သင့်ချစ်သူနဲ့သင်နဲ့ထိုက်တန်ရဲ့လားသိဖို့

ကိုယ့်ချစ်သူက ကိုယ်နဲ့အဆင့်အတန်းတော်တော်ကွာနေရင်၊ဒါမှမဟုတ် ကိုယ်က သူနဲ့ဘယ်လိုမှစပ်ဟပ်မရတဲ့ အဆင့်အတန်းမှာရောက်ရှိနေခဲ့ရင်၊အဆင့်အတန်းချင်းမကွာတာတောင် ညဏ်ပညာခြင်း စိတ်နေစိတ်ထားခြင်းတစ်ခုခုကိုတွေးခေါ်ရှု့မြင်ပုံခြင်းက မသိမသာကနေသိသိသာသာအထိ ကွဲလွဲလာပြီဆိုရင် သင်နဲသင့်ချစ်သူနဲတန်ရဲ့လားဆိုတာစဉ်းစားသင့်ပါပြီ။အချစ်မှာ ဈေးတွက်တွက်လို့မရလို့ တန်ရဲ့လားဆိုတာမျိုးတွေ တွက်လို့မရဘူးဆိုပေမယ့် ဒီနေရာမှာ တန်ရဲ့လားဆိုတာက ပစ္စည်းတစ်ခုနဲ့တစ်ခုတန်ရဲ့လားလို့ဆိုလိုတာမဟုတ်ပဲ သူနဲ့တစ်သက်လုံးအတူနေသွားဖို့သင့်တော်ရဲ့လား ဖြစ်နိုင်ရဲ့လားဆိုတာကို ဆိုလိုတာပါ။လူဆိုတာ သူတန်ရာတန်ရာနဲ့ပဲရတာပဲဆိုတဲ့စကားကလည်း ဒီလိုပဲဆိုလိုရင်းဖြစ်ပုံရပါတယ်။ သင်နဲ့သင့်ချစ်သူထိုက်တန်ရဲ့လားဆိုတာကို အောက်ပါမေးခွန်းလေးတွေ ကိုယ့်ကိုယ်ကိုယ်ပြန်မေးပြီးဆန်းစစ်ကြည့်လိုက်ပါ။

 

သင်တို့နှစ်ယောက်ရဲ့အားလပ်ချိန်တွေမှာ ဘာအများဆုံးလုပ်ဖြစ်လဲ

စုံတွဲတွေအတွက်အတူရှိမယ့်အားလပ်ချိန်ဆိုတာကတကယ်ကိုလိုအပ်ပါတယ်။ အားလပ်ချိန်တွေမှာအတူမရှိတာကြာတဲ့စုံတွဲတွေဟာ သူ့အလိုလိုကွဲသွားတတ်ကြပါတယ်လို့ စိတ်ပညာသုတေသနပြုချက်တွေကအတည်ပြုထားကြတာလည်းမျက်မြင်ပါပဲ။ ဒါကြောင့် သင်တို့နှစ်ယောက်ရဲ့အားလပ်ချိန်တွေကိုဘယ်လိုဖြတ်သန်းသလဲဆိုတာက အဓိကကျတဲ့ မေးခွန်းပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ဝါသနာတူရာကိုအတူတူပြုလုပ်ဖြစ်လား၊ဒါမှမဟုတ် တစ်လှည့်စီ သူ့ဝါသနာနဲ့ကိုယ့်ဝါသနာနဲ့အချိန်ညှိပြီးလုပ်ဖြစ်လား။ဒါမှမဟုတ် အဲ့ဒီအတွက်အမြဲလိုလိုရန်ဖြစ်နေရပြီးအားလပ်ချိန်တွေကို စိတ်မကြည်မလင်မှုတွေနဲ့ကုန်ဆုံးသွားရတာက မကြာခဏပဲလား။ ဒီလိုဆိုရင်တော့သိပ်အဆင်မပြေပါဘူး။

 

သူနဲ့စိတ်ချင်းနီးစပ်တယ်လို့ခံစားရလား

အဖြေမစောပါနဲ့၊စုံတွဲတိုင်းဟာ ချစ်စခင်စကြင်နာစမှာတော့ သံသရာအဆက်ဆက်ပဲ ညားလာခဲ့သလိုလို တစ်ယောက်စိတ်ကိုတစ်ယောက်သိကြတာချည်းပါပဲ။ အချစ်တွေအနည်ထိုင်သွားပြီး ဘဝကိုအတူဖြတ်သန်းရတော့မယ်ဆိုတဲ့အခါ ကြီိးပြင်းလာတဲ့ပတ်ဝန်းကျင်တွေအရ အတွေးအမြင်တွေ အမူအကျင့်တွေကွဲပြားနေတယ်ဆိုရင်အစက နီးစပ်မလိုဖြစ်ခဲ့တဲ့စိတ်ကလေးဆိုသည်မှာလည်း ဝေးရာကိုတလွင့်လွင့်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက်အေးအေးလူလူထိုင်စကားပြောဖြစ်တဲ့ အချိန်တွေကရှားပါးလာမယ် မျက်နှာချင်းဆိုင်လိုက်တာနဲ့ရန်ဖြစ်နေရမယ်။ဒါဟာလည်း ကောင်းတဲ့အလားအလာမဟုတ်ပါဘူး။

 

သူကအခြားတစ်ယောက်လိုဖြစ်သွားပြီလား

ကိုယ်စသိခဲ့တဲ့ ကိုယ့်ကိုသဲသဲလှုပ်ဂရုစိုက်ခဲ့တဲ့ သူမဟုတ်တော့ပဲနဲ့ အေးတိအေးစက်နဲ့သိပ်ပြီးဂရုမစိုက်တတ်တော့တဲ့လူ၊သင်လုပ်သမျှကိုင်သမျှကိုသိပ်ပြီးစိတ်ဝင်စားမှုမရှိတော့တဲ့သူဖြစ်သွားပြီလား။ ဒါမှမဟုတ် ချစ်စခင်စကြင်နာစကထက် အသားကုန်အသည်းအသန်ပိုဂရုစိုက်လာလို့စိတ်ကြဉ်းကြပ်ရတဲ့အထိဖြစ်နေပြီလား။အရာရာဟာ တန်ဆေးလွန်ဘေးဆိုတာသတိပြုပါ။ ကိုယ်စတွေ့ခဲ့တဲ့သူနဲ့မတူတော့ပဲ လုံးလုံးပြောင်းလဲသွားတဲ့အရာတိုင်းဟာမကောင်းပါဘူး။

 

ကိုယ့်ခံစားချက်ကိုဆန်းစစ်ပါ

စုံတွဲအများစုဟာ ချစ်စခင်စတုန်းကသာ တစ်ယောက်နဲ့တစ်ယောက် အမှန်တကယ်ချစ်ကြတာဖြစ်ပြီး ကြာလာရင်တော့ တစ်ဖက်လူကိုဆက်ချစ်နေတယ်ဆိုတာ out of habit ပဲဖြစ်သွားတတ်ကြပါတယ်။ Out of habit ဆိုတာက အကျင့်တစ်ခုအနေနဲ့သာပြုလုပ်နေတာဖြစ်ပြီိး စိတ်ထဲကနှစ်နှစ်ကာကာမပါတော့တာပါ။ ဒါလည်းဖြစ်တတ်သလို နောက်တစ်ခုဖြစ်တတ်တာကတော့ ပိုပြီးအန္တရာယ်ကြီးမားပါတယ်။ အဲ့ဒါကတော့ အချစ်ကနေ စွဲလမ်းစိတ်ကိုပြောင်းလဲသွားတာပါ။ စွဲလမ်းစိတ်ဆိုတာမျိုးက ကြောက်စရာကောင်းပါတယ်။တစ်ခါတစ်လေ အချစ်ဆိုတာကမရှိတော့ပဲ စွဲလမ်းမှုတစ်ခုတည်းကြောင့်သာ အဲ့ဒီိ့လူဆီကိုပြန်ပြန်သွားနေမိတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာလည်း သတိပြုစရာပါပဲ။

 

သင်တို့နှစ်ယောက်အနာဂတ်အကြောင်းပြောဖြစ်ကြလား

သူ့ရဲ့အနာဂတ်ကိုမေးကြည့်ပါ။ နောက်ငါးနှစ်မှာ သူဘာလုပ်နေမှာလဲဆိုတာမျိုးပေါ့။သူ့ရဲ့မှန်းဆစိတ်ကူးတဲ့အနာဂတ်ထဲမှာကိုယ်မပါရင်တော့ သိလိုက်ပါတော့။ အဲ့ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ်လည်းမညာတမ်းဖြေကြည့်ပါ။ ကိုယ့်အနာဂတ်မြင်ကွင်းတွေ၊မျှော်လင့်ချက်တွေထဲမှာသူပါလား၊ဒါမှမဟုတ် သူပါရင်ကိုယ့်အတွက် အဆင်မပြေဖြစ်လောက်မှာလား၊ကိုယ်ကသူ့ကိုထည့်ချင်ရဲ့လားဆိုတာမျိုး ဖြေကြည့်ပါ။ ဒါက ကိုယ်ချစ်တဲ့သူနဲ့ရှေ့ဆက်လို့ဖြစ်မဖြစ်ဆန်းစစ်ရာမှာ သိပ်ကို အသုံးဝင်တဲ့ မေးခွန်းတွေထဲကတစ်ခုဖြစ်ပါတယ်။

အထက်မှာဖော်ပြသွားတာတွေကတော့ သင်နဲ့သင့်ချစ်သူနဲ့ဘဝတစ်သက်တာ အတူပေါင်းသင်းလက်တွဲသွားဖို့ထိုက်တန်ရဲ့လားဆိုတဲ့အဖြေကိုပြသပေးနိုင်မယ့်မေးခွန်းအချို့ဖြစ်ပါတယ်။ ဘဝကြီိးဟာ အချစ်နဲ့တင်ပြီးတာမဟုတ်ပါဘူး။ကိုယ့်အချစ်နဲ့အရာရာအကောင်းအတိုင်းဖြစ်စေမယ်ဆိုတာမျိုးဟာ သီချင်းထဲပဲနားထောင်လို့ကောင်းပါတယ်။ ကိုယ်ချစ်တဲ့သူဟာ ကိုယ်နဲ့ကိုက်ညီမှုရှိမရှိမှန်ကန်စွာဆန်းစစ်ပြီး ချောမွေ့တဲ့ဘဝခရီးလမ်းကိုလျှောက်လှမ်းနိုင်ကြပါစေ။

 

Unicode Format


 



 



 



 



 




 

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.