ဆယ်ကျော်သက်တွေအတွက် အိမ်နဲ့အဆင်ပြေအောင်နေနည်း

ဆယ်ကျော်သက်အရွယ်ဆိုတာ ကလေးမက လူကြီးမကျအရွယ်ဖြစ်တဲ့အတိုင်း ကလေးတွေနဲ့လည်း သိပ်မတည့်ချင် လူကြီးတွေနဲ့လည်းအမြင်မတူတာတွေများပြီး မကြာခဏနောင်ဂျိန်ပလေးကြလေ့ရှိပါတယ်။ လူကြီးတွေကလည်း သူတို့ဖြတ်သန်းခဲ့ရတဲ့နှစ်ကာလတွေဆီိကရခဲ့သမျှအသိအမြင်တွေကို တော်၏မတော်၏မစဉ်းစားပဲ ပေါင်မုန့်မီးကင်စက်ထဲကိုသစ်သားချောင်းတွေထိုးထည့်နေသလို လူငယ်တွေရဲ့ခေါင်းထဲကိုမဆန့်မပြဲ စေတနာဗရပွနဲ့ ထည့်သိုပေးကြ၊လူငယ်တွေကလည်း အန်းတိတ်အတွေးအခေါ်ကြီးတွေနဲ့ မှားယွင်းတယ်လို့သူတို့ကယူဆတဲ့အယူအဆတွေကို ဘယ်နည်းနဲ့မှလက်ခံပေးဖို့အစီအစဉ်မရှိ၊ဒါ့အပြင်လူငယ်ဖြစ်တဲ့အတွက် မာန်လေးကလည်းရှိတော့ လူကြီးတွေနဲ့ ကတောက်ကဆဖြစ်ကြ၊အိမ်တွေကဆင်း၊လမ်းဘေးရောက်၊ပညာတစ်ပိုင်းတစ်စနဲ့အိမ်ထောင်ကျသွားတဲ့သူတွေကလည်းဒုနဲ့ဒေး၊ဒီိလိုမှမဟုတ်ရင်လည်းပညာလေးမတောက်တခေါက်နဲ့ ရရာအလုပ်ရှာလုပ်ရင်းနစ်မွန်းသွားတဲ့သူတွေလည်းလက်ညိုးထိုးမလွဲ၊ဒါတွေကဘာကြောင့်လဲဆိုရင် တုံ့ပြန်တဲ့နေရာမှာလမ်းကြောင်းမမှန်တာကြောင့်ပါ၊အသက်ငယ်တာကြောင့် တစ်ခုခုဆိုစိတ်လိုက်မာန်ပါဆုံးဖြတ်တတ်တာတွေကလည်းရှေ့ဆုံးကအကြောင်းရင်းခံတွေပါပဲ။ဒါကြောင့် လူငယ်တွေအနေနဲ့  ကိုယ့်ဘဝလည်းလမ်းကြောင်းမလွဲအောင် ကိုယ်လည်းနေသာထိုင်သာရှိအောင် ကိုယ်ယုံကြည်တာတွေကိုလည်း ကိုယ့်ကိုချစ်တဲ့လူကြီးတွေကိုမျှဝေပြောပြနိုင်အောင် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေမျိုးဖန်တီးယူရပါ့မယ်။ ဘယ်လိုဖန်တီးယူရမလဲဆိုတော့…..

 

ကိုယ်နှုတ်အမူအရာကိုသတိပြုပါ

ကိုယ်တွေက လူငယ်တွေဖြစ်တဲ့အတိုင်း အိစိအိစိလုပ်မနေတတ်ဘူး။တစ်ခုခုဆိုဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ကမူးရှုးထိုးပဲရှင်းပစ်လိုက်ချင်တာ၊ပြီးသွားရင်လည်းစိတ်ထဲမှာဘာမှမထားတော့ဘူး၊ပြီးပြီပဲ။ ဒါပေမယ့်လူကြီးတွေကတော့ ဒီလိုမဟုတ်ပါဘူး၊သူတို့ကြီိးပြင်းလာရတဲ့ပုံစံခွက်ထဲမှာ လူကြီးတွေဆိုမော်မကြည့်ရဘူး၊မှန်မှန်မှားမှား ခံပဲ ဆိုတဲ့ အသိစိတ်ကြီးကစွဲနေတာရော ကိုယ့်ကိုချစ်တဲ့မေတ္တာတွေကြောင့်ရော ကိုယ်က အော်ဟစ်တုံ့ပြန်မိခဲ့ရင် သူတို့ကလည်း တစ်ဖက်စောင်းနင်းပြန်လည်နှိပ်ကွပ်ရုံမက အခါအခွင့်သင့်တိုင်းလည်း ငါ့သားသမီိးက ငါ့ကိုအော်ရက်လေခြင်းဆိုပြီး တနုံ့နုံ့ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သူတို့ဘက်ကဘယ်လောက်ပဲအော်ဟစ်နေပါစေ ကိုယ်က အခြေအနေကိုကြည့်ပြီိး လေအေးလေးနဲ့ရှင်းပြဖို့ကြိုးစားပါ။ အမေ..အဖေ ဒါကဒီိလိုရှိပါတယ်ဆိုပြီး။ဒါဆိုရင် ရလာဒ်ကောင်းကိုမျှော်လင့်လို့ရပါတယ်။ဒီလိုမှမဟုတ်ဘူး သားကဘာဖြစ်တယ်ဘာညာဆိုပြီး အော်ကြီးဟစ်ကျယ်တုံ့ပြန်မိရင်တော့ သူတို့နားထဲကိုတစ်လုံးမှဝင်မှာမဟုတ်တဲ့အပြင် အိမ်ပေါ်ကပါခေါင်းနဲ့ဆင်းရနိုင်ပါတယ်။အော်ကြီးဟစ်ကျယ်တုံ့ပြန်လို့ သူတို့စိတ်ထဲကိုရောက်သွားနိုင်တာကတော့ တစ်ခုပါပဲ။အဲ့ဒါကတော့ သင်ကအရမ်းရိုင်းတယ်ဆိုတာပါ။

 

သင့်မှာမှန်ကန်တဲ့ အချက်တစ်ခုခုကိုဆုပ်ကိုင်ထားနိုင်ပါစေ

ပြောချင်တာက သင်လုပ်ချင်တဲ့အလုပ်၊သူတို့ကမကောင်းဘူးလို့ထင်နေတဲ့အလုပ်ဟာ တကယ်တော့ မှန်ကန်တဲ့အလုပ်ဖြစ်ကြောင်း သက်သေပြစရာတစ်ခုခုသင့်မှာရှိပါစေ။ဆေးလိပ်သောက်တာ၊အရက်သောက်တာဟာသိပ်ကိုမှန်ကန်တဲ့အလုပ်ကြီးပါလို့တော့ သွားပြောလို့မရဘူးလေ။Night out ထွက်တာ၊Party ပွဲတွေသွားတာဟာ မှန်ကန်တဲ့စိတ်အပန်းဖြေစရာတစ်ခုပါဆိုတာမျိုးတော့ သေချာရှင်းနိုင်ရင်ရကောင်းပါတယ်။ဒါကိုပြောချင်တာပါ။

 

အချိန်အခါကိုရွေးချယ်တတ်ပါစေ

လူကြီးမိဘတွေဆိုတာဟာ အချိန်ပြည့်နီိးပါး စားဝတ်နေရေးအတွက်ရုန်းကန်ရင်း မောပန်းနေသူတွေပါ။ ဒါကြောင့် သင်ဖြစ်ချင်တာလိုချင်တာတစ်ခုခုကိုတောင်းဆိုမယ်ဆိုရင် ဘယ်လိုအချိန်မှာတောင်းဆိုရင်ရတာများလဲဆိုတာသတိထားမှတ်သားထားသင့်ပါတယ်။ဒါကတော့ မုန့်ဖိုးတောင်းနေကျလူတွေဆိုအရိပ်အကဲဖမ်းတတ်ပြီးသားပါ။

 

စိတ်ကိုဖွင့်ထားပါ

သင့်အနေနဲ့ဘဝလမ်းကြောင်းရွေးချယ်ရာမှာပဲဖြစ်ဖြစ် အခြားတစ်ခုခုလုပ်ချင်တာပဲဖြစ်ဖြစ် သင့်မိဘတွေနဲ့သဘောထားကွဲလွဲနေပြီဆိုရင် မရဘူး ဒါမှဒါပဲဆိုတာမျိုးမလုပ်ပါနဲ့။ မိဘတွေဟာလူကြီးတွေဖြစ်တဲ့အတွက်အမျှော်အမြင်ပိုရှိတဲ့အပြင် သင့်ကောင်းကျိုးကိုသာအစဉ်သဖြင့်လိုလားနေတဲ့သူတွေဆိုတာ မမေ့ပါနဲ့။စိတ်ကိုပိတ်မထားပါနဲ့။ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေ၊ကောင်းကျိုးဆိုးကျိုးတွေကို မိဘတွေနဲ့ရေရေလည်လည်ဆွေးနွေးပြီး နှစ်ဖက်လုံးကကျေနပ်တဲ့အဖြေတစ်ခုကိုရယူပါ။သူတို့ကအဲ့ဒီ့လိုဆွေးနွေးဖို့အခွင့်အရေးမပေးဘူးဆိုရင် ယဉ်ကျေးလိမ်မာစွာနဲ့တောင်းဆိုပါ။

 

နောက်ဆုံးကျည်ဆန်

ဘယ်လိုမှညှိယူလို့မရဘူး သိပ်ကိုစိတ်ဆင်းရဲရအောင်ဖြစ်နေပြီဆိုရင်တော့ နောက်ဆုံးလုပ်နိုင်တာတစ်ခုရှိပါတယ်။ အဲ့ဒါက အိမ်ပေါ်ကဆင်းဖို့ပါ။ ဒါပေမယ့် ဝုန်းဆိုဆင်းသွားရင် ဝုတ်ဝုတ်ဖြစ်ဖို့ကလွဲအခြားကိန်းမမြင်ပါဘူး။ဒါကြောင့်တစ်နှစ်ဖြင့်တစ်နှစ် နှစ်နှစ်ဖြင့်နှစ်နှစ် ခန္တီပါရမီကိုလက်ကိုင်ထားပြီး သည်းခံပါ။အမှန်တကယ်အသုံးချလို့ရတဲ့ပညာတစ်ခုကိုသင်ယူပါ။အိမ်ကနေအထောက်အပံ့ယူဖို့မလိုလောက်တော့တဲ့အထိ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့အထိ ပညာသင်ယူပြီိး နောက်မှာတော့ အိမ်ပေါ်ကဆင်းလို့ရပါပြီ။ အဲ့ဒီိ့အခါကျ အိမ်ကလူတွေရဲ့အချိုးတွေဟာလည်းပြောင်းလဲသွားမှာဖြစ်ပြီး ကိုယ်တိုင်ကလည်းအတန်အသင့်ရင့်ကျက်လာပြီမို့ အိမ်ပေါ်ကဆင်းချင်စိတ်တွေဟာလည်း နေလာနှင်းပျောက်ဆိုသလို ပပျောက်သွားတော့မှာပါ။

 

ခုပြောပြသွားတာလေးတွေကတော့ အိမ်နဲ့အချိန်ရှိသရွေ့တဂျိန်းဂျိန်းရန်ဖြစ်နေရတဲ့ ဆယ်ကျော်သက်လေးတွေအတွက်အသုံးဝင်မယ်လို့ထင်ပါတယ်။ အိမ်နဲ့အဆင်ပြေပြီး လိုရာလမ်းကိုလျှောက်လှမ်းနိုင်ကြပါစေ။

 

Unicode Format


 



 



 



 



 




 

4 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.