သင့်ဘဝကိုဖျက်ဆီးနိုင်တဲ့ သင့်ကိုယ်တွင်းကစကားသံတွေ

လူတစ်ယောက်ဟာ သူ့ရဲ့သက်တမ်းအတွင်းမှာ ကိုယ့်ကိုယ်ကိုယ်စကားပြောတဲ့အချိန်ကအများဆုံးပါပဲတဲ့။အထူးသဖြင့်ကိုယ့်ကိုယ်ကိုယ်အားကိုးတတ်တဲ့လူတွေဆိုရင်ပိုဆိုးပါတယ်။ ပုထုဇဉ်လူသားတွေဆိုသည်မှာလဲ ဘာပဲဖြစ်ဖြစ်ကိုယ့်ကိုယ်ကိုယ်သာအချစ်ဆုံးမဟုတ်လား။အဲ့တော့ ယုံကြည်မှုထားရာမှာလည်း ကိုယ်ချစ်ပါတယ်လေးစားပါတယ်ဆိုတဲ့သူတွေထက်တောင် ကိုယ့်ကိုယ်ကိုယ်ယောင်ယောင်လေးပိုပြီးယုံတတ်ကြသေးတာကိုး၊ငါထင်ရင်လွဲခဲတယ်..ဆိုတာမျိုးပေါ့။နေ့တဓူဝ ကိုယ့်အတွင်းစိတ်ကနေ ကိုယ့်ကိုပြောဖြစ်နေတဲ့စကားတွေဟာ ကိုယ့်သိစိတ်ကိုအရှိန်ပြင်းပြင်းလာရောက်ရိုက်ခတ်ပါတယ်။ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ဘယ်လိုသတ်မှတ်ထားသလဲ.. ကိုယ့်ကိုယ်ကိုယ်ဘယ်လိုအဓိပ္ပါယ်ရတဲ့စကားမျိုးတွေပြောဖြစ်နေသလဲဆိုတာက လျစ်လျူရှု့မထားသင့်တဲ့အရေးကြီးတဲ့အချက်လို့ဆိုနိုင်ပါတယ်။ လူတော်တော်များများရဲ့ဘဝကိုဖျက်ဆီးနိုင်တဲ့၊ဖျက်ဆီိးခဲ့ဖူးတဲ့၊ဖျက်ဆီးနေဦးမယ့် အတွင်းစိတ်ကထုတ်လွှတ်လေ့ရှိတဲ့ စကားတွေကိုတတ်နိုင်သမျှသတိထားရှောင်ကွင်းနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

 

ရပါတယ်

မရပါဘူး။ သင့်အတွက်အဆင်မပြေတာတစ်ခုခုကို အကြောင်းတစ်ခုခုကြောင့်ငြင်းမရတော့ဘူးလို့တွေးထင်မိတဲ့အခါတိုင်းမှာ သင့်အတွင်းစိတ်က သင့်ကိုအလိုအလျောက်ပြောနေမိတဲ့စကားပါ။ အချို့လူတွေရှိပါတယ်။သူတို့ကိုဘာပဲတောင်းဆိုလိုက်တောင်းဆိုလိုက် ရပါတယ်ဆိုတာချည်းပဲ၊ဘယ်တော့မှမရဘူးဆိုတာမရှိ။ အဲ့ဒီိလူတွေက လူချစ်လူခင်များကြတယ်။ဒါပေမယ့် သူတို့ကိုယ်သူတို့ဘယ်တော့မှစိတ်မကျေနပ်တာနဲ့ပဲပူလောင်နေတတ်ကြတဲ့သူတွေပေါ့။ အဲ့ဒီလိုလူမျိုးမဖြစ်ပါစေနဲ့။

 

ဒါလေးများ၊လွယ်လွယ်လေး

ဒါကတော့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီိးတဲ့စိတ်အခံရှိသူတွေမှာ ဖြစ်တတ်ပါတယ်။ ကိုယ်သိပ်မကျွမ်းကျင်တာတစ်ခုခုကိုအခြေအနေအရလုပ်ရတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်အားပေးလေ့ရှိတဲ့ ယုံကြည်မှုတစ်ဝက်၊အထင်ကြီးခြင်းတစ်ဝက်ပေါင်းစပ်ထားတဲ့စကားပါ။ ဒီစကားဟာ အမှန်တကယ်တော့မကောင်းပါဘူး။တစ်ခုခုကိုသင်ကလွယ်လွယ်လေးပါလို့ကိုယ့်ကိုယ်ကိုယ်အားပေးလိုက်တဲ့အခါ သင့်ဦိးနှောက်က သင့်စကားကိုယုံသွားပါတယ်။ယုံသွားပြီး အဲ့ဒီတစ်ခုခုကိုအားစိုက်ပြုလုပ်ရမယ်ဆိုတဲ့လုပ်ဆောင်ချက်ကိုအလိုအလျောက်ရပ်တန့်လိုက်ပါတယ်။ပြဿနာကိုအဖြေရှာတဲ့နေရာမှာလည်း သက်တောင့်သက်သာပဲရှာပါတော့တယ်။ အဲ့ဒါကြောင့် ဘာမဆိုလျှော့တွက်တာ၊လွယ်လွယ်လေးပါ၊ဒါလေးများ ကမ္ဘာအေးသွား၊ဘာမီတွန်သောက် ပျောက် ဆိုတာမျိုးတွေတတ်နိုင်သမျှမတွေးပါနဲ့။

 

ဒါမျိုးကဖြစ်နေကြပဲ

ပြဿနာတစ်ခုခုနဲ့ကြုံတဲ့အခါ၊တစ်ခုခုကိုအမြဲလိုလိုရှုံးနေကြဖြစ်နေတဲ့အခါ .. လူတွေကအလိုအလျောက် “အမြဲတမ်းဒါမျိုးချည်းပဲဖြစ်နေတာပဲ”ဆိုတာမျိုးပြောတတ်ကြပါတယ်။ ဥပမာ ဘောလုံးအသင်းတစ်သင်းကအခြားတစ်သင်းကိုငယ်နိုင်ဖြစ်နေတဲ့အခါ ရှုံးနေကြအသင်းရဲ့အသင်းသားတွေကအစ ရှုံးဦးမှာပါပဲကွာ၊သရေကျရင်ကံကောင်းတို့ဘာတို့လိုစကားတွေကိုနားယောင်နေတတ်ကြပါတယ်။တကယ်တမ်းမှာ history repeats itself ဆိုတာမျိုးက အင်မတန်ရှားတဲ့ ကိစ္စလို့ပြောရမှာပါ။ ဥပါဒန်ကြောင့်ဥပါဒ်ရောက်နေကြတာတွေကပိုများတာပေါ့။ ဒါကြောင့် တစ်ခုခုကိုဘယ်တော့မှပုံသေမတွေးပါနဲ့၊အခြားနည်းလမ်းတွေလည်းရှိသေးကြောင်း စွဲစွဲမြဲမြဲယုံကြည်ထားသင့်ပါတယ်။

 

မဖြစ်နိုင်တာကြီးကို

မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး၊မဖြစ်သေးတာပဲရှိပါတယ်။ လပေါ်ကိုတောင်လူတွေရောက်နေနိုင်ပြီပဲ။တကယ်တမ်းမှာလူတော်တော်များများက သူတို့တတ်နိုင်တာထက်အနည်းငယ်ခက်ခဲတဲ့ကိစ္စရပ်တစ်ခုခုကိုဆောင်ရွက်ရတော့မယ်ဆိုရင် မဖြစ်နိုင်ဘူး၊ဒါတော့ဘယ်လိုမှလုပ်နိုင်မှာမဟုတ်ပါဘူး လို့ အရင်ဆုံးရေရွတ်တတ်ကြပါတယ်။ တကယ်တော့ အပေါ်မှာပြောခဲ့သလိုပဲ မဖြစ်နိုင်ဘူးလို့ယူဆလိုက်တာနဲ့ သင့်ဦးနှောက်ကို အခြားနည်းလမ်းမရှာနဲ့တော့လို့အမိန့်ပေးလိုက်သလိုပါပဲ။ဦးနှောက်ကအေးအေးသက်သာဖြစ်သွားပါလိမ့်မယ်။ဒါပေမယ့် အခြားနည်းလမ်းတစ်ခုခုတော့ရှိမှာပါ အရှုံးမပေးနဲ့ ဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ်ခဏခဏပြောပေးနေရင် ကျဉ်းထဲကျပ်ထဲရောက်နေတာတောင်မှ ဦးနှောက်က နည်းလမ်းဆက်ရှာနေမှာပါ။

 

ငါ မသိဘူး

မသိဘူးဆိုတဲ့ကိစ္စဟာ အတော်ရှင်းရခက်တဲ့ပြဿနာပါ။ တစ်ခုခုကိုမသိဘူးလို့ကိုယ့်ကိုယ်ကိုယ်သိနေခြင်းဟာကောင်းပါတယ်။သိအောင်ဘယ်လိုလုပ်ရမလဲဆိုတာမျိုးဆက်တွေးလို့ရပါသေးတယ်။ဒါပေမယ့် မသိတဲ့နေရာမှာပဲရပ်နေရင်တော့ ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ ဒါကြောင့် “မသိဘူး၊သိအောင်ဘယ်လိုလုပ်ရမလဲ”ဆိုတာမျိုးတွေးသင့်ပါတယ်။

 

ခုပြောပြသွားတာတွေကတော့ သင့်အတွင်းစိတ်ထဲကနေ နေ့တဓူဝထုတ်လွှတ်နေကြဖြစ်တဲ့စကားတချို့တလေပါ။ ကိုယ့်အတွင်းစိတ်က စကားတွေကိုသတိထားပြုပြင်ခြင်းအားဖြင့် အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။

 

Unicode Format


 



 



 



 



 




134 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.