ကိုယ်နဲ့အကျင့်စရိုက်ချင်းမတူသူကိုချစ်မိခြင်းရဲ့ အကျိုးကျေးဇူးတွေ

သင့်ချစ်သူနဲ့သင်နဲ့ဟာအကျင့်စရိုက်ချင်းကွဲပြားသူလား။ ရုပ်သွင်သဏ္ဍာန်ချင်းကွဲပြားသူလား။ရန်ကုန်သားနဲ့မန္တလေးသူ မတူမတူမတူဘယ်အရာမှမတူ ဆိုသလိုပဲ ဘာတစ်ခုမှကို တူညီမှုမရှိသူလား။ အဲ့ဒါဆိုရင်တော့ ဝမ်းသာလိုက်ပါတော့။အသွင်တူမှအိမ်သူဖြစ်တယ်ဆိုတဲ့ ရှေးစကားတွေရှိခဲ့ပေမယ့် အတိတ်ကိုအတိတ်မှာပဲထားခဲ့ဆိုသလိုပဲ ရှေးစကားတွေဟာ ဒီိနေ့ခေတ်မှာလုံးလုံးကြီးမမှန်နိုင်တော့ပါဘူး။ စိတ်ပညာလေ့လာချက်စာတမ်းတွေအရ အသွင်မတူပဲတစ်ဦးနဲ့တစ်ဦး ကွဲပြားနေတဲ့ စုံတွဲတွေကအခြားစုံတွဲတွေထက် ပိုပြီိးမြဲလေ့ရှိကြကြောင်းသိရပါတယ်။ သင့်မှာ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာအသွင်မတူတဲ့ ချစ်သူတစ်ယောက်ကိုပိုင်ဆိုင်ထားတယ်ဆိုရင်တော့……

 

သင့်ရဲ့အတွေးအမြင်တွေကျယ်ပြန့််လာမယ်

လူအများစုဟာ ပုံမှန်အားဖြင့် ခေါင်းမာသူတွေဖြစ်ကြပါတယ်။ ကိုယ်နဲ့အမြင်မတူတာ၊ကိုယ့်စိတ်နဲ့မတွေ့တာဆိုရင် သိပ်ပြီးရှည်ရှည်ဝေးဝေးနားထောင်မနေပဲ စကားကိုတုံးတိကြီးဖြတ်ချရလောက်တဲ့အထိလည်း သတ္တိရှိတတ်ကြပါတယ်။ဒါပေမယ့် ကိုယ်ချစ်တဲ့သူဆိုရင်တော့ အရာအားလုံးကပြောင်းလဲသွားပါပြီ။ကိုယ်နဲ့အမြင်ချင်းမတူတဲ့သူကကိုယ့်ချစ်သူဖြစ်နေတဲ့အခါ ကိုယ်တို့တွေဟာ ချစ်တဲ့စိတ်နဲ့ ဒါမှမဟုတ်၊ရန်မဖြစ်ချင်တာကြောင့်ပဲဖြစ်ဖြစ် သူတို့ရဲ့အတွေးအမြင်ရှု့ထောင့်ကိုနားထောင်ပေးရပါတော့မယ်။အဲ့ဒီအခါ ကိုယ်ဘယ်တုန်းကမှမတွေးခဲ့ဖူးတာတွေသိလိုက်ရပြီးချိန်ထိုးစဉ်းစားနိုင်တဲ့အခွင့်အရေးတွေရလာပါတယ်။

 

ကိုယ်ချင်းစာတတ်လာမယ်

လူတွေဟာ အနည်းနဲ့အများတော့ကိုယ်ချင်းစာစိတ်ရှိကြတာချည်းပါပဲ။ဒါပေမယ့် ကိုယ်နဲ့သိပ်ကိုကွဲပြားနေတဲ့ ချစ်သူတစ်ယောက်ကောက်ရလိုက်တဲ့အခါမှာတော့ အချစ်ရဲ့စွမ်းအားကကြီးတာကြောင့် ကိုယ်ဘယ်တုန်းကမှမသိခဲ့တဲ့ သူ့ဘဝကိုစာနာနားလည်တတ်လာတာမျိုးဖြစ်နိုင်ပါတယ်။ ဥပမာ .. အရပ်ပုတဲ့ကောင်မလေးနဲ့ကြိုက်မိရင် အရပ်ပုသူတွေကိုကိုယ်ချင်းစာတတ်လာတာမျိုး၊အသားမည်းတဲ့ကောင်မလေးနဲ့ကြိုက်မိရင် သူကအသားမည်းလို့တွေ့ကရာကောက်ဝတ်လို့မရဘူးဆိုတာ စာနာနားလည်လာတာမျိုး။

 

ထိန်းချုပ်မှုလွတ်ကင်းတယ်

သင့်ချစ်သူကသင်နဲ့တူတာတွေအရမ်းများနေရင် အဲ့ဒီိတူညီမှုတွေကိုထိန်းသိမ်းဖို့ မသိစိတ်ထဲကဆန္ဒရှိလာမှာမြေကြီးလက်ခတ်မလွဲပါ။ အဲ့ဒါက တစ်ယောက်ကိုတစ်ယောက်အလိုလိုထိန်းချုပ် ချုပ်ချယ်လာခြင်းကိုဖြစ်စေပါတယ်။ ဒါကြောင့် သိပ်ကိုတူတာတွေများနေရင် အလွယ်တကူပြတ်တတ်ကြတာပါ။ သင်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ဘာမှမတူရင်တော့ တစ်ယောက်ကိုတစ်ယောက်ချုပ်ချယ်တာထက် သူလုပ်နိုင်တဲ့အရာကို အကောင်းဆုံးလုပ်ဖို့ အားပေးတာမျိုးသာဖြစ်လာနိုင်ပါတယ်။ တစ်ယောက်စာတွေကိုတစ်ယောက်အမြဲလိုလိုဝေဖန်နေတတ်တဲ့ စာရေးဆရာမောင်နှံထက် တစ်ယောက်ရဲ့ဖန်တီးမှုကိုတစ်ယောက် နှစ်သက်ခံစားလေ့ရှိတဲ့ စာရေးဆရာနဲ့ပန်းချီဆရာစုံတွဲက ပိုမြဲကြသလိုပေါ့။

 

အရည်အချင်းအသစ်တွေသင်ယူရရှိနိုင်မယ်

သင်နဲ့သင့်ချစ်သူနဲ့က ဘာမှမတူတဲ့အခါ သင်တို့နှစ်ယောက်ရဲ့ ကျွမ်းကျင်တဲ့နယ်ပယ်တွေလည်းတူကြမှာမဟုတ်ပါဘူး။သင့်ချစ်သူက ဂစ်တာတီးပြီးသီချင်းဆိုတဲ့သူဖြစ်ပေမယ့် သင်က Dancer တစ်ယောက်ဖြစ်နေနိုင်သားပဲ။အဲ့ဒီ့အခါ သင်တတ်ချင်တဲ့ အရည်အချင်းအသစ်တွေကိုတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်သင်ယူလို့ရတာမို့ သင်တို့ရဲ့ချစ်သူဘဝဟာ တစ်ယောက်နဲ့တစ်ယောက်သိပြီးသားတွေချည်းပြောနေပြီး ငြင်းခုန်ရန်ဖြစ်နေကြမယ့် အခြားသော စိတ်တူကိုယ်တူစုံတွဲတွေထက် ပိုလို့သက်ဝင်လှုပ်ရှားနေမှာပါ။

 

သင့်မှာ သည်းခံစိတ်ပိုများလာမယ်

သင်နဲ့သင့်ချစ်သူနဲ့က အတွေးအမြင်တွေမတူတဲ့အခါ တစ်စုံတစ်ခုအကြောင်းပြောမိတာနဲ့ လက်ခံနားလည်ထားတဲ့အရာတိုင်းက ရှု့ထောင့်တစ်ခုစီကဖြစ်နေပြီး ကွဲပြားခြားနားနေတဲ့အခါ တဂျိမ်းဂျိမ်းရန်ဖြစ်နေကြမှာပါပဲ။ သက်တမ်းနုစဉ်မှာခဏခဏကွဲဖူးတာလည်းဖြစ်နိုင်သလို ရန်ဖြစ်ရတာပင်ပန်းနေပြီဆိုပြီး တစ်သက်စာလက်တွဲဖြုတ်သွားတာလည်းဖြစ်နိုင်ပါသေးတယ်။ဒါပေမယ့် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့နှစ်တွေကြာလာခဲ့ပြီဆိုရင်တော့ သင်တို့နှစ်ယောက်ဟာအမှန်တကယ်ချစ်လို့ဖြစ်ပြီး တစ်ယောက်စိတ်ကိုတစ်ယောက်ပိုနားလည်လာတော့မှာပါ။ အဲ့ဒီိအခါ သင့်အနေနဲ့ သည်းခံစိတ်တွေအားကောင်းလာမှာဖြစ်ပြီး တော်တန်ရုံပြဿနာလေးတွေကိုမှု့တော့မှာမဟုတ်ပါဘူး။

 

ဒါတွေကတော့သင်နဲ့အကျင့်စရိုက်တွေကွဲပြားခြားနားတဲ့သူနဲ့ချစ်မိတဲ့အခါ ရလာမယ့်အကျိုးကျေးဇူးတွေကိုဖော်ပြထားတာဖြစ်ပါတယ်။ပြောစရာရှိတာက အကျင့်စရိုက်ချင်းကွဲပြားတဲ့ချစ်သူဆိုတာ တမင်လုပ်ယူလို့မရသလို စိတ်တူကိုယ်တူလူတစ်ဦးနဲ့ချစ်သူတွေဖြစ်ပြီးခိုင်မြဲနေတာကလည်း တစ်ခုခုမှားနေတာမဟုတ်ပါဘူး။လောကမှာ အချစ်ဆိုတာက ပုံစံမျိုးစုံနဲု့ကိုယ့်ဆီရောက်လာနိုင်တာပါပဲ။

 

Unicode Format


 



 



 



 



 




 

66 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.