ချစ်သူရည်းစားများခြင်းရဲ့အကျိုးကျေးဇူးတွေ

ချစ်သူအများကြီးထားတယ်ဆိုတာ မကောင်းတဲ့အရာအဖြစ်လူအများစုကလက်ခံထားကြပါတယ်။ဒါပေမယ့် အရာရာတိုင်းဟာ အကောင်းနဲ့အဆိုးဒွန်တွဲနေလေ့ရှိတာဖြစ်တော့ ချစ်သူများများထားတာ ယတိပြတ်ကြီးမကောင်းတာတော့လည်းမဟုတ်ပါဘူး။ အကောင်းချည်းပဲလည်းမဟုတ်ဘူးပေါ့။ဒီ Article မှာတော့ ခဏခဏအသည်းကွဲနေလေ့ရှိသူလေးတွေအတွက် ချစ်သူများများထားခြင်းရဲ့အကျိုးကျေးဇူးတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ ချစ်သူများများထားတယ်ဆိုတာ တစ်ယောက်ပြီးမှတစ်ယောက်တွဲတာကိုပြောတာပါ။ တစ်ချိန်တည်းအများကြီးတွဲတာမျိုးကတော့လက်မခံနိုင်စရာလုပ်ရပ်ဖြစ်ပါတယ်။

 

ကိုယ့်အကြောင်းကိုယ်ပိုသိလာတယ်

လူတော်တော်များများနဲ့ပက်သက်မိပြီးသွားတဲ့အခါမှာ သူတို့အကြောင်းမဟုတ်ပဲနဲ့ကိုယ့်အကြောင်းကိုယ်ပိုသိလာတယ်ဆိုတော့ တစ်မျိုးတော့တစ်မျိုးပဲပေါ့။ ဒါပေမယ့် အဲ့ဒါအမှန်ပဲဖြစ်ပါတယ်။ လူအများစုမှာ ကိုယ့်ကိုယ်ကိုယ်နားလည်မှုလွဲနေတာတွေအထင်မှားနေတာတွေရှိတတ်ကြပါတယ်။ ကိုယ်က ဘယ်လိုမိန်းကလေးတွေကိုကြိုက်တာလို့ကိုယ့်ကိုယ်ကိုယ်တစ်သက်လုံးထင်လာခဲ့ပေမယ့် တကယ်တမ်းကိုယ်ကြိုက်တယ်ထင်တဲ့မိန်းကလေးမျိုးနဲ့ဆုံရတဲ့အခါ အဲ့ဒီ့လိုမိန်းကလေးမျိုးကိုကိုယ်တကယ်မနှစ်သက်မှန်း ကိုယ့်ကိုယ်ကိုယ်သိလာတာမျိုးပေါ့။

 

ပညာရတယ်

မတွဲခင်မှာ ဘယ်လိုစကားမျိုးတွေပြောရင် တွဲပြီးတဲ့အခါ ပြောမယ့်စကားတွေကဘယ်လို၊တွဲပြီးဘယ်လောက်ကြာရင် ဘယ်လိုအချိုးမျိုးတွေဖြစ်လာတော့မယ်ဆိုတာကြိုတင်တွက်ဆမိနေတဲ့သဘောပါ။ ကိုယ့်စိတ်နဲ့မတွေ့တာတွေကို ရှောင်လို့ရတာပေါ့။ နောက်ပြီး လူတစ်ယောက်ကိုကြည့်လိုက်တာနဲ့ ဒီလူကတော့ သူငယ်ချင်းအဖြစ်ပဲကောင်းမယ့်သူ၊ချစ်သူရည်းစားဖြစ်လာရင် စိတ်ပျက်ဖို့ကောင်းမယ့်လူမျိုးဆိုပြီး ခန့်မှန်းမိနေတတ်ပါတယ်။

 

ရင့်ကျက်လာတယ်

ဘဝမှာယာယီသံယောဇဉ်တွေခဏခဏတွယ်ငြိပြီးသွားတဲ့အခါ လူက ကိုယ်တကယ်ဘာကိုလိုချင်သလဲ၊အဲ့ဒီ့လိုလိုချင်တဲ့အတွက်ရော ကိုယ့်ဘက်ကဘာတွေပြန်ပေးရနိုင်သလဲ ဆိုတာမျိုးတွေသေချာသိထားပြီး ကိုယ့်အတွက်ကိုယ်စိတ်ရောကိုယ်ပါပျော်ရွှင်မှုရနိုင်မယ့်နည်းတွေကိုလည်း အတန်အသင့်သိထားပြီးဖြစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာအရရင့်ကျက်လာတယ်လို့ပြောလို့ရပါတယ်။များသောအားဖြင့် ရည်းစားတွေအများကြီးထားပြီးခဏခဏပြတ်ဖူးတဲ့လူတွေဟာ နှစ်အနည်းငယ်လောက် တစ်ကိုယ်တော်အဖြစ်နဲ့နေတတ်ကြပြီး နောက်တစ်ခါထပ်တွဲချိန်မှာတော့ တစ်သက်လုံးစာအတွက်ဖြစ်သွားတတ်ကြပါတယ်။ ဒါကြောင့် ရည်းစားများများထားဖူးပြီးပြတ်ဖူးခြင်းဟာ တည်မြဲတဲ့ အချစ်ရေးတစ်ခုရရှိပိုင်ဆိုင်ရစေဖို့ အထောက်အကူဖြစ်ပါတယ်။

 

တန်ဖိုးထားတတ်လာတယ်

တစ်စုံတစ်ခုကိုတန်ဖိုးထားတတ်ဖို့ဆိုတာ အဲ့ဒီအရာကိုဆုံးရှုံးဖူးမှသိတာပါ။ ကိုယ့်အတွက် ကိုယ့်စိတ်ကိုအတွင်းထိထွင်းဖောက်မြင်နိုင်တဲ့လူတစ်ယောက်ကို ဆုံးရှုံးဖူးတယ်ဆိုရင် အဲ့ဒီလိုလူမျိုးနောက်တစ်ယောက်တွေ့တဲ့အခါ ထပ်ပြီးမဆုံးရှုံးရစေဖို့အလိုလိုကြိုးစားနေမိမှာပါပဲ။ တန်ဖိုးထားသင့်တဲ့အရာတွေကိုမှန်မှန်ကန်ကန်တန်ဖိုးထားတတ်လာတာဟာ ကောင်းတဲ့အချင်းအရာဖြစ်ပါတယ်။အချစ်ကိုဆုံးရှုံးလိုက်ရလို့ထပ်ပြီးမချစ်ရဲတော့တာတွေရှိတယ်ဆိုပေမယ့် အဲ့ဒါကလူနည်းစုလို့ပြောလို့ရပါတယ်။

 

ပျော်ရွှင်မှုနဲ့ပိုမိုနီးစပ်တယ်

ဘာကြီးလဲ…ရည်းစားတွေထားပြီးပြတ်သွားတာ၊ကိုယ်ချစ်တဲ့လူတွေက အနားကခဏခဏထွက်သွားတာက ဘာများပျော်စရာကောင်းမှာလဲ။ ဒါကဒီိလိုရှိပါတယ်။ မတော်တရော်ဖိနပ်တွေခဏခဏစီးဖြစ်နေတဲ့လူတစ်ယောက်ဟာ ဖိနပ်တစ်ခါမှမစီးဖူးတဲ့လူတစ်ယောက်ထက် ကိုယ်နဲ့တော်မယ့်ဖိနပ်ကိုအမှန်းတော်တယ်ဆိုသလိုပဲ ကိုယ်နဲ့မကိုက်ညီတဲ့လူတွေကိုအနားမှာထားပြီး စိတ်ညစ်တဲ့ဒဏ်ကိုခဏခဏခံရဖူးတဲ့ လူတစ်ယောက်ဟာလည်း စကားပြောကြည့်ရုံ ခေတ္တခဏပေါင်းကြည့်ရုံနဲ့တင် ဒီလူဟာကိုယ်နဲ့ကိုက်ညီမယ့်လူဟုတ်မဟုတ် တန်းပြီးသိနိုင်တဲ့အတွက် နောက်ပိုင်းမှာစိတ်ညစ်ပြဲကွဲရပြီး ကိုယ့်အချိန်တွေအလဟဿအဖြစ်မခံတော့ပါဘူး။သိပ်ကိုရွေးချယ်တတ်သွားပြီမို့ အသည်းခဏခဏကွဲပြီးတဲ့အခါ ပျော်ရွှင်မှုနဲ့ပိုနီးစပ်လာပါပြီ။

 

ဒါတွေကတော့ ရည်းစားများများထားခြင်းရဲ့ ကောင်းကျိုးလေးတွေဖြစ်ပါတယ်။ ပြောစရာရှိတာက ရည်းစားများတယ်ဆိုတာ တမင်လုပ်ယူလို့ကောင်းတဲ့အရာမဟုတ်သလို ရည်းစားမများလို့လည်းစိတ်ဓာတ်ကျနေစရာမလိုပါဘူး။ဒါကပွဲဈေးတန်းမှာ ရေခဲချောင်းလှည့်တဲ့ အဝိုင်းကြီးလိုပါပဲ။ အချို့ကလေးတွေက အခါပေါင်းများစွာလှည့်ပေမယ့် အချို့ကတော့ တစ်ခါနှစ်ခါတည်းနဲ့လည်းကံကောင်းနိုင်လို့ပါ။ ဒါတွေအားလုံးကကံတွေပါပဲ။ ကံကိုလူကလုပ်တာဆိုတော့ ကံကောင်းအောင် စိတ်ကောင်းထားပြီး ကောင်းတဲ့အပြုအမူတွေပဲပြုလုပ်ကြဖို့တိုက်တွန်းချင်ပါတယ်။

Unicode Format


 



 



 



 






1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.