အခြေခံလူ့ကျင့်ဝတ်မသိသူတွေပြုလုပ်တတ်တဲ့ စိတ်ပျက်ဖွယ်အမူအကျင့်တွေ

လူရယ်လို့ဖြစ်လာရင်အခြေခံလူ့ကျင့်ဝတ်ကလေးတော့သေချာပေါက်သိသင့်ပါတယ်။ လူတွေလိုက်နာကျင့်သုံးနေကြတဲ့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့လူ့ကျင့်ဝတ်ဆိုတာက လူတွေကိုအခြားသော သတ္တဝါတွေနဲ့ခွဲခြားပေးထားတဲ့ အရာတွေထဲက အင်အားကြီးမားတဲ့တစ်ခုပါ။ ဒါကြောင့်လည်း ငယ်ငယ်ဘဝကတည်းကလူကြီးမိဘတွေက လူ့ကျင့်ဝတ်တွေပြုမူနေထိုင်ပုံတွေကို ယဉ်ကျေးလိမ်မာသင့်တင့်လျှောက်ပတ်အောင် ဆုံးမထားတတ်ကြတဲ့အပြင် ကျောင်းတွေမှာဆိုရင်လည်း အတန်းငယ်ရွယ်စဉ်ကတည်းက လောကနီတိတွေသင်ကြားပေးခဲ့ကြတာပါ။ ခုနောက်ပိုင်းမှာတော့ မိဘတွေကလည်း ပိုက်ဆံရှာနေရလို့သားသမီးတွေကိုဆိုဆုံးမချိန်တွေလျော့နည်းသွားတဲ့အပြင် အချို့အချို့သောကျောင်းတွေမှာကလည်း လောကနီတိအစား ကွန်ပျူတာကိုသာအသားပေးသင်ကြတဲ့ခေတ်ကာလကြီးကိုလည်းရောက်နေလေတော့ လောကကြီးထဲကိုရောက်လာတဲ့ လူငယ်လူရွယ်တွေမှာ အခြေခံလူ့ကျင့်ဝတ်ကလေးမှမသိပဲ ရိုင်းပျစော်ကားတတ်သူလေးတွေဥဒဟိုပေါ်ပေါက်လာနေကြတာ ဝမ်းနည်းစိတ်ပျက်ဖွယ်ပါပဲ။ အခြေခံလူ့ကျင့်ဝတ်မသိတဲ့ သူတွေပြုလုပ်လေ့ရှိတဲ့ စက်ဆုပ်ဖွယ်အပြုအမူတွေကတော့

 

စိတ်ထားကြမ်းတမ်းခက်ထန်တာ

လောကကြီိးကိုဆက်ဆံရာမှာ ခြောက်လုံးပြူးကိုကျည်အပြည့်ထိုးထားသလို လက်ပစ်ဗုံးကိုစနက်တံဖြုတ်ထားသလို ရန်စွယ်နဲ့ငေါငေါ မောင်းတင်ထားတဲ့ မာန်မာနတွေနဲ့ ဆက်ဆံလေ့ရှိသူတွေပါ။ ဒီလိုလူတွေဟာ စကားပြောရတာလည်းလက်ပေါက်ကပ်သလို ပေါင်းသင်းဆက်ဆံချင်စရာလည်းတစ်စက်မှမကောင်းသူတွေဖြစ်ကြပါတယ်။သူတို့က စကားတစ်ခွန်းစီတိုင်းကိုအထအနကောက်တတ်ပြီး အပြုအမူတစ်ခုချင်းစီိတိုင်းကိုသာတယ်နာတယ်တွက်ပြီးဆက်ဆံတတ်သူတွေဖြစ်တဲ့အပြင် သူတို့ကိုယ်ကျိုးအတွက်တော့ အလွန်တရာမှကိုသိတတ်သူကလေးတွေဖြစ်တတ်ကြပါတယ်။

 

လူကြီိးကိုလူကြီးမှန်းမသိတာ

ကိုယ့်ထက်အသက်ကြီးလို့လည်းလေးစားရကောင်းမှန်းမသိ၊ဝါကြီိးလို့လည်း ဦးညွတ်ရကောင်းမှန်းမသိ လူကြီးကိုခြေရာတိုင်းချင်သူတွေ ကလန်ကဆန်လုပ်ချင်သူတွေ ရိုင်းပျစော်ကားတတ်သူတွေ၊ဆိုဆုံးမမလွယ်သူတွေပါ။ လူမှာဆိုဆုံးမ လွယ်ဖို့က အရေးကြီးဆုံးပါပဲ။ ဆိုဆုံးမလွယ်တယ်ဆိုတာ ကိုယ့်အိမ်တံခါးကိုဖွင့်ထားတာနဲ့တူပြီး ဆိုဆုံးမခက်ခဲသူတွေကတော့ အသေပိတ်ထားတာနဲ့အလားသဏ္ဍာန်တူပါတယ်။တစ်ယောက်ယောက်ကကိုယ့်ကိုဆိုဆုံးမတဲ့အခါအဲ့ဒီ့လူဟာဘယ်လိုလူမျိုးလည်းဆိုတာကိုအကဲခတ်ပြီးနာခံသင့်မသင့်ဆုံးဖြတ်တာထက် အဲ့ဒီ့လူရဲ့ပြောစကားကိုကိုယ့်အသိညဏ်နဲ့နှိုင်းယှဉ်ဆုံးဖြတ်ပြီး နာယူသင့်မသင့်ဆုံးဖြတ်သင့်ပါတယ်။ မာယာစကားပုံတစ်ခုထဲကစကားယူသုံးရမယ်ဆိုရင် ကံဆိုးခြင်းတွေလာမှာစိုးပြီးသင့်အိမ်တံခါးကို အသေပိတ်ထားခဲ့ရင် ကံကောင်းခြင်းတွေပါဝင်မလာနိုင်တော့ပဲနေမှာမို့ ကံကောင်းခြင်းတွေကိုမြင်ရင်တံခါးဖွင့်ပေးရအောင်တံခါးကို စေ့ရုံသာစေ့ထားပါလေတဲ့။

 

လူ့အရေးအရာမသိတာ

လူ့အရေးအရာမသိတာဆိုတာ ကိုယ့်နေရာမဟုတ် ကိုယ်လုပ်ရမယ့်အလုပ်မဟုတ်တာကို မစဉ်းမစားစွတ်လုပ်တာ။ဒါမှမဟုတ် တစ်စုံတစ်ဦးကိုအလိုအလျောက်အကျိုးပျက်စီးပါစေတော့ဆိုပြီး ကိုယ်နဲ့မဆိုင်တဲ့အလုပ်ကိုပြုလုပ်တာမျိုးပဲဖြစ်ပါတယ်။လောကကြီးမှာ လူ့စည်းဘီလူးစည်းရှိတယ်ဆိုသလိုပဲ ကိုယ့်အရာသူများအရာရှိပါတယ်။ကိုယ့်အရာမဟုတ်တာ၊ကိုယ်လုပ်ဖို့မလိုတာကို သိသိကြီးနဲ့ပြုလုပ်တာကတော့ အခြေခံလူ့ကျင့်ဝတ်ကိုသိမှုကင်းမဲ့တာပါပဲ။ ဒါဟာ သူတစ်ပါးကိုအင်မတန်အနှောက်အယှက်ပေးရာကျသလို ပြုလုပ်လိုက်တဲ့လူအဖို့မှာလည်း ကျွမ်းကျင်လိမ္မာသိတတ်တဲ့ လူတွေဆီကနေ အထင်သေးတဲ့အကြည့်တွေကျရောက်စေပါလိမ့်မယ်။

 

အခြေအနေနဲ့အချိန်အခါကိုမသိတာ

ဘဝမှာအရေးအကြီးဆုံးက Timing မှန်ဖို့ပဲဆိုတဲ့စကားရှိပါတယ်။ ကိစ္စတစ်ခုကိုပြုလုပ်ရမယ့်အချိန်မပြုလုပ်သင့်တော့တဲ့အချိန်တွေရှိပါတယ်။လူဟာအရွယ်ရောက်လာတာနဲ့အမျှဒါတွေကိုသိနားလည်လာရမှာဖြစ်ပါတယ်။ အခြေအနေနဲ့အချိန်အခါကိုမသိပဲပြုမူတယ်ဆိုတာက ပညာညဏ်မဲ့သူတွေ၊ဒါမှမဟုတ် အလွန်ကောက်ကျစ်သူတွေမှသာပြုမူလေ့ရှိတဲ့အပြုအမူပါ။

 

ပိုင်ပိုင်နိုင်နိုင်ပြုမူတာ/ဘောင်ကျော်တဲ့အပြုအမူတွေပြုလုပ်တာ

လူတစ်ယောက်နဲ့အခုမှစတွေ့တယ်၊ခေါ်လို့ရလားမရဘူးလားဆိုတာတောင်မမေးပဲ ရိုင်းပျတဲ့အခေါ်အဝေါ်တွေတန်းခေါ်ပစ်လိုက်တယ်။ အခေါ်အဝေါ်ဆိုတဲ့နေရာမှာမြန်မာစကားကကျယ်ပြန့််ပါတယ်။ နင်နဲ့ငါ၊မင်းနဲ့ငါ စသဖြင့်အခေါ်အဝေါ်တွေဟာ တစ်ဖက်မှာရင်းနှီးတဲ့အခေါ်အဝေါ်လည်းဖြစ်သလို တစ်ချိန်တည်းမှာပဲမသိတဲ့သူတွေနဲ့ဆိုရင် ရိုင်းပျတဲ့အခေါ်အဝေါ်လည်းဖြစ်နေပါတယ်။ နောက်တစ်ခုက ကျောင်းတက်တဲ့သူတွေမှာအများဆုံးကြုံရလေ့ရှိတဲ့အပြုအမူပါ။ခဲတံတွေပေတံတွေငှါးတယ် သူပိုင်ပစ္စည်းလို နောက်ပိုင်းမှာယူယူသုံးနေတော့တယ်ဆိုတာမျိုးပေါ့။ ဒီလိုပိုင်ပိုင်နိုင်နိုင်ပြုမူတာတွေကိုလူအများစုကမုန်းတီးကြပါတယ်။ ဒါဟာ အခြေခံလူ့ကျင့်ဝတ်တွေထဲမှာပါဝင်တဲ့သေးငယ်တဲ့အချက်ကလေးဖြစ်ပြီးအများဆုံးချိုးဖောက်ခံနေနရတဲ့အချက်လည်းပဲဖြစ်နေပါတယ်။

 

သွေးတိုးစမ်းတာ

သဘောကောင်းတဲ့လူဆိုရင်လူတွေကခေါင်းပေါ်တက်ချင်တယ်ဆိုတဲ့စကားမျိုးကြားဖူးကြမှာပေါ့။ ဒါကလည်း အဲ့ဒီလိုပါပဲ။ လူတစ်ယောက်ကိုရိုင်းပျစွာဆက်ဆံလို့ရလား ဒါမှမဟုတ်အနိုင်ကျင့်လို့ရလားဆိုတာမျိုး ပထမဆုံးတစ်ခါသွေးတိုးစမ်းပြီိးပြုမူကြည့်တာမျိုးတွေပါ။ မရတဲ့လူဆိုရင် တစ်မျိုး၊အားနာတတ်တဲ့လူဆိုရင်တစ်မျိုး လူတစ်ယောက်ကိုဘယ်လိုဆက်ဆံရမလဲဆိုတာသွေးတိုးစမ်းကြည့်တဲ့အပြုအမူပါ။ အမှန်တော့ လူတွေကိုဆက်ဆံတယ်ဆိုတာ ဘယ်သူ့ကိုပဲဖြစ်စေ တသမတ်တည်းဆက်ဆံပြောဆိုရမှာပါ။ တစ်ယောက်ကိုတစ်မျိုးဆက်ဆံတယ်ဆိုကတည်းက မူမမှန်တဲ့ အမြတ်ထုတ်ချင်တဲ့ဆက်ဆံရေးမျိုးလို့ပြောလို့ရပါတယ်။

တိုတောင်းလှတဲ့ဘဝခရီးမှာ ဒီလို လူ့ကျင့်ဝတ်မသိတဲ့ စက်ဆုပ်ဖွယ်လူတွေနဲ့တတ်နိုင်သမျှရှောင်ကွင်းပြီးနေနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…။

 

Unicode Format




 



 



 



 



 




461 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.