မိန်းကလေးအများစု ရူးခါနေအောင်မှားယွင်းနေကြတဲ့ အလှအပရေးရာတွေ

အလှအပဆိုတာ မိန်းကလေးတိုင်းရဲ့ကျက်သရေပါ။ မျက်နှာပြောင်နဲ့နေရတာပဲကြိုက်ပါတယ် မသိဘူး မိတ်ကပ်တွေမလိမ်းဘူးဆိုတဲ့ မိန်းကလေးတွေလည်းရှိနိုင်ပေမယ့် ဒါက ရာခိုင်နှုန်းအနည်းငယ်ပဲဖြစ်ပြီး မိန်းကလေးအများစုကတော့ အလှအပကိုရူးသွပ်ကြပါတယ်။ ဒီဘက်ခေတ်ကြီးမှာ Beauty Blogger တွေမှိုလိုပေါက်နေခြင်းက သက်သေပါပဲ။ ခုပြောပြမယ့်အချက်လေးတွေကတော့ Beauty Blogger တွေ ခဏခဏသတိပေးနေတဲ့အချက်လေးတွေလည်းဖြစ်သလို အလှအပရေးရာရဲ့အခြေခံလိုအပ်တဲ့အချက်တွေဆိုရင်လည်း မှားအံ့မထင်ပါဘူး။ ဒါလေးတွေက မသိသေးတဲ့သူတွေ ဝေဝေဝါးဝါးဖြစ်နေတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။ သိပြီးသူတွေလည်း နှစ်ထပ်ရှိတော့မှတ်မိတာပေါ့နော်။

 

မိတ်ကပ်မဖျက်မျက်နှာမသစ်ပဲနဲ့အိပ်ရာဝင်တာ

ဒါကညဘက်မှမဟုတ်ပါဘူး။နေ့လည်နေ့ခင်းတရေးတမော အိပ်တာတို့ဘာတို့ ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ် မိတ်ကပ်ဆိုတာဖျက်ကိုဖျက်ပြီးမှအိပ်ရမှာပါ။ ပါးပါးလေးပဲလိမ်းထားထားအထူကြီးပဲလိမ်းထားထားပါ။ မိတ်ကပ်တွေဟာ မျက်နှာကချွေးပေါက်တွေ မွှေးညှင်းပေါက်လေးတွေကိုပိတ်ဆို့ပြီး အဆီဖုတွေ၊ဝက်ခြံတွေဆိုးဆိုးရွားရွားထွက်စေနိုင်တာကြောင့် မိတ်ကပ်မဖျက်ပဲနဲ့လုံးဝမအိပ်သင့်ပါဘူး။ အချို့ကရှိတယ်။အပြင်ကပြန်လာတယ်၊နေပူပင်ပန်းလွန်းလို့တရေးလောက်အိပ်လိုက်ဦးမယ် နိုးလာမှကျန်တာဆက်စဉ်းစားမယ်ဆိုပြီး တချိုးထဲအိပ်သွားတာမျိုး။ အဲ့ဒါမျိုးလုံးဝမလုပ်ပါနဲ့နော်။ အိမ်ပြန်ရောက်တာနဲ့ မိတ်ကပ်တန်းဖျက်ပါ။ လှချင်ရင်ပေါ့။

 

မျက်နှာသစ်ဆေးရည်မှားယွင်းသုံးစွဲမိနေတာ

ဒါက အဖြစ်နိုင်ဆုံးအရာပါ။တော်တော်များများဖြစ်လေ့ရှိကြတဲ့အရာဆိုရင်လည်းမှားမယ်မထင်ပါဘူး။ ဈေးကွက်ထဲမှာရှိနေတဲ့မျက်နှာသစ်ဆေးရည်တွေမှာ် Oily to combination Skin,Dry Skin, Oily Skin ဆိုပြီး အသားအရည်အလိုက်ခွဲပေးထားတာတွေရှိပါတယ်။ အဲ့ဒါတွေကိုသေချာသိရမယ့်အပြင် ကိုယ့်အသားအရည်ကဘယ်အမျိုးအစားလဲဆိုတာပါသေချာသိသင့်ပါတယ်။ ဘယ်အသားအရည်ပဲဖြစ်ဖြစ် ဒီတစ်မျိုးပဲဆိုတဲ့ ဘာလာလာဒေါင်းတယ်ဆိုတဲ့ တံဆိပ်တွေက များသောအားဖြင့်မကောင်းတာကိုယ်နဲ့မသင့်တော်တာများပါတယ်။ဒါကြောင့် မျက်နှာသစ်ဆေးရည်ရွေးချယ်တဲ့အဆင့်ဟာလည်းအရေးကြီးပါတယ်။

 

မျက်နှာသစ်ပြီးတော့ တိုနာအသုံးပြုခြင်းမရှိတာ

မျက်နှာသစ်ဆေးရည်နဲ့သစ်ပြီးပြီပဲ တိုနာကဘာလိုလို့တုန်း ရှုပ်ရှုပ်ရှက်ရှက်ဆိုပြီး တိုနာသုံးရမယ့်အဆင့်ကို ခပ်တည်တည်နဲ့ကျော်ပစ်သူတွေကအများအပြားရှိနေပါတယ်။ အမှန်တော့ တိုနာဆိုတာလိုအပ်လို့ရှိနေရတဲ့အဆင့်တစ်ခုပါ။ မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာသစ်ဆေးရည်ကြောင့်ပဲဖြစ်ဖြစ် မျက်နှာသစ်တဲ့ရေကြောင့်ပဲဖြစ်ဖြစ် ဖြစ်ပေါ်နေတတ်တဲ့ မျက်နှာ PH level မညီမျှမှုကို Toner က ပြန်လည်ထိန်းညှိပေးတဲ့အပြင် မျက်နှာသစ်ပြီးလို့ မျက်နှာထဲမှာ ကျန်ရှိနေမယ့် အညစ်အကြေးတွေကိုလည်း toner က ရှင်းထုတ်ပေးပါတယ်။ နောက်ပြီး Toner ကို သိပ်မပြင်းလှတဲ့ Make Up Remover အဖြစ်လည်းအသုံးပြုလို့ရသေးတာကြောင့် Toner ဆိုတာအသုံးပြုသင့်တဲ့ အရာတစ်ခုပါ။

 

မျက်နှာအားဖြည့်အဆီိတွေမှားယွင်းသုံးစွဲမိနေတာ

မြန်မာနိုင်ငံဟာ အပူပိုင်းနိုင်ငံတစ်ခုပါ။ တောင်ပေါ်ဒေသတွေကလွဲရင် ရန်ကုန်လိုမန္တလေးလိုမြို့ကြီးတွေအများစုက ပူတဲ့အချိန်မှာ အသားကုန်ပူပြီး အေးတဲ့အချိန်မှာလည်း “ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့”ဆိုတဲ့ အချုပ်တန်းဆရာဖေရဲ့ စာချိုးထဲကလို အသည်းအသန် ချမ်းတတ်အေးတတ်ပါတယ်။ ဒါကြောင့် မြန်မာလူမျိုးတွေရဲ့အသားအရည်အများစုဟာ အဆီိပြန်တဲ့အသားအရည်နဲ့ ပေါင်းစပ်အသားအရည်ဖြစ်နေလေ့ရှိပါတယ်။ ရာသီဥတုအလိုက်အသားအရည်အမျိုးအစားပြောင်းတဲ့ ပုတ်သင်ညိုလိုအသားအရည်ပိုင်ရှင်တွေလည်းရှိပေမယ့် လူနည်းစုပါပဲ။ အဲ့ဒီမှာ ကိုယ့်အသားအရည်က အဆီိပြန်လို့ပြန်မှန်းမသိ၊ရေဓာတ်လိုလို့လိုမှန်းမသိနဲ့ နိုင်ငံခြားကတင်သွင်းတဲ့ သူတို့နိုင်ငံရဲ့အပူချိန်နဲ့တိုင်းညှိထုတ်လုပ်ထားတဲ့မျက်နှာအားဖြည့်အဆီတွေအခြားသော Beauty products တွေကို အားပါးတရဝယ်ယူသုံးစွဲတဲ့အခါ ဖြစ်လာတဲ့ရလာဒ်ကတော့ သိကြတဲ့အတိုင်း မဆုံးနိုင်တဲ့ ဝက်ခြံတွေပါပဲ။ အချို့ကရှိပါသေးတယ် ဝယ်ထားရတာဈေးကြီးပေးပြီိး နှမျောလွန်းလို့သေတော့မယ်.. မသိဘူး ကုန်တဲ့အထိသုံးမယ်ဆိုပြီး ကပ်သပ်သုံးကြတာပါ။ မလုပ်ပါနဲ့။ ကိုယ့်မျက်နှာနဲ့မတည့်ရင်ဘယ်လောက်ဈေးကြီိးပေးဝယ်ထားရတာပဲဖြစ်ဖြစ် တော်ရာကိုဝဲပစ်လိုက်ပါ။ မျက်နှာကိုပြန်ကုရမှာက အဲ့ဒီ့ပစ္စည်းတန်ဖိုးထက်များလာနိုင်တာမို့ပါ။

 

ခေါင်းအုံးစွပ်တွေပုံမှန်မလဲတာ

လူအများစုက မျက်နှာကိုပဲရေးကြီိးခွင်ကျယ်နဲ့ဂရုတစိုက်မှုန်နံ့သာခြယ် တသသလုပ်နေကြပြီး မျက်နှာနဲ့အမြဲထိတွေ့နေရတဲ့ ခေါင်းအုံးစွပ်တွေကိုလဲဖို့တော့မေ့နေတတ်ပါတယ်။ ခေါင်းအုံးစွပ်တွေဟာ လူတွေရဲ့မျက်နှာနဲ့ ခန္ဓာကိုယ် ဆံပင်တွေကြားက ဘက်တီးရီယားပိုးမွှားတွေခိုအောင်းဖို့အတွက် အကောင်းဆုံးနေရာပါပဲ။ညအိပ်ချိန်မှာခေါင်းအုံးစွပ်ကပိုးမွှားတွေဟာ မျက်နှာကိုကူးလူးဆက်သွယ် ရွှေလမ်းငွေလမ်းဖောက်ပြီး ရလာဒ်အဖြစ် ဝက်ခြံတွေဖြစ်လာစေပါတယ်။ ဒါကြောင့် ခေါင်းအုံးစွပ်တွေလဲဖို့မမေ့ပါနဲ့။

 

ခုပြောသွားတာတွေကတော့ မိန်းကလေးအများစု သတိလက်လွတ်မှားယွင်းနေကြတဲ့ အလှအပရေးရာအချက်အလက်တွေပါ။ လှတစ်မျက်နှာပိုင်ရှင်လေးတွေဖြစ်ကြပါစေနော်..။

 

Unicode Format


 



 



 



 



 




2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.