လက်ထပ်ထိမ်းမြားခြင်းကို ရှောင်ရှားခြင်းဖြင့်ရလာမယ့်အကျိုးကျေးဇူးတွေ

အဆန်းကြီးပါလား။လူတွေကလက်ထပ်လိုက်ရင်သာယာတဲ့ဘဝရပြီ ဘာညာနဲ့ လက်ထပ်ခြင်းရဲ့ကောင်းကျိုးချမ်းသာတွေပဲပြောနေကြတဲ့ အချိန်မှာ လက်မထပ်လို့ရလာမယ့်အကျိုးကျေးဇူးတွေဆိုတော့ ကြားရတာတစ်မျိုးကြီးပဲပေါ့နော်။ဒါပေမယ့် အရာရာမှာအကောင်းနဲ့အဆိုးဒွန်တွဲနေတယ်ဆိုတဲ့အတိုင်း လက်ထပ်ထိမ်းမြားခြင်းမှာလည်းအလားတူပါပဲ။ဘာပဲလုပ်လုပ်အမှားနည်းအောင်လုပ်ရမယ်ဆိုတဲ့ သီအိုရီက နေရာတော်တော်များများမှာမှန်နိုင်ပေမယ့် လက်ထပ်ခြင်းလို စိတ်ခံစားချက်နဲ့ပက်သက်လာရင်တော့ ရွေးစရာကနှစ်ခုပဲရှိပါတယ်။အဲ့ဒါက လက်ထပ်ချင်တာလား အမှားနည်းချင်တာလားဆိုတာပါပဲ။ သိပ္ပံနည်းကျစစ်တမ်းကောက်ယူချက်တွေအရ ကမ္ဘာပေါ်မှာလက်ထပ်ထားတဲ့ ဇနီးမောင်နှံ အတွဲ တစ်ရာမှာ 75 ရာခိုင်နှုန်းက လက်ထပ်ဖြစ်ခဲ့ခြင်းဟာ အမှားတစ်ခုပဲလို့ တွေးထင်နေကြကြောင်းသိရပါတယ်။ဒီတော့ သင်ကလက်ထပ်ချင်တာလား…အမှားနည်းချင်တာလား။ လက်ထပ်ခြင်းကြောင့်ရတဲ့ ကောင်းကျိုးတွေထက်ဆိုးကျိုးတွေကပိုများနေတာဟာလည်း လူတွေမျက်မြင်ပါပဲ။ဘယ်လောက်ပြည့်စုံနေပါတယ်ဆိုတဲ့စုံတွဲပဲဖြစ်ဖြစ် ကတောက်ကဆဖြစ်တဲ့အချိန်တွေ ရန်ဖြစ်ပြီး စိတ်ဆင်းရဲရတဲ့အချိန်တွေက ရှောင်လွှဲလို့မရအောင်ရှိနေတာပဲလေ။ နတ်သမီးပုံပြင်တွေထဲက တစ်ခုဖြစ်တဲ့ မင်းသားလေးနဲ့ စင်ဒရဲလားတို့ စုံတွဲတောင် လက်ထပ်ပြီးသွားချိန်မှာ စင်ဒရဲလားက မင်းသားရဲ့မိဖုရားအနေနဲ့ တာဝန်ဝတ္တရားတွေကိုစိတ်ပင်ပန်းဆင်းရဲစွာသင်ယူနေခဲ့ရပြီး မင်းသားလေးကတော့နန်းတော်ထဲမှာလျှောက်ပြေးနေတဲ့ စင်ဒရဲလားရဲ့ကြွက်တွေကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတယ်မဟုတ်လား။ ဒါကနမူနာပါပဲ။ လောလောဆယ်တော့ လက်ထပ်ထိမ်းမြားခြင်းကိုရှောင်လွှဲခြင်းနဲ့ ရလာမယ့်အကျိုးကျေးဇူးတွေကိုဖော်ပြပေးချင်ပါတယ်။သတိပေးစရာတစ်ခုကတော့ ဒါဟာ မိန်းကလေးတွေအတွက်ရေးထားတဲ့ Article ဖြစ်တယ်ဆိုတာပါပဲ။

 

လွပ်လပ်ခြင်း

First thing’s first ပါပဲ။ လွပ်လပ်ခြင်းရဲ့အနှစ်သာရဆိုတာလွပ်လပ်ဖူးသူမှသိတာပါ။ သင့်အနေနဲ့သူငယ်ချင်းတွေနဲ့ အပြင်မှာတွေ့လို့အိမ်ကိုနောက်ကျမှပြန်လာမယ်..သင့်အိမ်ဦးနတ်လို့သူများတွေခေါ်ကြတဲ့ယောက်ျားကမျက်ထောင့်နီကြီးနဲ့စောင့်နေပြီး သူ့အတွက်ထမင်းပွဲပြင်ပေးဖို့ပြောမယ်။ဒါမှမဟုတ်ဘာလို့နောက်ကျတာလဲကနေအစချီပြီး သူ့ရဲ့မကျေနပ်ချက်တွေကိုတစ်ကိုယ်ကောင်းဆန်တဲ့စကားအသုံးအနှုန်းတွေအသုံးပြုပြီး သင့်ကိုပုတ်ခတ်စွပ်စွဲမယ်။ယုတ်ညံ့တဲ့ယောက်ျားဆို လက်ပါရင်တောင်ပါလိမ့်ဦးမယ်။အဆုံးမှာတော့သင်ဟာအိပ်ရာထဲမှာကြိတ်ငိုနေရမယ်။ငါဘာလို့ဒီလိုယောက်ျားမျိုးကိုယူခဲ့မိပါလိမ့်ဆိုပြီးစိတ်ဆင်းရဲနေရမယ်။ဒါတောင်ကလေးတွေမပါသေးဘူးနော်။မနက်ဖြန်ကျောင်းသွားဖို့အင်္ကျီတွေကိုမီးပူတိုက်ပေးပါမေမေလို့ ဂျီကျနေမယ့် သားတစ်ယောက်နဲ့ ပုခက်ထဲမှာ အညစ်အကြေးတွေကြားထဲ အလူးလူးအလိမ့်လိမ့်နဲ့ နားကွဲအောင်ငိုနေမယ့် မွေးကင်းစကလေးလေးတစ်ယောက်ပါထည့်လိုက်။အရာအားလုံးဟာသင့်တာဝန်တွေပဲလို့တွေးကြည့်လိုက်။ကဲ…လက်ထပ်ချင်သေးရဲ့လား။

 

တာဝန်ယူရခြင်းကင်းဝေး

အပေါ်မှာပြောခဲ့သလိုပဲ စိတ်ပျက်စရာ Scenarios တွေဟာ အိမ်ထောင်ရှင်မတွေအားလုံးနီးပါးမှာအမှန်တကယ်ရှိခဲ့၊ရှိနေဆဲ၊ရှိနေဦးမယ့်အဖြစ်အပျက်တွေပါ။သင်ဟာ အိမ်ထောင်မရှိသူလူလွတ်တစ်ယောက်ဆိုရင်တော့ စီးပွားရေး၊လူမှုရေးကအစ ကိုယ့်တာဝန်ပဲကိုယ်ယူစရာလိုပြီး ကျန်တာဘာမှအပူအပင်မရှိကိုယ့်ကိုယ်ကိုယ် သ နေလို့ရတဲ့ကံကောင်းသူပါ။ အိမ်ထောင်ပြုမှ ပြည့်စုံမယ့်လိုအပ်ချက်တွေသင့်မှာရှိနေခဲ့ရင်လည်း အဲ့ဒါတွေကိုအခြားသောနည်းနဲ့ဖြည့်စွမ်းလို့ရမှန်းသင်ကောင်းကောင်းသိပါတယ်။

 

အပူအပင်ကင်းဝေး

ကလေးကျောင်းလခပေးရတော့မယ် ယောက်ျားကလည်း ပိုက်ဆံမအပ်သေးဘူးတို့ဘာတို့ကစတဲ့ စီးပွားရေးအပူအပင်တွေကအစ ငါ့ယောက်ျားဘယ်သူနဲ့ဖောက်ပြန်နေပြီလဲဆိုတဲ့လူမှုရေးအပူအပင်တွေရော ကလေးနေမကောင်းဘူး ဒုက္ခပဲ ဆိုတဲ့ကျန်းမာရေးအပူအပင်တွေ ဒီလိုဒုက္ခပေါင်းစုံစုဝေးနေတဲ့ ဘဝနဲ့စာရင် တစ်ယောက်တည်းဖြစ်နေလို့အထီးကျန်တယ်ဆိုရင်တောင် ပျော်ပျော်ကြီိးအထီးကျန်ပစ်လိုက်စမ်းပါ။ စိတ်ပျိုတော့ကိုယ်နုတယ်ဆိုတဲ့စကားလည်းအရှိသားပဲမဟုတ်လား။အိမ်ထောင်သည်တွေက အိမ်ထောင်ပြုလိုက်တာတစ်ခုတည်းကြောင့် ရုပ်ရည်ကျသွားတယ်လို့ထင်ရင်သင်မှားသွားပါလိမ့်မယ်။အိမ်ထောင်ပြုလိုက်ရုံနဲ့တော့ ဘယ်သူမှ ရုပ်မကျပါဘူး။အိမ်ထောင်ရေးကပေးတဲ့စိတ်ဒုက္ခတွေကြောင့်ပါ။

 

စိတ်သွားတိုင်းကိုယ်ပါ

သင့်မှာ အခြားသောသူတွေလိုပဲ စိတ်ကူးအိပ်မက်တွေရှိမယ်။ဝါသနာပါရာအလုပ်တွေရှိမယ်။ ဒါတွေကို ထိထိရောက်ရောက်လေ့လာလိုက်စားဖို့ဟာ အနှောက်အယှက်ကင်းဝေးမှဖြစ်မှာပါ။ အိမ်ထောင်ပြုလိုက်လို့ စိတ်ကူးအိပ်မက်တွေရေစုန်မျောပြီးဖြစ်သလိုဘဝနဲ့ ပြီးဆုံးသွားရတဲ့ လူတွေ ကိုယ်တို့ပတ်ဝန်းကျင်မှာတော်တော်များများမြင်နိုင်ပါတယ်။ သင့်ကိုချစ်တဲ့လူဟာ သင့်ဝါသနာတွေဖြစ်ချင်တာတွေကို ပံ့ပိုးအားပေးပါတယ်ဆိုဦး ဒါဟာ ချစ်သူဘဝမှာပဲဖြစ်နိုင်တာဖြစ်ပြီိး အိမ်ထောင်သည်ဘဝရောက်သွားခဲ့ရင်တော့ အိမ်ထောင်တစ်ခုရဲ့တာဝန်ဝတ္တရားတွေဟာ သင်တို့နှစ်ယောက်စလုံးကိုခွစီးလာတော့မှာပါ။ ဒီိနိုင်ငံရဲ့လူနေမှုအဖွဲ့အစည်းနဲ့အခြေအနေအရ အိမ်ထောင်တစ်ခုမှာ ယောက်ျားလေးထက်မိန်းကလေးကပိုပင်ပန်းရတယ်ဆိုတာလည်း မငြင်းနိုင်တဲ့အမှန်တရားပါပဲ။ အဲ့ဒီ့အခါသင်ဟာ သင့်ရဲ့အိမ်ထောင်ရေးအတွက်သင့်ကိုယ်ပိုင်အိပ်မက်ရည်မှန်းချက်တွေကိုစတေးလိုက်ရတော့မှာသေချာပါတယ်။အဲ့ဒီ့အခြေအနေမှာ အဲ့ဒီ့ရွေးချယ်မှုကအမှန်ကန်ဆုံးလို့ထင်ရလို့ပါပဲ။သို့ပေမယ့် သင်ဟာအိမ်ထောင်မရှိတဲ့လူလွတ်တစ်ယောက်ဆိုရင်တော့ သင့်အိပ်မက်တွေ၊ဘဝရည်မှန်းချက်တွေကို စိတ်ဖြောင့်ဖြောင့်နဲ့ကြိုးစားရယူနိုင်မှာဖြစ်သလို ဖော်ပြခဲ့ပြီိးဖြစ်ခဲ့တဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်မှုတွေကနေလည်းလွတ်ကင်းပြီိးစိတ်သွားတိုင်းကိုယ်ပါပျော်ရွှင်နိုင်မှာပါ။

 

နိဂုံးချုပ်အနေနဲ့ပြောရရင် ပျော်ရွှင်စရာအိမ်ထောင်ရေးတွေမရှိဘူးလားဆိုတော့ ရှိနိုင်ပါတယ်။ဒါပေမယ့်စိတ်ဆင်းရဲစရာတွေကပိုများပါတယ်။နောက်ပြီး တစ်ကိုယ်တည်းဘဝမှာလည်းပျော်နိုင်သားပဲမဟုတ်လား။

Unicode Format

 


 



 



 



 



 


0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.