လုပ်ငန်းခွင်မှာ လန်းဆန်းတက်ကြွနေစေဖို့

နေ့တဓူဝလုပ်ငန်းဆောင်တာတွေ တာဝန်ဝတ္တရားတွေနဲ့ လည်ပတ်လုံးပမ်းနေရတဲ့အခါ ပင်ပန်းနွမ်းနယ်လာနိုင်တာကလည်း ရှောင်လွှဲလို့မရတဲ့သဘာဝတရားကြီးပါပဲ။ အလုပ်ကိုရောက်လို့လှုပ်ရှားသွားလာနေရတဲ့ လူဆိုရင်တော်သေးပေမယ့် ကိုယ်လုပ်ရတဲ့အလုပ်က ငြိမ်ငြိမ်စိန်စိန်ထိုင်လုပ်နေရတဲ့အလုပ်ဖြစ်တဲ့အခါ အိပ်ငိုက်လိုက်မိလို့ကတော့ ငါးပါးမှောက်ပါပြီ။အိပ်ငိုက်တဲ့ကိစ္စက ငိုက်စရှိရင်အမြဲလိုလိုငိုက်နေတော့မှာမို့ ကြောက်စရာကောင်းပါတယ်။အိပ်ငိုက်တတ်တဲ့ဝန်ထမ်းတစ်ယောက်ဟာ အဲ့ဒီိ့လိုငိုက်နေတာနဲ့ပဲ အရေးပါအရာရောက်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေလွတ်သွားမှာသေချာပါတယ်။ဒါကြောင့် လုပ်ငန်းခွင်မှာ ထုံထိုင်းမှုန်မှိုင်းခြင်းကင်းဝေးပြီး လန်းဆန်းတက်ကြွနေစေဖို့ ဆောင်ရန်ရှောင်ရန်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

အလုပ်ကိုလမ်းလျှောက်သွားပါ

ဆေးပညာရှင်တွေကတော့ အလုပ်ကိုစက်ဘီိးစီးသွားဖို့ အကြံပြုကြပါတယ်။ဒါပေမယ်လို့ သိကြတဲ့အတိုင်း မနက်မနက်အလုပ်မီဖို့ထရတာ၊ထမင်းဘူးတွေထည့်ရတာ၊ကားမှတ်တိုင်ကိုပြေးရတာက အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ ဒါတောင်မှအလုပ်ကမီချင်တာမဟုတ်ဘူးရယ်။ ဒီတော့ဘယ့်နှယ့်လုပ်အေးအေးလူလူစက်ဘီးစီးနေနိုင်ပါ့မလဲ။ဒီတော့အကြံပေးချင်တာက အလုပ်နဲ့မှတ်တိုင်နဲ့က သိပ်မဝေးဘူးဆိုရင် တစ်မှတ်တိုင်လောက်ကြိုဆင်းပြီးလမ်းလျှောက်သွားသင့်ပါတယ်။အချိန်ပိုရအောင်တော့ စောစောထပေါ့နော်။တအားကြီးဝေးရင်တော့မလျှောက်နဲ့ပေါ့။တော်ကြာ အလုပ်လည်းနောက်ကျ၊ပင်ပန်းလို့အိပ်လည်းငိုက်ဖြစ်နေဦးမယ်။

 

အခါအားလျော်စွာမတ်တပ်ရပ်ပေးပါ

အလုပ်စားပွဲမှာထိုင်နေရာကနေ ရေဘူးထဖြည့်တာတို့ဘာတို့လို အခါအားလျော်စွာမတ်တပ်ရပ်ပြီိးဟိုလျှောက်ဒီိလျှောက်လုပ်ပေးတာကလည်းအကြံညဏ်ကောင်းတစ်ခုပါပဲ။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ အလုပ်စားပွဲမှာတစ်ချိန်လုံးထိုင်ပြီးအလုပ်လုပ်နေရတဲ့သူတွေဟာ လေးနာရီတစ်ခါမတ်တပ်ထရပ်ပေးသင့်ပါတယ်။ကြာရှည်ထိုင်နေခြင်းဟာ ကင်ဆာဖြစ်စေနိုင်နှုန်းကိုမြင့်တက်စေတဲ့အပြင် အခြားသောကျန်းမာရေးပြဿနာတွေလည်းရှိနိုင်တာမို့ အိပ်ချင်စိတ်လည်းပြေ၊ကျန်းမာရေးလည်းကောင်းအောင် မကြာခဏမတ်တပ်ရပ်ပေးဖို့မမေ့ပါနဲ့။

 

လှုပ်ရှားမှုများများပြုလုပ်ပေးပါ

ထရပ်မှ ဟိုလျှောက်ဒီလျှောက်လုပ်မှ လှုပ်ရှားမှုမဟုတ်ပါဘူး(တော်ကြာ ခဏခဏထရပ်နေရင် အလုပ်ကလူကြီးတွေကမျက်စိနောက်မယ်၊ဒီလူအလုပ်မလုပ်ချင်လို့ရေသာခိုနေတယ်လို့တွေးနိုင်တယ်မဟုတ်လား။)ထိုင်နေရင်းနဲ့ ဟိုလှည့်ဒီလှည့်လုပ်တာ၊ထိုင်တဲ့ပုံစံပြောင်းတာ၊မသိမသာအညောင်းဆန့်တာတွေကလည်း လှုပ်ရှားမှုပါပဲ။တစ်ခုကိုတစ်ခုကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီိ အပြန်အလှန်မှီတည်နေတဲ့ခန္ဓာကိုယ်နဲ့စိတ်နဲ့ဆိုတာက ခန္ဓာကိုယ်လှုပ်ရှားနေမှ စိတ်ကလည်းလှုပ်ရှားပြီးအကြံကောင်းညဏ်ကောင်းတွေထွက်လာနိုင်မှာမဟုတ်လား။ဒါကြောင့် ခန္ဓာကိုယ်ကြီးကိုပုံသေကြီးထိုင်မနေဖို့လိုပါတယ်။လှုပ်ရှားမှုများများလုပ်ပေးပါ။

 

အလုပ်စားပွဲကိုပြောင်းလဲပြင်ဆင်ပါ

နေ့စဉ်မြင်နေရတဲ့အရာဝတ္ထုတွေကိုနေရာရွှေ့ကြည့်တာမျိုး၊ ဟိုဟိုဒီဒီနေရာပြောင်းကြည့်တာမျိုးက မြင်ကွင်းဆန်းသစ်စေသလို စိတ်ကိုလည်း အပြောင်းအလဲဖြစ်စေမှာပါ။အလုပ်စားပွဲကရှုပ်ပွနေခဲ့ရင် အဲ့ဒီိ့ရှေ့မှာ နာရီပေါင်းများစွာထိုင်နေရတဲ့သင့်စိတ်ကလည်းရှုပ်ပွနေမှာဖြစ်ပြီး အလုပ်ပြီးဖို့ကိုသာမန်ထက်ပိုကြာနေမှာပါ။ ဒါကြောင့်အလုပ်စားပွဲကိုအချိန်အနည်းငယ်ပေးပြီးရှင်းလင်းပါ။ သန့််ရှင်းသပ်ရပ်နေတဲ့အလုပ်စားပွဲဟာ သင့်ကိုကံကောင်းခြင်းတွေယူဆောင်လာပေးပါလိမ့်မယ်။

 

နေ့လည်စာစားချိန်ကိုသတ်သတ်မှတ်မှတ်ထားပါ

အူမတောင့်မှသီလစောင့်နိုင်မယ်ဆိုတဲ့စကားကိုကြားဖူးကြရဲ့မဟုတ်လား။အလုပ်မှာလည်းအတူတူပါပဲ။ ဗိုက်ပြည့်မှ စိတ်ကြည်ကြည်လင်လင်နဲ့အလုပ်လုပ်နိုင်မှာပါ။ဗိုက်ကလည်းဆာ အလုပ်တွေကလည်းမပြီးသေး..ထမင်းသွားစားလို့မဖြစ်ဘူးအလုပ်ကပြီးအောင်လုပ်ရဦးမယ်..စိတ်ညစ်စရာပါပဲ။အလုပ်တွေဘယ်လောက်ရှုပ်ရှုပ်..ထမင်းစားချိန်တစ်ခုသတ်သတ်မှတ်မှတ်ထားပါ။ ဥပမာ 12နာရီဆို 12နာရီဒေါင်ခနဲထိုးတာနဲ့ဘာဖြစ်ဖြစ်ထားခဲ့ပြီးထမင်းထစားပါတော့။နေ့လည်စာစားရာမှာလည်း အလုပ်စားပွဲရှေ့ယူပြီး အလုပ်လုပ်လိုက်ထမင်းတစ်လုပ်စားလိုက်နဲ့ နေ့လည်စာကုန်အောင်စားဖို့ကို နှစ်နာရီလောက်အချိန်ယူရတာမျိုးမလုပ်ပါနဲ့။အပြင်မှာထွက်စားဖို့အချိန်မရရင်တောင် ထမင်းစားခန်းကိုသွားပြီး ခပ်မြန်မြန်စားလိုက်တာပဲဖြစ်ဖြစ် လုပ်ပါ။ ဒါမှအလုပ်စားပွဲရှေ့ပြန်ရောက်တဲ့အခါ စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်ကိုပိုပြီးအာရုံစိုက်လုပ်ဆောင်နိုင်မှာပါ။

 

အလုပ်နေ့ရက်တွေကို ပင်ပန်းနွမ်းနယ်ခြင်းကင်းဝေးပြီး တက်ကြွလန်းဆန်းစွာဖြတ်သန်းနိုင်ကြပါစေ။

 

Unicode Format


 



 



 



 



 




 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.