Slipknot တီးဝိုင်းကို ထူထောင်ခဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ဒရမ်သမား Joey ဟာ တီးဝိုင်းနဲ့ ၁၈ နှစ်ကြာလက်တွဲအပြီးမှာ အဖွဲ့ ကို ကျော်ခိုင်းသွားခဲ့ပါပြီ။
Slipknot တီးဝိုင်းရဲ့ ကိုယ်ပိုင် website မှာ တင်ထားတာကတော့
“ ဒါဟာ ကြီးမားတဲ့ဆုံးရှုံးနာကျင်ရမှုတစ်ခု ဆိုပေမယ့် ကျွန်တော်တို့ သူ့ ဆုံးဖြတ်ချက်ကို လေးစားရပါမယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းပြချက်နဲ့ Joey Jordison နဲ့ Slipknot တို့ ဟာ လမ်းခွဲခဲ့ပါပြီ။ သူ့ ရဲ့အနာဂတ် ကောင်းမွန်ပါစေလို့ ကျွန်တော်တို့ အားလုံးဆန္ဒပြုပါတယ်။ ခင်ဗျားတို့ အားလုံး သူဘာဖြစ်လို့ ထွက်ခွာသွားရလဲ ဆိုတာ သိချင်နေမယ်ဆိုတာ နားလည်ပါတယ်။ သိပ်မကြာတဲ့ကာလမှာ ကျွန်တော်တို့ ဒီမေးခွန်းတွေကို ဖြေနိုင်ဖို့ ကြိုးစားသွားမှာပါ” လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက Joey ဟာ Side Project တစ်ခုလုပ်ဖို့ အစီအစဉ်တွေကို အခုလိုပြောကြားခဲ့ဖူးပါတယ်
“ ကျွန်တော် သိပ်မကြာခင်မှာ တီးဝိုင်းအသစ်တစ်ခုဖွဲ့ သွားဖို့ ရှိပါတယ်။ ကျွန်တော် ယူဆောင်လာမယ့်အရာကို ခင်ဗျားတို့ အားလုံးအံ့အားသင့်ကြမှာပါ ။ ဒါဟာ အရမ်းမိုက်ပါတယ်။ ဒါပေမယ့် Slipknot ကတော့ ကျွန်တော် အခု အလေးထားနေတဲ့အရာပါပဲ” လို့ ပြောကြားခဲ့ဖူးပေမယ့် အခုတော့ စောစောစီးစီး Slipknot ကနေ ထွက်ခွာ သွားခဲ့ပါပြီ။
ပရိတ်သတ်တွေရဲ့ ဆက်လက် အားပေးမှုကိုလည်း တန်ဖိုးထားနေမှာဖြစ်ပြီး Joey Jordison ထွက်ခွာသွားပေမယ့် Slipknot ဟာ နောက်နှစ်မှာ ထွက်ရှိဖို့ ရည်ရွယ်ထားတဲ့ သူတို့ ရဲ့ အယ်ဘမ် အသစ်အတွက် ပိုမိုအာရုံစိုက်လုပ်သွားမယ်လို့ သိရပါတယ်။
Slipknot တီးဝိုင်းရဲ့ ဒရမ်မာအသစ်အဖြစ် Thrash ,Death metal band Slayer ကို ပူးတွဲထူထောင်ခဲ့တဲ့ ဒရမ်မာ Dave Lombardo က တာဝန်ယူမယ်လို့ ရေပန်းစားလျက်ရှိပါတယ်။
Ref: starpulse.com