သင်မြင်တွေ့နေရတဲ့ လူတွေရဲ့အမူအကျင့်တွေ ဆက်ဆံပုံတွေဟာ သူတို့ရင်ထဲကလာတဲ့အရာတွေချည်းပဲဖြစ်ဖို့ကတော့ အတော်မဖြစ်နိုင်တဲ့ကိစ္စပါ။ စိတ်ပညာရှင်အချို့ရဲ့အပြောအရတော့ လူတစ်ယောက်မှာ personality သုံးမျိုးရှိပါသတဲ့။ သူများတွေကိုပြတဲ့ ပုံသဏ္ဍာန်၊ကိုယ့်ကိုယ်ကိုယ်ထင်နေတဲ့ပုံသဏ္ဍာန်နဲ့ သူအမှန်တကယ်ဖြစ်နေတဲ့ပုံသဏ္ဍာန်ရယ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ဟန်ဆောင်ဖုံးကွယ်ထားနေပါစေ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားဟာ သူ့ရဲ့အပြုအမူတွေမှာ ဖုံးမနိုင်ဖိမရလှစ်ခနဲပေါ်ပေါ်လာလေ့ရှိပါတယ်။ ဒါကြောင့် ကိုယ်နဲ့ကြုံဆုံလာရတဲ့သူဟာ ကောက်ကျစ်လှည့်ဖျားတတ်သူဟုတ်မဟုတ် သူ့ရဲ့အပြုအမူတွေမှာ ဆန်းစစ်လို့ရနိုင်စေမယ့် စရိုက်လက္ခဏာတွေဖော်ပြပေးလိုက်ပါတယ်။
သူ့ရဲ့အလေးထားမှု
အချို့သူတွေရဲ့ စိတ်နေစိတ်ထားနဲ့ဘဝနေထိုင်ဖြတ်သန်းမှုတွေကိုသိရဖို့ သူအလေးထားဂရုစိုက်တဲ့အရာတွေကိုတစေ့တစောင်းငဲ့ကြည့်လိုက်ရုံပါပဲ။ သူက ဘာတွေအလေးထားသလဲ။သူ့အတွက်တစ်နည်းနည်းနဲ့အကျိုးရှိလာမယ့်သူတွေကိုပဲ ဂရုတစိုက်ဆက်ဆံတာလား၊ဒါမှမဟုတ် လူတိုင်းကိုတပြေးညီဆက်ဆံတာလား ဆိုတာမျိုးတွေ မသိမသာ သတိထားကြည့်ခြင်းအားဖြင့် သူ့စိတ်ဓာတ်ကဘယ်လိုလဲဆိုတာသိနိုင်ပါတယ်။
သူရဲ့စကားပြောပုံဆိုပန်း
သူစကားပြောတဲ့အခါ သူဆိုလိုချင်တဲ့အချက်၊သူဖော်ပြချင်တဲ့အချက်ကို ငါ့စကားနွားရနင်းထိုးပြီးပြောလေ့ရှိလား။ဒါမှမဟုတ် ဖြစ်နိုင်တာသင့်တင့်လျှောက်ပတ်တဲ့ စကားအသွားအလာရှိလား။ သူကနားထောင်သူလား၊ပြောဆိုသူလား။သတိထားရမယ့်အချက်က နားထောင်သူဖြစ်တိုင်းလည်းမကောင်းသလို ပြောဆိုသူဖြစ်တိုင်းလည်းဆိုးတာချည်းမဟုတ်ပါဘူး။ စကားတစ်ခွန်းမှမပြောပဲနားထောင်နေတယ်ဆိုတာက စိတ်တွင်းမှာအချိန်ပြည့်တစ်ခုခုကိုကြံစည်နေတတ်သူဖြစ်ပြီး စကားအများကြီးပြောတယ်ဆိုရင်လည်းပဲ ပွင့်ပွင့်လင်းလင်းနေတတ်သူမို့ ပြောရမယ့်အရာတွေကြိုပြောထားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူ့ရဲ့စကားပြောပုံဆိုပေါက်နဲ့ ပြောတဲ့စကားပေါ်မှာမူတည်ပြီးပဲဆုံးဖြတ်ရမှာပါ။
သူက အာရုံစိုက်ခံချင်စိတ်ကြီးမားလား
Facebook ပေါ်က အသုံးများတဲ့အသုံးအနှုန်းနဲ့ပြောရမယ်ဆိုရင်တော့ Attention seeker ပေါ့။ သူ့ကိုလူတွေအာရုံစိုက်လာဖို့ကြိုက်နှစ်သက်လာစေဖို့ ဘာပဲလုပ်ရလုပ်ရဆိုတဲ့သူမျိုးလား..ဒါမှမဟုတ် သူ့အထာနဲ့သူခပ်အေးအေးသာနေလေ့ရှိသူလား။ Attention seeker,attention whore အများစုဟာ သူတို့အကျိုးအတွက် သူတို့နာမည်ကြီိးလူကြိုက်များဖို့ ဒါမှမဟုတ် သူတို့ကိုလူတွေကအကောင်းမြင်စေဖို့ သူတစ်ပါးကိုချောက်တွန်းရမယ်ဆိုရင်လည်းပျော်ပျော်ကြီးတွန်းမယ့်သူမျိုးတွေပါ။
ကြွားဝါတတ်သူလား
ကြွားတာကဘယ်သူ့ကိုမှမထိခိုက်နိုင်ပါဘူးလို့ထင်ကောင်းထင်နိုင်ပေမယ့် အဓိကကတော့ ကြွားဝါတတ်သူရဲ့စိတ်နေစိတ်ထားပါပဲ။ ကြွားဝါတတ်သူတွေမှာ ဖြောင့်မတ်တဲ့စိတ်နေစိတ်ထားမရှိတာသေချာပါတယ်။ဒါ့အပြင် စစ်တမ်းကောက်ယူချက်တွေအရ ကြွားဝါတတ်သူအများစုဟာ မနာလိုစိတ်ကြီးပြီး ကိုယ့်ဘဝကိုယ်ကျေနပ်မှုကင်းမဲ့နေသူတွေဖြစ်ကြောင်းလည်းသိရပါတယ်။ဒါကြောင့် ကြွားဝါတာဟာ ဘယ်သူ့ကိုမှမထိခိုက်နိုင်တာဖြစ်နိုင်ပေမယ့် ကြွားဝါတတ်သူနားမှာနေမိတဲ့သူတွေကတော့ စိတ်ဆင်းရဲရမှာသေချာသလောက်ရှိပါတယ်။
သူက ကတိပျက်တတ်သူလား
ဘယ်တော့မှလည်းမတည်တဲ့ကတိတွေအကြိမ်ကြိမ်ပေးတတ်သူတွေဟာ ဖြောင့်မတ်မှန်ကန်သူတွေဖြစ်ဖို့အလားအလာမရှိသလောက်နည်းပါတယ်။ ကတိပျက်ပြီဆိုမှတော့ ကတိပျက်ရခြင်းအကြောင်းအရင်းတွေအမျိုးစုံပေးတော့မှာပါပဲ။အချို့ဆို ကိုယ်ကဘာဖြစ်လို့သူတို့ကကတိပျက်ရတာပါဆိုပြီး ကိုယ့်ဘက်ပါမြှားဦးကပြန်လှည့်လာတတ်ပါသေးတယ်။ အဲ့ဒီမှာ သူ့အပြစ်ကို ကိုယ့်အပြစ်လုပ်တဲ့တစ်မှုကထပ်တိုးလာပါရော။ ဒါကြောင့် ကတိပျက်တတ်တဲ့သူတွေဟာလည်း တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်စွာ ကောက်ကျစ်လှည့်ဖျားတတ်သူတွေစာရင်းမှာပါဝင်နေပါတော့တယ်။
ဒါတွေကတော့ ကောက်ကျစ်လှည့်ဖျားတတ်သူတစ်ယောက်ကို ဘယ်လိုတန်းခနဲသိနိုင်မလဲဆိုတဲ့အချက်တွေပါ။လူအမျိုးမျိုးစိတ်အထွေထွေနဲ့ စိတ်ပျက်ဖွယ်လောကကြီးမှာ ကောက်ကျစ်လှည့်ဖျားတတ်သူတွေနဲ့ခုနစ်ဆယ့်ကိုးမှတ်တိုင်စာလောက်အဝေးမှာ စိတ်အေးချမ်းသာနေထိုင်နိုင်ကြပါစေ။
Unicode Format