သူက သင့်ရဲ့ဖူးစာရှင်အစစ်အမှန်လား(သူ့ကိုလက်ထပ်သင့်ရဲ့လား)

ပြောရမယ်ဆိုရင်တော့ ဒီ Article ကိုရေးနေတဲ့သူကိုယ်တိုင် နှစ်ဘဝဖူးစာရှင်တို့ လေးဘဝဖူးစာရှင်တို့ဆိုတာ အိန္ဒိယဘောလိဝုဒ်က မြွေအခန်းဆက်ကားတွေဘာတွေကြည့်ဖူးတာကလွဲရင် ဖြစ်နိုင်တယ်ဟဲ့ဆိုတာမျိုးယောင်လို့တောင်မတွေးခဲ့မိဖူးပါဘူး။(အဲ့ဒီ့မြွေကားတောင်မှ ပေရှည်တယ်ဆိုပြီး တစ်ဝက်လောက်အထိပဲကြည့်တာရယ်) ပြောချင်တာကတော့ တစ်သန်းမှာတစ်တွဲတောင်ဖြစ်ဖို့ခဲယဉ်းလှတဲ့ extraordinary ဖြစ်ရပ်တွေကိုခဏဖယ်ထားပြီး သိပ္ပံနည်းကျဆန်းစစ်ကြမယ်ဆိုရင် ဖူးစာဆိုတာမရှိပါဘူးတဲ့။ရှိတာက ကိုယ်နဲ့တစ်သက်လုံးအဆင်ပြေပြေအတူတကွချစ်ခင်စွာနေထိုင်သွားနိုင်တဲ့လူမျိုးဆိုတာပါပဲ။ပြဿနာကဘာလဲဆိုတော့ အဲ့ဒီိ့လို လူတစ်ယောက်နဲ့အတူတကွမသေမချင်းအဆင်ပြေပြေနေသွားနိုင်တဲ့ လူမျိုးဆိုတာက ထောင်နဲ့ချီပြီးရှိနေတာပါ။ တကယ်တော့ ကိုယ်တို့က ကိုယ်တို့ အပြန်အလှန်ချစ်မြတ်နိုးရတဲ့လူတစ်ယောက်နဲ့တွေ့ပြီဆိုရင် သူနဲ့ပဲလက်ထပ်ပြီးနေလိုက်တော့မယ်၊ဖူးစာလူးလာဒူးကာလို့မရဘာညာတွေစိတ်ကူးတွေအကြီးကြီးယဉ်တတ်ကြပါတယ်။အဲ့ဒါတွေကဖြစ်လာခဲ့ရင်တော့ ဖူးစာပေါ့။မဖြစ်လာရင်လည်း ကိစ္စမရှိပါဘူး။ပင်လယ်ထဲမှာငါးတွေအများကြီိးရှိပါသေးတယ်။ဆိုတော့ကာ… ကိုယ်နဲ့လောလောဆယ်လတ်တလောအခုအချိန်မျက်မှောက်ကာလမှာတွဲနေတဲ့သူဟာ ကိုယ့်ရဲ့ ဖူးစာရှင်(တစ်သက်လုံး ငြိမ်းချမ်းပျော်ရွှင်စွာအတူယှဉ်တွဲနေနိုင်မယ်လို့သေချာလောက်တဲ့လူမျိုး)ဟုတ်မဟုတ်ဆိုတာ အောက်ပါအချက်ကလေးတွေနဲ့ဆန်းစစ်ကြည့်လို့ရပါကြောင်း။

 

သူ့နားမှာနေရတာသက်တောင့်သက်သာရှိလား

ပထမဆုံးအချက်ကတော့ ပေါ့ပေါ့ပါးပါးပဲလို့ထင်စရာရှိပါတယ်။ ဟုတ်တယ်လေ…သက်တောင့်သက်သာမရှိပဲတွဲနေပါ့မလား။ဘာတွေလာမေးနေတာလဲပေါ့။ဒါပေမယ့် သေချာစဉ်းစားကြည့်ပါ။သက်တောင့်သက်သာဖြစ်တယ်ဆိုတာ ဘာမှအရိပ်အကဲကြည့်နေစရာမလိုတာမျိုးကိုပြောတာပါ။ သူငယ်ချင်းတွေနဲ့အပြင်သွားဖို့လောက်ကို သူ့ကိုအသိပေးတဲ့ပုံစံမဟုတ်ပဲ ခွင့်တောင်းတဲ့ပုံစံမျိုးနဲ့ပြောနေရလား။ကိုယ့်ပိုက်ဆံနဲ့ကိုယ်တစ်ခုခုဝယ်တာတောင်သူသိသွားရင်အဆူခံရမှာစိုးလို့ ဈေးတွေလျှော့ပြောနေရလား။ သူနဲ့ချိန်းထားတာကိုအကြောင်းအမျိုးမျိုးကြောင့်နောက်ကျတဲ့အခါ သူ့မျက်နှာလိုက်ကြည့်ပြီး ချော့နေရလား။ဒီလိုဆိုရင်တော့ သူ့အနားမှာသက်တောင့်သက်သာဖြစ်တယ်ဆိုတဲ့အဓိပ္ပါယ်ကိုပြန်စဉ်းစားကြည့်ဖို့လိုအပ်နေပါပြီ။

 

သူကသင့်ကိုဘယ်အဆင့်အထိ အရေးထားသလဲ

သင်သူ့ကိုလက်ထပ်ဖို့အထိစိတ်ကူးထားတယ်ဆိုရင် သူကသင့်ကိုဘယ်အဆင့်အထိအရေးထားလည်းဆိုတာက သိပ်ကိုအရေးပါတဲ့နေရာမှာရပ်တည်နေပါတယ်။ သင့်အမေရဲ့အမူအကျင့်တွေ၊သင့်မွေးချင်းမောင်နှမတစ်ယောက်ချင်းစီရဲ့အမူအကျင့်တွေ သင်တို့မိသားစုတစ်ခုလုံးကိုခြုံငုံပြီးသူဘယ်လိုသဘောထားသလဲ။ သင့်မိသားစုဝင်တွေရဲ့သူမကြိုက်တဲ့အချက်တွေကိုပဲ ရှေ့တန်းတင်ပြီးပြောလေ့ရှိသလား။ဒါမှမဟုတ် သင်စိတ်ကွက်မှာစိုးလို့ ကြိတ်မှိတ်သည်းခံနေသလား။ဒါက သူ သင့်အပေါ်ဘယ်လောက်ထိအရေးထားသလဲဆိုတာပေါ်လွင်စေပါတယ်။

 

သူ့မှာ သင်နဲ့သင့်လျော်တဲ့ စိတ်ဝါဒစံသတ်မှတ်ချက်ရှိရဲ့လား

လူနှစ်ယောက်ပေါင်းစပ်တယ်ဆိုတာ ခန္ဓာကိုယ်ချည်းပဲ ပေါင်းစပ်တာမဟုတ်ပါဘူး။စိတ်တွေချင်းပါပေါင်းစပ်တာပါ။ စိတ်တွေပေါင်းစပ်တဲ့အချိန်ကဘဝတစ်သက်တာမှာပိုများပြားမှာပါ။ ဒါကြောင့်သူ့မှာသင်နဲ့သင့်လျော်တဲ့စိတ်ထားမျိုးရှိရဲ့လားဆိုတာကလည်းအရေးကြီးပါတယ်။စိတ်ထားဆိုတာက သင်ယူတတ်မြောက်တဲ့ပညာအရည်အချင်းအဆင့်အတန်းပေါ်မှာလည်း မူတည်ပြီးပြောင်းလဲနိုင်သေးတာမို့ သင့်ထက်သူကပညာအရည်အချင်းသိပ်ကိုနိမ့်နေမယ်၊မြင်မကောင်းအောင်နိမ့်နေမယ်ဆိုရင်တော့ သင်နဲ့သူနဲ့ဘယ်လောက်ချစ်ချစ်တစ်ဘဝလုံးအဆင်မပြေနိုင်ပါဘူး။ ဒီစကားဟာ Double Standard ဆန်ကောင်းဆန်နိုင်ပေမယ့် မှန်ကန်တိကျတဲ့စကားပါ။

 

သူက သင့်အပေါ်ဘယ်လိုလွှမ်းမိုးမှုမျိုးရှိသလဲ

လူတစ်ယောက်နဲ့အခြားတစ်ယောက်အတူနေတယ်ဆိုရင် သူတို့နှစ်ဦးရဲ့စိတ်ဓာတ်အင်အားပေါ်လိုက်ပြီး တစ်ယောက်ကအခြားတစ်ယောက်ကိုလွှမ်းမိုးမှုရှိသွားတာက ဖြစ်လေ့ရှိတဲ့ကိစ္စပါ။ပြောစရာရှိတာက အဲ့ဒီ့လွှမ်းမိုးမှုဟာ ကောင်းမွန်ရဲ့လား။သူကသင့်ကိုဘယ်လိုအရာတွေဆီဆွဲခေါ်တတ်လဲ။သူ့ကမ္ဘာကြီးကဘယ်လိုပုံသဏ္ဍာန်လဲ။ သူနဲ့အတူနေရင်သင်စိတ်အေးချမ်းပျော်ရွှင်ရလား။ဒါမှမဟုတ် စိတ်လှုပ်ရှားမှုတွေပြည့်နှက်နေပြီး မကောင်းတာတွေပဲလုပ်မိနေလား။ ဒါကသူသင့်အပေါ်ဘယ်လောက်ထိလွှမ်းမိုးမှုရှိသလဲဆိုတာနဲ့ သူကသင့်ဘဝကိုဘယ်အရပ်ကိုဦးတည်ပြောင်းလဲစေသလဲဆိုတာပြနေတဲ့ ပြယုဂ်ပါပဲ။ တစ်ခါတစ်လေ ကိုယ်တို့ဟာလူတစ်ယောက်ကိုချစ်ချင်မှချစ်မယ်၊ဒါပေမယ့် အဲ့ဒီ့လူက ကိုယ်တို့ကိုချစ်တယ်၊ကိုယ့်ဘဝကိုအကောင်းဘက်ကိုဆွဲယူပြောင်းလဲစေတယ်ဆိုရင်တော့ အဲ့ဒီ့လူကိုကိုယ်တို့လက်ထပ်သင့်ပါတယ်။

 

သူ့ရဲ့အဆိုးဆုံးအချိန်တွေမှာ သင့်စိတ်ထားက

ဒါကတော့ သူနဲ့ဆိုင်တဲ့ ကိစ္စမဟုတ်တော့ပါဘူး။ကိုယ့်ကိုယ်ကိုယ်ပြန်မေးရမယ့်ကိစ္စဖြစ်သွားပါပြီ။ကိုယ့်ရှေ့မှာမြင်နေရတဲ့လူဟာ အခုသူ့မှာရှိနေသမျှအဆောင်အယောင်တွေ အားလုံးကွာကျသွားပြီး ဘာမှမဟုတ်တော့တဲ့လူတစ်ယောက်ဖြစ်သွားခဲ့ရင်ရော သူ့ကိုမေတ္တာမပျက်ဆက်ရှိနေနိုင်မှာလား။သူ့ဘဝရဲ့အဆိုးဆုံးအမှောင်မိုက်ဆုံးအချိန်တွေမှာ သင်က သူ့ကိုအမှောင်ထဲမှာထားခဲ့မလား နှစ်ယောက်အတူ အလင်းရောင်ရှိရာဘက်ကိုစမ်းတဝါးဝါးလျှောက်လှမ်းသွားမလား။စဉ်းစားနော်၊ဒါကအရေးကြီးပါတယ်။

 

ဒီအချက်တွေအကုန်လုံးမှာ အပေါင်းလက္ခဏာဆောင်တဲ့အဖြေတွေပဲထွက်ခဲ့မယ်ဆိုရင်တော့ စိတ်ချလိုက်ပါတော့၊သူကသင့်ဖူးစာရှင်ပါ။ ဒါမှမဟုတ်ရင်တော့….. ပင်လယ်ထဲမှာငါးတွေအများကြီးရှိနေပါသေးတယ်။

 

Unicode Format


 



 



 



 



 




780 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.