လူတိုင်းအားကျရတဲ့ စုံတွဲတွေရဲ့လမ်းခွဲခြင်းနောက်ကွယ်ကအကြောင်းရင်းတွေနဲ့ သူတို့လိုမဖြစ်အောင်ဘယ်လိုရှောင်ရှားကြမလဲ

လူတိုင်းတသသနဲ့အားကျနေရတဲ့ ပြီးပြည့်စုံတဲ့စုံတွဲတွေဟာလည်း နောက်ဆုံးတစ်နေ့မှာ တစ်ယောက်ကိုတစ်ယောက်မမြင်ချင်လောက်အောင်ဖြစ်ပြီး ကြင်နာမြတ်နိုးခဲ့တာတွေအားလုံး ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ဖြစ်ပြီး အဆုံးသတ်ကုန်ကြတာ မြင်နေရတာပါပဲ။ ဥပမာပေးရရင်တော့ တစ်ကမ္ဘာလုံးလူငယ်တွေအသည်းစွဲဖြစ်တဲ့ Jelena စုံတွဲကိုဖော်ပြရမှာပါ။ သူတို့ဟာ ပြတ်လိုက်တွဲလိုက်နဲ့ ဆယ်နှစ်ခန့်ဖြစ်လာပြီးနောက်မှာတော့ ခုချိန်မှာ အမှန်တကယ်ကိုခွာပြဲသွားကြတဲ့အသွင်ကိုဆောင်နေပါတယ် (ပြောရတာလဲ ခပ်လန့်လန့်ရယ်၊နောက်ကျောကမလုံဘူး တော်ကြာ ရေးရင်းတန်းလန်းပြန်တွဲတဲ့သတင်းတွေတက်လာမှဖြင့် -_____- ဒင်းတို့က အဲ့ဒါမျိုးတွေလုပ်တတ်ပါဘိသနဲ့)။သူတို့တင်မက အခြားသောနှစ်ပေါင်းကြာအောင်တွဲလာကြတဲ့ ပြည်တွင်းပြည်ပစုံတွဲတွေလည်းနောက်ဆုံးကွဲကုန်ကြတာ မျက်မြင်ပါပဲ။ သူတို့ရဲ့လမ်းခွဲပြတ်စဲခြင်းဟာ အသားလွတ်ကြီးဖြစ်သွားတဲ့အချင်းအရာတွေတော့မဟုတ်ပါဘူး။ သူတို့လိုစုံတွဲတွေဘာကြောင့်လမ်းခွဲရတယ်..သူတို့လိုမဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆန်းစစ်ရေးသားထားတဲ့ နိုင်ငံတကာက စိတ်ပညာရှင်တွေရဲ့သုတေသနစာတမ်းတွေထဲက ကောင်းနိုးရာရာလေးတွေကို ရွေးထုတ်ဖော်ပြပေးလိုက်ပါတယ်။

 

ရိုမန်းတစ်ခံစားချက်တွေခြောက်သွေ့သွားတာ

တစ်ယောက်နဲ့တစ်ယောက် အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲသိတယ်ဆိုတဲ့ဝိုင်းစုခိုင်သိန်းသီချင်းထဲကလို ကိုယ့်မျက်စိထဲမယ် သူ့ အပြုအမူတိုင်းက အရောင်တွေတောက်ပပြီးလှနေတာမျိုးတွေ၊ကိုယ်မကြိုက်တာတွေသူလုပ်တောင် အဲ့လုပ်ပုံလေးတွေကိုပဲရှာရှာကြံကြံချစ်မိနေတာမျိုးတွေ အဲ့ဒါတွေမရှိတော့တဲ့အချိန်ပါ။ ပုံမှန်ပဲဖြစ်သွားပြီ ကိုယ်မကြိုက်တာတွေသူလုပ်ရင်စိတ်ဆိုးရကောင်းမှန်း ငြိုငြင်ရကောင်းမှန်းသိလာပြီ။ ရန်ဖြစ်ချင်လာပြီ။ ရန်ဖြစ်ပြီးရင်လည်းအလျှော့မပေးချင်တော့ဘူး။ကိုယ့်ကိုယ်ကိုယ်ရှေ့တန်းတင်ချင်တဲ့အတ္တစိတ်ကခေါင်းပြူလာပြီ။ ဒီအဆင့်မှာ ပိုချစ်တဲ့လူတစ်ယောက်ယောက်ကအမြဲအလျှော့ပေးရပါတယ်။မဟုတ်ရင် ပြတ်ပါတယ်။

 

ဆင်ခြင်တုံတရားရှိလာတာ

ဆင်ခြင်တုံတရားမတိုင်ခင် အချစ်ကအရင်ရောက်လာတယ် တဲ့ ကဗျာဆရာလူငယ်တစ်ဦးရဲ့စာသားပါ။ ဒါပေမယ့် အချစ်ကရောက်ပြီိးလို့အချိန်အနည်းငယ်ကြာလာတဲ့အခါ ဆင်ခြင်တုံတရားက တံခါးဝမှာရပ်နေဆဲပါ။ ဆင်ခြင်တုံတရားပြန်ဝင်လာချိန်မှာ ဒီလူနဲ့ငါအဆင်ပြေပါ့မလား။တစ်သက်လုံးလက်တွဲလို့ရပါ့မလား။သူ့အသိုင်းအဝိုင်းနဲ့ကိုယ့်အသိုင်းအဝိုင်းကရော။သူက လက်တွဲဖော်ဖြစ်ထိုက်တဲ့သူလား ဆိုတာ စတွေးပါပြီ။ ဒီအဆင့်မှာ အမှတ်မရဘူးဆိုရင်တော့ relationship ကပေါ့ပျက်ပျက်ဖြစ်လာပြီးနောက်ဆုံး ပြတ်စဲခြင်းနဲ့အဆုံးသတ်တာပါပဲ။

 

အချစ်တွေအေးစက်လာတာ

Microwave နဲ့နွေးရမယ် 😛 စတာပါ၊စတာပါ။ အချစ်တွေအေးစက်လာချိန်ဟာ ချစ်သူသက်တမ်းတစ်နှစ်နဲ့နှစ်နှစ်ကြားမှာဖြစ်လေ့ရှိပါတယ်။ တစ်နှစ်ခွဲလောက်နဲ့ပြတ်တဲ့အတွဲတွေများလာတာဒါကြောင့်ပါ။ အချစ်တွေအေးစက်လာတဲ့အခါ ဘာလုပ်လုပ်အပြစ်မြင်ချင်လာပြီးတကျက်ကျက်ရန်ဖြစ်ကြပါပြီ။ ရန်တစ်ခါဖြစ်တိုင်းလည်း ချစ်စခင်စတုန်းကလို ပိုချစ်လာတာမျိုးမဟုတ်တော့ပဲ ပိုပိုဝေးသွားသလိုခံစားလာရပါလိမ့်မယ်။ အဲ့ဒီ့အချိန်မှာတစ်ဖက်ဖက်က အသစ်တွေ့လိုက်တာနဲ့ပြတ်တော့တာပါပဲ။ သတိထားစဉ်းစားဖို့က သူ့ကိုအဆုံးရှုံးခံနိုင်သလားဆိုတာပါ။ သူမရှိပဲနေလို့မဖြစ်နိုင်ဘူးဆိုရင် အဲ့ဒါကိုရန်ဖြစ်ချိန်မှာရော ပုံမှန်အချိန်မှာပါခေါင်းထဲမှာအမြဲစွဲထားပါ။

 

ဘဝတစ်ခုအတူတည်ဆောက်ဖို့တိုင်ပင်တာ

ဒါကတော့ ချစ်သူသက်တမ်းနှစ်နှစ်နဲ့အထက်တွေပြုလုပ်လေ့ရှိတဲ့အရာပါ။ ဘဝတစ်ခုအတူတည်ထောင်ဖို့တိုင်ပင်တဲ့အခါ မတူညီတာတွေအများကြီးစုပြုံထွက်လာတတ်တဲ့အအချိန်လည်းဖြစ်ပါတယ်။ ကိုယ်က ကလေးကိုတတ်နိုင်သမျှမလိုချင်ဘူး၊သူက ကလေးအနည်းဆုံးနှစ်ယောက်လိုချင်တယ်ဆိုတာမျိုးတွေ၊ ကိုယ်က အေးအေးဆေးဆေးခြံနဲ့ဝန်းလေးနဲ့နေချင်ပေမယ့် သူကတော့ လူများဆူညံတဲ့မြို့တွင်းနေရာကိုပဲသဘောကျတာမျိုးတွေကအစ ကိုယ်ကနှစ်ယောက်ထဲနေချင်တယ်၊သူကတစ်ဦိတည်းသောသားသမီးမို့ သူ့မိဘတွေနဲ့ခွဲပြီးထွက်မလာနိုင်ဘူး။ ဒီအဆင့်မှာ မိဘတွေကလည်း အပြန်အလှန်သိထားလောက်ပါပြီိ။အဲ့ဒီ့မှာမိဘကသဘောမတူဘူး ကန့်သတ်ချက်တွေနဲ့သဘောတူမယ် စတာတွေအများကြီးကြုံရတော့မှာပါ။ ဒီအဆင့်မှာ ပြတ်သွားကြတဲ့စုံတွဲတွေဟာ ဘယ်တော့မှပြန်မတွဲကြတော့ပါဘူး။

 

ဒါတွေကတော့ စုံတွဲအများစုပြတ်လေ့ရှိကြတဲ့အကြောင်းအရာတွေဖြစ်ပြီး ဒါတွေကိုဘယ်လိုကျော်လွှားရမလဲဆိုရင် မီိးစဉ်ကြည့်ကဖို့ပဲပြောရတော့မှာပါ။ ကိုယ်ကသူ့ကိုအဆုံးရှုံးမခံနိုင်ဘူးဆိုရင် တတ်နိုင်သမျှမဆုံးရှုံးရအောင်နေထိုင်ပါ။ ဒါပေမယ့်အဲ့ဒီိ့လိုနေထိုင်နေရင်းကနေမှ သူ့ရဲ့အချစ်တွေကကုန်ခမ်းသွားတာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။အဲ့ဒါဆိုရင်တော့ ထွက်လာခဲ့ပါတော့။ဘယ်သူမှ ရေခန်းသွားတဲ့ချောင်းဘေးမှာ ရေပြန်စိမ့်ထွက်လာနိုးနဲ့အချိန်မဖြုန်းချင်ကြပါဘူး။ အဓိကကတော့ လူတစ်ဦးတစ်ယောက်ကို ကိုယ့်ဘဝထဲမှာတစ်သက်လုံးခေါ်ထားဖို့ရာ ဘယ်လိုနည်းလမ်းမျိုးမှမရှိဘူးဆိုတာပါပဲ။ တစ်ခုထဲသောဖြစ်နိုင်ချေကတော့အဲ့ဒီ့လူက ကိုယ့်ဘဝထဲမှာလိုလိုလားလားနေချင်မှပါ။ အချစ်ကံခေမှုကနေ ရှောင်လွှဲနိုင်ကြပါစေ။

 

Unicode Format


 



 



 



 



 


 

 

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.