ချစ်သူကောင်လေးကို ကိုယ့်စကားနားထောင်အောင် ဘယ်လိုပြောရမလဲ

ချစ်သူတွေဆိုတာလည်း သူစိမ်းနှစ်ယောက်ပဲဖြစ်တဲ့အတွက်အမြဲတမ်းတော့ စိတ်ချင်းတူနေနိုင်မှာမဟုတ်ပါဘူး။ အစပိုင်းမှာတော့ ချစ်တဲ့စိတ်နဲ့ ကိုယ်ပြောတာတွေကိုသူကနားထောင်လိုက်နာတာမျိုးဖြစ်လေ့ရှိပါတယ်။ဒါပေမယ့် ပေါင်းတာကြာလာတဲ့အခါ ဇာတိကပြလာတော့မှာပါ။အဲ့ဒီအချိန်မျိုးမှာတော့ ကိုယ့်စကားကိုတသဝေမတိမ်းနားထောင်ဖို့ဆိုတာ ခဲယဉ်းလာပါပြီ။ကိုယ့်စကားနားထောင်အောင်လုပ်တယ်ဆိုတာလည်းပညာသားပါပါတယ်။ ကိုယ့်ချစ်သူကို ကိုယ့်စကားနားထောင်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်……….

 

အချိန်ယူပါ

ဘယ်သူကမှတော့ ကိုယ့်စိတ်နဲ့မတွေ့တာကိုကိုယ့်ချစ်သူကလုပ်ခိုင်းလို့ အင်း..အိုခေ ဆိုပြီး ချက်ချင်းကြီိးစိတ်ပြောင်းလာမှာမဟုတ်ပါဘူး။ ဒီတော့ သူစိတ်ပြောင်းလာဖို့အချိန်ပေးပါ။ အချိန်ရသလောက်ယူပါ။ သစ်တွေဝါးတွေတောင် နှဲ့ပါများရင် ယိုင်သေးတာပဲ လူ့စိတ်ကဘာသားနဲ့ထုထားတာမို့လို့လဲ။

 

အကြောင်းပြချက်ခိုင်ခိုင်လုံလုံပေးပါ

သူ့ကိုတစ်ခုခုလုပ်စေချင်တယ်ဆိုရင် သူကအဲ့ဒီိအရာကိုဘာကြောင့်လုပ်သင့်တယ်ဆိုတဲ့အကြောင်း အကြောင်းပြချက်ခိုင်ခိုင်လုံလုံပေးတာကဖြစ်သင့်တဲ့အရာပါ။သင့်ချစ်သူက ကလေးမဟုတ်သလို သင့်ရဲ့လက်အောက်ငယ်သားလည်းမဟုတ်တဲ့အတွက် ခိုင်းတာလုပ်၊ပြန်မမေးနဲ့ ဆိုတဲ့ အချိုးမျိုးသွားချိုးလို့မရပါဘူး။သင်သာစကားအရာမှာကျွမ်းကျင်လိမ်မာပြီး ပြတဲ့အကြောင်းပြချက်ကလည်းခိုင်လုံခဲ့မယ်ဆိုရင် သူက အနှေးနဲ့အမြန်လက်ခံလာမှာဖြစ်ပါတယ်။သိပ်ကိုခေါင်းမာတဲ့ချစ်သူဆိုရင်တောင်မှပေါ့။

 

အကျပ်မကိုင်ပါနဲ့

အကျပ်ကိုင်တာကိုဘယ်သူမှမကြိုက်ပါဘူး။အဲ့ဒါကိုလုပ်ရင်လုပ် မလုပ်ရင်ငါနဲ့ပြတ်မယ်ဆိုတဲ့စကားရဲ့ရလာဒ်ဟာများသောအားဖြင့် လမ်းခွဲပြတ်စဲခြင်းတွေပဲဖြစ်လေ့ရှိပါတယ်။ သင်သူ့ကိုလုပ်စေချင်တဲ့အရေးကိစ္စဟာ သင်တို့နှစ်ဦးရဲ့ဆက်ဆံရေးနဲ့လောင်းကြေးထပ်ရလောက်အောင် အရေးပါတဲ့ကိစ္စဟုတ်မဟုတ်အရင်စဉ်းစားသင့်ပါတယ်။ဟုတ်နေရင်တော့တစ်မျိုးပေါ့၊ဒါပေမယ့် များသောအားဖြင့်တော့ ဘယ်အရာကမှ ကိုယ့်ချစ်သူကိုဆုံးရှုံးလိုက်ဖို့ထိ အရေးမပါလှဘူးမဟုတ်လား။

 

မျက်ရည်ခံမထိုးပါနဲ့

ဟမ်…အကျပ်လည်းမကိုင်ရဘူး မျက်ရည်ခံလည်းမထိုးရဘူးဆိုတော့ ဘယ်လိုလုပ်ရတော့မှာလဲလို့တွေးနေပြီဟုတ်။တကယ်တော့ တစ်ခုခုကိုလုပ်ပေးစေချင်လို့ မျက်ရည်ခံထိုးတယ်ဆိုတာမကောင်းပါဘူး၊ကိုယ်ကပျော့ညံ့ရာကျတဲ့အပြင် သူများကိုလည်း အပျော့နှိုက်ရာကျပါတယ်။ကိုယ့်ကိုသနားပြီးလုပ်ပေးလိုက်တယ်ဆိုရင်တောင် သနားလို့နော် ဆိုတဲ့စကားက အင်မတန်နားခါးစရာကောင်းလှပါတယ်။ တကယ်တမ်းဖြေရှင်းသင့်တဲ့နည်းလမ်းက သူ့ကိုနားလည်အောင်ရှင်းပြတာပါပဲ။ ဘယ်လိုပြောပြောနားမလည်လောက်အောင်ပိန်းတိန်းနေတဲ့လူကိုရည်းစားတော်ထားမိရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ကိုယ်သာခံပါပဲ။

 

အရွဲ့မတိုက်ပါနဲ့

အရွဲ့တိုက်တယ်ဆိုတဲ့ကိစ္စကြီးက သူများကိုရွဲ့ရင်းနဲ့ကိုယ်ပါရွဲ့သွားတတ်တာပါ။ ပြီိးတော့ အရွဲ့တိုက်တာက အလွန်ကလေးဆန်တဲ့အပြင်ဘာအကျိုးကျေးဇူးမှလည်းမဖြစ်ထွန်းစေပါဘူး။ ရွှံ့နွံတွေထဲနစ်နေတဲ့ လှည်းဘီးကို တွန်းမတင်ပဲနဲ့ တစ်ဖက်စီဝိုင်းဆွဲနေကြသလိုပါပဲ။ ဘာအကျိုးမှမရှိပဲ နှစ်ဖက်လုံးအားကုန်စေမယ့်အလုပ်ပါ။

 

သူ့အကြိုက်ကိုသိပါ

အိမ်မှာမုန့်ဖိုးတောင်းရင်အမေ့မျက်နှာရိပ်မျက်နှာကဲကြည့်ပြီိးတောင်းရတယ်မဟုတ်လား။အဲ့ဒီလိုပဲ ကိုယ့်ချစ်သူကို ကိုယ်လုပ်စေချင်တာတစ်ခုခုရှိနေခဲ့ပြီဆိုရင်လည်း သူကြိုက်တာလေးတွေလုပ်ပေးပြီး သူစိတ်ကြည်နေချိန်မှာမှ လေအေးလေးနဲ့ရှင်းပြမယ်ဆိုရင် မုချအောင်မြင်မှာဖြစ်ပါတယ်။

 

အော်ကြီးဟစ်ကျယ်မလုပ်ပါနဲ့

ပြောရင်းဆိုရင်းနဲ့ဒေါသတွေထွက်လာလို့ ကိုယ့်ကိုယ်ကိုယ်တောင်မသိလိုက်ခင်အော်မိသွားတယ်ဆိုတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စရပ်တွေပါ။ ဒါပေမယ့် လူတော်တော်များများဟာအော်ဟစ်တာကိုမုန်းတီိးကြပါတယ်။ကိုယ့်ကိုလာအော်ရင်ရော ကြိုက်မလားစဉ်းစားကြည့်။အသံကျယ်ကျယ်နဲ့အော်တဲ့လုပ်ရပ်ဟာ ပြဿနာကိုမလိုအပ်ပဲ ပိုမိုကြီးထွားစေပါတယ်။တတ်နိုင်သမျှလေအေးနဲ့ပြောဖို့ကြိုးစားပါ။

 

ဒါတွေကတော့ ကိုယ့်ချစ်သူကိုကိုယ့်စကားနားထောင်အောင်ကြိုးပမ်းရာမှာ အဓိကကျတဲ့ လုပ်ဆောင်မှုတွေဖြစ်ပါတယ်။ နောက်တစ်ခုက ဘယ်လိုပြဿနာမျိုးကိုပဲ ကြုံတွေ့ရပါစေ သင်တို့နှစ်ယောက်ကတစ်ယောက်တစ်ဖက်ထိုးစစ်ဆင်နေရမှာမဟုတ်ပါဘူး။ပြဿနာကတစ်ဖက် သင်တို့နှစ်ဦးကတစ်ဖက် ပြဿနာကိုဖြေရှင်းသုတ်သင်ဖို့နည်းလမ်းစဉ်းစားကြရမှာဖြစ်ပါတယ်။ စကားနားထောင်တဲ့အလိမ္မာအိမ်ပါချစ်သူလေးတွေ ရကြပါစေ။

 

Unicode Format


 



 



 



 



 



 



 




1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.