစ်ယောက်ဟာ အခြားလူတစ်ယောက်နဲ့ ရေစက်ပါတဲ့အချိန်က ငါးနှစ်ပဲဆိုပါတော့။အဲ့ဒီငါးနှစ်ကိုဘယ်လိုကုန်ဆုံးမလဲဆိုတာကအရေးကြီးပါတယ်။ ချစ်သူအဖြစ်နဲ့ ဖြတ်သန်းကုန်ဆုံးမလား။ဒါမှမဟုတ် တွေ့တာလပိုင်းအတွင်းလက်ထပ်လိုက်မယ်ဆိုရင် လေးငါးနှစ်သက်တမ်းရှိတဲ့ အိမ်ထောင်ရေးအနေနဲ့ကုန်ဆုံးသွားမလားပေါ့။လူတစ်ယောက်ကအခြားလူတစ်ယောက်နဲ့ရေစက်ဘယ်နှစ်နှစ်အထိပါလဲဆိုတာ ကိုယ်တိုင်လည်းမသိနိုင်သလိုဘယ်သူမှမသိနိုင်ပါဘူး။ဒါကြောင့်မို့ ချစ်သူဖြစ်လက်စအချိန်လေးတွေကိုကောင်းမွန်ပျော်ရွှင်စွာဖြတ်သန်းကြသင့်ပါတယ်။ အဝေးကြီးကိုကြိုမတွေးပဲ ဒီိနေ့တစ်ရက်ပဲအဆင်ပြေပျော်ရွှင်အောင်နေမယ်လို့ဆိုရင်း ဆယ်စုနှစ်တွေကြာတဲ့အထိ လက်တွဲမြဲနေကြသူတွေလဲအရှိသားပဲမဟုတ်လား။

 

အခုပြောပြသွားတာတွေကတော့ အချစ်ရေးမှာအချိန်ရဲ့အရေးပါပုံတွေဖြစ်ပါတယ်။ အဓိကကတော့ အချိန်ကိုသူ့နေရာနဲ့သူ ကိုင်တွယ်သွားနိုင်ပြီး ကိုယ့်ရဲ့ပျော်ရွှင်မှုကိုတည်ဆောက်ယူရုံပါပဲ။ စုံတွဲဆိုတာက တစ်ယောက်တည်းနဲ့မဖြစ် နှစ်ယောက်ရှိမှဖြစ်တဲ့ကိစ္စဖြစ်တာကြောင့် သတိထားဖို့ကတော့ ကိုယ့်ပျော်ရွှင်မှုတင်မက တစ်ဖက်လူရဲ့ပျော်ရွှင်မှုကိုပါထည့်တွက်တတ်ဖို့လိုပါတယ်။ ပျော်ရွှင်တည်မြဲတဲ့အချစ်ရေးကိုပိုင်ဆိုင်နိုင်ကြပါစေ။

 

Unicode Format


 



 



 



 



 


0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.