အိပ်မပျော်တဲ့ ဒုက္ခက ကင်းဝေးဖို့

ညဘက်တွေအိပ်မပျော်တာကလည်းတကယ့်ဒုက္ခပဲ။ နေ့တွေညတွေမှားပြီး ညဘက်တွေမှာဖုန်းတွေကြည့် သူငယ်ချင်းတွေနဲ့စကားတွေပြော..Night out တွေထွက်၊ဒါမှမဟုတ်လည်း ရုပ်ရှင်တွေထိုင်ကြည့်…အဲ အဲ့ဒါတွေမလုပ်ဖြစ်တော့တဲ့ နေ့ကျ အိပ်မယ်လည်းဆိုရော အိပ်မပျော်တော့ဘူး။အချို့ကတော့ ညအိပ်မပျော်တာဟာ အိပ်ခါနီးဖုန်းတွေကြည့်လို့ ဖုန်းကထွက်တဲ့ အလင်းတန်းတွေရဲ့ဓာတ်ပြုမှုကြောင့်လို့ဆိုပါတယ်။ဒါပေမယ့် အခြားသော သုတေသနပြုချက်တွေအရတော့ အိပ်လို့မပျော်တဲ့ရောဂါ Isomnia ဆိုတာက ကြောင်တွေခွေးတွေလို သတ္တဝါတွေမှာလည်း ရှိတတ်တာကြောင့် ဖုန်းတွေ Laptop တွေလို Technology ရဲ့ ဘေးထွက်ဆိုးကျိုးဆိုတာက တစ်စိတ်တစ်ပိုင်းပဲလို့ပြောရမှာပါ။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် အနာသိရင်ဆေးရှိရမယ်မဟုတ်လား။အိပ်မပျော်တဲ့ရောဂါကိုပျောက်အောင် အိပ်လို့ပျော်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ လွယ်တဲ့နည်းလမ်းလေးအချို့ပြောပြချင်ပါတယ်။

 

မီးအလင်းရောင်တွေကိုပိတ်ထားပါ

နှစ်ခြိုက်စွာအိပ်ပျော်ဖို့အတွက် အရေးကြီးတဲ့လိုအပ်ချက်က အမှောင်ထုပါပဲ။ မီးပိတ်ပြီးအိပ်တာကမီးဖွင့်ပြီးအိပ်တာထက် ပိုပြီးမြန်မြန်အိပ်ပျော်ပါတယ်။ TV တို့ ဖုန်းတို့ကထွက်နေတဲ့ မှိတ်တုပ်မှိတ်တုပ်မီးပွင့်လေးကအစ သင့်ကိုအိပ်မပျော်အောင်လုပ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလင်းရောင်က သင့်ရဲ့မျက်ကြည်လွှာကတစ်ဆင့် အိပ်စက်ခြင်းကိုထိန်းချုပ်တဲ့ဦးနှောက်ကြွက်သားတွေဆီကိုကူးလူးရောက်ရှိသွားလို့ပါပဲ။ ဒါကြောင့် အလင်းရောင်တွေကိုတတ်နိုင်သမျှဖယ်ထုတ်ပါ။

 

မိနစ်အနည်းငယ်တရားထိုင်ပါ

သင့်ခန္ဓာကိုယ်ကြီးကဘယ်လောက်ပဲငြိမ်သက်နေပေမယ့် သင့်စိတ်ကပြေးလွှာလှုပ်ရှားနေရင် ဘယ်လိုမှအိပ်စက်ခြင်းဆီရောက်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် မအိပ်ခင် မိနစ်အနည်းငယ်တရားထိုင်တာက ညဏ်ရှိတဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။ Stanford Study တစ်ခုအရ တရားထိုင်လေ့ထိုင်ထရှိသူတွေဟာ တရားထိုင်ကျင့်မရှိသူတွေထက် ပိုမိုမြန်ဆန်စွာအိပ်ပျော်လေ့ရှိကြကြောင်းသိရပါတယ်။အကြောင်းရင်းကတော့ တရားထိုင်တဲ့အခါ၊ဝင်လေထွက်လေမြဲအောင်မှတ်တဲ့အခါ သင့်စိတ်ကအေးချမ်းတည်ငြိမ်သွားပြီး ကြည်လင်အေးချမ်းတဲ့စိတ်သန္တာန်နဲ့ဆိုရင် ပိုပြီးမြန်မြန်နှစ်ခြိုက်စွာအိပ်ပျော်နိုင်တာကြောင့်ပါပဲ။

 

အိပ်ချိန်ကိုသတ်သတ်မှတ်မှတ်ထားပါ

ခုခေတ်လူငယ်တွေမှာ အိပ်ချိန်သတ်သတ်မှတ်မှတ်မရှိကြတော့ပါဘူး။ နေ့ဘက်တွေမှာအိပ်လိုအိပ် ညဘက်ကိုနောက်ကျမှအိပ်လိုအိပ်နဲ့ အိပ်ချိန်တွေက ဖရိုဖရဲဖြစ်နေတာပါ။ လူကြီးသူမတွေက ငယ်ငယ်တုန်းကသတ်မှတ်ပေးတဲ့အိပ်ချိန်မှာအိပ်ကိုအိပ်ရမယ်ဆိုတဲ့စည်းကမ်းဟာ အမှန်တကယ်လိုအပ်တဲ့စည်းမျဉ်းဖြစ်ပါတယ်။ အိပ်ချိန်နိုးချိန်က စနစ်တကျ တိကျသေချာနေတဲ့အခါ လူ့ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကလည်း အချိန်တိတိကျကျနဲ့ပုံမှန်ဆောင်ရွက်နေတာမို့ ကျန်းမာရေးကိုလည်းအထောက်အကူပေးပါတယ်။ဒါ့အပြင် မနက်စောစောလည်းနိုးထစေပါတယ်။မနက်စောစောနိုးထခြင်းမှာကောင်းကျိုးတွေအများကြီးရှိတာ နားမဆံ့အောင်ကြားဖူးကြမယ်ထင်ပါတယ်။ဒါကြောင့် အိပ်ချိန်နိုးချိန်ကိုသတ်သတ်မှတ်မှတ်ထားပါ။

 

နေ့ခင်းနေ့လည်မအိပ်ပါနဲ့

လူအများစုဟာ နေ့ခင်းနေ့လည် ထမင်းစားပြီးတစ်ရေးတစ်မောအိပ်ရခြင်းကို ဝါသနာထုံကြပါတယ်။ ဒါပေမယ့် နေ့ခင်းဘက်မှာ တစ်ရေးအိပ်လိုက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်ကို နေ့လည်ဘက်မှာအနားပေးလိုက်ရာကျသွားပါတယ်။ဒါကြောင့်ညဘက်ရောက်တဲ့အထိတောင်သင့်ခန္ဓာကိုယ်ကလန်းဆန်းနေပြီး အိပ်ဖို့မလိုသေးတာကြောင့် မျက်စိကြောင်နေတတ်ပါတယ်။ ဒါကြောင့် တအားပင်ပန်းနေတာမဟုတ်ရင် နေ့ခင်းနေ့လည်တစ်ရေးတစ်မောမအိပ်ပါနဲ့။

 

မျက်စိကြောင်စေမယ့် အစားအစာတွေမစားပါနဲ့

လက်ဖက်သုပ်တို့၊ကော်ဖီတို့လိုမျိုး အိပ်စက်ခြင်းကိုဟန့်တားစေမယ့်အစားအစာတွေကို မအိပ်ခင် လေးနာရီလောက်အလိုကတည်းကမစားပါနဲ့။အချို့ကတော့ ဘယ်လောက်စားစား ညကျရင်တော့အိပ်ပျော်တာပဲဆိုတာမျိုးတွေရှိပါတယ်။ဒါပေမယ့် အဲ့ဒါတွေက ငယ်တုန်းပဲဖြစ်ပြီး ကြီးလာရင်တော့ဒုက္ခပေးတော့မှာပါ။ ဒါကြောင့်ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် အိပ်စက်ခြင်းကိုအဟန့်အတားပြုစေတဲ့အရာတွေကိုမစားပါနဲ့။ အိပ်ခါနီိးမှာဖျော်ရည်အေးအေးလေးတွေသောက်ပေးခြင်းကလည်း ကောင်းမွန်တဲ့အိပ်စက်ခြင်းကိုရရှိစေပါတယ်။

 

ဒါတွေကတော့ အိပ်မပျော်တဲ့ဒုက္ခကကင်းဝေးပြီး နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ အလွယ်ကူဆုံးနည်းလမ်းတွေထဲက အချို့အဝက်ပဲဖြစ်ပါတယ်။ လွယ်ကူမြန်ဆန်စွာအိပ်ပျော်ပြီးအိပ်မက်လှလှမက်ကြပါစေ။

 

Unicode Format













0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.