သင့်ချစ်သူနဲ့ရန်မဖြစ်ခင် သိထားသင့်တဲ့အချက်တွေ

လူတစ်ကိုယ်စိတ်တစ်မျိုးပဲလေ။ လူတစ်ယောက်နဲ့တစ်ယောက် အချိန်တွေအကြာကြီးရန်မဖြစ်ပဲငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ဆိုတာက တစ်ယောက်ယောက်ကတစ်ဖက်သတ်ကြီးသည်းခံနေတာကလွဲရင်ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါတောင်မှ သည်းခံနေတဲ့တစ်ယောက်က သည်းခံရပါများလို့ပေါက်ကွဲထွက်လာတဲ့အခါ အဲ့ဒီ့လူနှစ်ယောက်ရဲ့ချစ်ခရီးလမ်းဟာ ပြန်လမ်းမရှိတဲ့ အဆုံးသတ်ကိုရောက်သွားမှာပါ။ ဒီတော့ ရန်ကတော့ဖြစ်မှာပဲ၊ရန်ဖြစ်ပြီးရင်ပြန်ချစ်မှာပဲဆိုမှသာအဆင်ပြေမှာပါ။ အချို့က ရန်ဖြစ်ပြီးရင်ပြန်ချစ်မှာပဲဆိုပေမယ့် အချိန်တွေကြာလာတယ် ရန်ဖြစ်တာတွေကပဲများလာပြီးဟုတ်တိပတ်တိပြန်မချစ်ဖြစ်ကြတော့ပဲ ခံစားချက်တွေထုံထိုင်းအေးစက်သွားတာမျိုးလည်းရှိတတ်ကြပါတယ်။အဲ့ဒီ့မှာ တစ်ခါလောက်ရန်ထပ်ဖြစ်လိုက်တာနဲ့ ဘယ်ဘက်ကမှစမခေါ်တော့ပဲ ပြတ်လိုက်ဖို့အဆင်သင့်ဖြစ်သွားတဲ့အခြေအနေထိရောက်သွားကြတော့တာပါပဲ။သင့်ချစ်သူနဲ့လက်တွဲမဖြုတ်ချင်ဘူးဆိုရင် ရန်ဖြစ်တဲ့အချိန်တွေနဲ့ပက်သက်ပြီးသိထားသင့်တဲ့အရာလေးတွေရှိပါတယ်။အဲ့ဒါတွေကတော့….

 

ရန်ဖြစ်နေချိန်မှာမရိုင်းပျပါနဲ့

ရိုင်းတယ်ဆိုတာ အခြားသူတွေအပေါ်မှာတောင်မလုပ်သင့်တဲ့အပြုအမူတွေဖြစ်သေးတာ ကိုယ်ချစ်တဲ့သူတွေအပေါ်မှာဆိုပိုလို့တောင်မလုပ်သင့်ပါဘူး။နောက်ပြီးတော့ ရိုင်းလိုက်တာ၊လူကြားထဲမှာအော်ဟစ်ပြောဆိုပြီး တစ်ဖက်သားရဲ့သိက္ခာကိုချပစ်လိုက်တာဟာ သင်တို့ကြားကပြဿနာကို ပြေလည်စေနိုင်မှာမဟုတ်ပါဘူး။ဒါ့အပြင် သင့်ရဲ့ရိုင်းပျတဲ့အပြုအမူတွေဟာ သူ့မှတ်ညဏ်ထဲမှာစွဲသွားပြီး သူသာအသိညဏ်ရှိတဲ့လူတစ်ယောက်ဆိုရင် ဒီလိုရိုင်းစိုင်းတဲ့သူဟာ သူ့ကလေးတွေရဲ့မိဘဖြစ်သင့်သလားဆိုတာအထိစဉ်းစားပြီး သင့်ကိုလမ်းခွဲသွားပါလိမ့်မယ်။ပြဿနာကဘယ်လောက်ပဲဆိုးရွားနေပါစေ ရိုင်းပျစော်ကားစွာဆက်ဆံတာမျိုးမလုပ်ပါနဲ့။

 

သင့်ခံစားချက်တွေကိုထိန်းချုပ်ပါ

သင်ဘာကိုခံစားနေရတာလဲဆိုတာကောင်းကောင်းသိဖို့လိုပါတယ်။ သဝန်တိုတာလား၊ခံပြင်းတာလား၊ဒေါသထွက်တာလား ဒါမှမဟုတ် သည်းခံထားရတာတွေများနေလို့ပေါက်ကွဲထွက်ချင်နေတာလား၊အခြားမှာအဆင်မပြေတာတစ်ခုခုရှိခဲ့တာကို ဘာမှမဆိုင်တဲ့သင့်ချစ်သူအပေါ်ပုံချချင်နေတာလား စသဖြင့် ကိုယ့်ခံစားချက်ကိုကွဲကွဲပြားပြားနားလည်ထားဖို့လိုအပ်ပါတယ်။ ကိုယ့်ဟာကိုယ်ဘာဖြစ်နေမှန်းတောင်သေချာမသိပဲတစ်ယောက်တစ်ပြန်အော်ဟစ်ပြောဆိုပြီး ကိုယ်ချစ်တဲ့လူတစ်ယောက်ကိုဆုံးရှုံးလိုက်ရမှာဟာ မတန်လှတဲ့ ကိစ္စရပ်တစ်ခုပါ။

 

ပြဿနာကိုအနုလုံပဋိလုံနားလည်သဘောပေါက်အောင်ကြိုးစားပါ

အနာသိရင်ဆေးရှိတယ်ဆိုသလိုပဲ ပြဿနာကိုအတွင်းကျကျနားလည်ထားရင်ဖြေရှင်းစရာနည်းလမ်းဆိုတာ ရှိကိုရှိပါတယ်။ သင်တို့ရန်ဖြစ်ရတာသူ့ရဲ့သဝန်တိုစိတ်ကြောင့်ဆိုရင် သဝန်တိုစိတ်ဘယ်ကဖြစ်လာသလဲဆိုတဲ့ဇစ်မြစ်ကိုရှာပါ။ ဒါမှမဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်ဆိုရင်လည်း ပြဿနာထဲမှာလုံးထွေးရစ်ပတ်နေမယ့်အစား ပြဿနာရဲ့အပြင်ကိုထွက်ပြီး ဖြစ်နေတဲ့ ပြဿနာကို တတိယလူတစ်ယောက်အနနဲ့ခပ်ဝေးဝေးက ရပ်ကြည့်ပါ အခြေအနေကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပြီဆိုမှဘာဆက်လုပ်ရမလဲစဉ်းစားပါ။

 

ဆင်ခြေမပေးပါနဲ့

သင့်အနေနဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ကိစ္စရပ်တစ်ခုခုကိုမလွဲမရှောင်သာပြုလုပ်မိခဲ့ပြီဆိုပါတော့။အဲ့ဒါကို သင်ကသိတယ်၊အဲ့ဒီ့အတွက်သင်နောင်တရချင်မှရမယ်၊ဒါပေမယ့် စိတ်မကောင်းဘူး။ တစ်ခါတစ်လေမှာ သင့်ရဲ့မှားယွင်းတဲ့လုပ်ရပ်တွေအတွက် တစ်ဖက်လူကလိုချင်တာဟာ ရိုးစင်းတဲ့တောင်းပန်မှုပါ။ အဲ့ဒါကိုသင်က ဘာကြောင့်လုပ်ရတာပါဆိုတဲ့ ဆင်ခြေတွေပေးပြီးတောင်းပန်ဖို့ခေါင်းရှောင်နေခဲ့မယ်ဆိုရင် ပြဿနာဟာပိုပြီးကြီးထွားလာစရာပဲရှိပါတယ်။ တောင်းပန်ဖို့မတွန့်ဆုတ်ပါနဲ့။တစ်ခါတစ်ရံမှာ အဲ့ဒါက အလိုအပ်ဆုံးအရာမို့ပါ။

 

ပြဿနာကိုအတူတူဖြေရှင်းဖို့ကြိုးစားပါ

အရေးအကြီးဆုံးအချက်က သင်တို့ရင်ဆိုင်နေရတာဟာ သင်ကတစ်ဖက်သင့်ချစ်သူကတစ်ဖက်မဟုတ်ပါဘူး။သင်နဲ့သင့်ချစ်သူကတစ်ဖက် ပြဿနာကတစ်ဖက်ပါ။ ဒါကိုရန်ဖြစ်နေချိန်မှာရော ပြန်တည့်သွားချိန်မှာပါ မမေ့ဖို့လိုအပ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်တိုက်ခိုက်ရန်စောင်နေမယ့်အစား ပြဿနာကိုအတူတူဖြေရှင်းဖို့ကြိုးစားကြမယ်ဆိုရင် မုန်တိုင်းကိုနှစ်ယောက်အတူဖြတ်သန်းဖူးတဲ့ ချစ်သူတွေလိုသင်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပိုရှိလာမှာဖြစ်ပြီး ဘဝမှာဘာအခက်အခဲတွေကြုံကြုံအတူရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေမှာပါ။

 

ဒီအချက်တွေကတော့ သင့်ချစ်သူနဲ့ရန်မဖြစ်ခင်မှာ နှစ်ယောက်လုံးသိထားသင့်တဲ့အချက်လေးတွေပါ။ သင့်ချစ်သူကိုပါ ပြဖို့မမေ့နဲ့နော်။ သာယာပျော်ရွှင်တဲ့ ချစ်သူဘဝလေးတွေဖြတ်သန်းနိုင်ကြပါစေ။

 

Unicode Format













199 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.