ကိုယ်ချစ်တဲ့ယောက်ျားတစ်ယောက် မြတ်နိုးတန်ဖိုးထားခြင်းခံရဖို့

ယောက်ျားတွေရဲ့စိတ်အခြေအနေက ကလေးတွေနဲ့တူပါတယ်။ ဘယ်လောက်ပဲရင့်ကျက်တဲ့ယောက်ျားလေးဖြစ်ပါစေ သူတို့အတွင်းစိတ်ရဲ့ ဟိုးနက်နက်ထဲမှာ ကလေးလေးတစ်ယောက်ရှိတယ်ဆိုသလိုပါပဲ။ သူတို့ရဲ့သဘောသဘာဝကိုက မတည်ငြိမ်ဘူး၊အစွဲအလမ်းကြီးတယ်၊အယုံလွယ်တယ်၊သူရဲကောင်းဖြစ်ချင်စိတ်ရှိတယ်၊တာဝန်ယူလိုစိတ် အနည်းနဲ့အများရှိမယ် တစ်ချိန်တည်းမှာပဲ ကလေးလေးတစ်ယောက်လို ချွဲနွဲ့ဂျီကျတတ်သေးတယ်။ ဒါတွေက ယောက်ျားအားလုံးမှာရှိတတ်တဲ့ သဘာဝတွေဖြစ်ပြီးအနည်းနဲ့အများပဲကွာဟချက်ရှိတာပါ။ဒါကြောင့်ယောက်ျားလေးတစ်ယောက်ကိုချစ်မိပြီဆိုရင်တော့ ကလေးထိန်းဖို့သာပြင်ထားပါလို့ ပြောစမှတ်ရှိကြတာပါ။ ဒါ့အပြင် ယောက်ျားလေးတွေက သူတို့မိသားစုထဲကမဟုတ်တဲ့ သူစိမ်းမိန်းကလေးတွေကို လေးစားတန်ဖိုးထားဖို့ရာ ဖြစ်နိုင်ချေက ရှားပါးပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့ယောက်ျားလေးရဲ့ အမြတ်တနိုးလေးစားတန်ဖိုးထားမှုကိုလိုချင်ရင်တော့ လိုက်နာသင့်တဲ့ရှောင်ရန်ဆောင်ရန်းနည်းနာနိဿယလေးတွေရှိတယ်ပေါ့နော်။ တစ်ခုပြောချင်တာကတော့ ကိုယ်လိုချင်တဲ့အချိန်မှာသာ ဒီလိုတွေဟန်ဆောင်နေတာမျိုးမလုပ်ပါနဲ့ ကိုယ့်ကိုယ်ကိုယ်ရအောင်ပြောင်းလဲပါ။သူ့အနေနဲ့လည်း သင့်ရဲ့တကယ့်ဖြစ်တည်မှုအစစ်အမှန်ကိုချစ်ဖို့လိုအပ်ပါတယ်။မဟုတ်ရင် ဟန်ဆောင်ရတာကိုပင်ပန်းလာတဲ့အချိန်မှာ သင်တို့နှစ်ယောက်လုံးအတွက်နာကျင်စရာတွေဖြစ်လာနိုင်ပါတယ်။

 

သူ့ရဲ့အတ္တကိုအရောင်တင်ပေးပါ

ယောက်ျားတွေရဲ့ မသိစိတ်ထဲမှာကိုက ဦးဆောင်ဦးရွက်ပြုချင်တဲ့စိတ်က ကိန်းအောင်းနေတတ်ပါတယ်။ ယောက်ျားနဲ့မိန်းမအတူတူပဲဆိုတဲ့ လူသားအခြေပြုဝါဒတွေဘယ်လောက်ပဲ ကြီးထွားပျံ့နှံ့နေပေမယ့် သင်ချစ်တဲ့ယောက်ျားဟာ မြန်မာအိမ်ထောင်စုအတွင်းက သာမန်မြန်မာယောက်ျားလေးတစ်ယောက်ဖြစ်မယ်ဆိုရင် မင်းယောက်ျားမဟုတ်ဘူးလားကွ၊ယောက်ျားဆိုရင်မငိုရဘူးလေ ဘာညာ စသဖြင့် ယောက်ျားလေးဖြစ်ပြီတော့..တို့ ယောက်ျားဆိုရင်ဘာကြီးဖြစ်ရမယ်တို့ မိန်းမလိုမိန်းမရနဲ့ တို့ လိင်ခွဲခြားဆက်ဆံတဲ့စကားစုတွေကိုအချိန်ရှိသရွေ့ဟိုကဒီကကြားပြီး ကြီးပြင်းနေထိုင်လာရမှာပါပဲ။ဒီတော့ ဘယ်လောက်ပဲပညာတွေတတ်လို့ ယောက်ျားလေးနဲ့ မိန်းကလေးတန်းတူအခွင့်အရေးရရမယ်ဆိုတဲ့ ဖော်ပြချက်ကိုယုံကြည်ထောက်ခံသူဖြစ်ပါစေဦး..သူကလေးဘဝကတည်းကကြားလာရတဲ့စကားတွေက သူ့စိတ်ထဲမှာအမြစ်တွယ်နေပြီး အနည်းဆုံးတော့ မိန်းမတွေထက်ယောက်ျားတွေက ပိုပြီးအဆင့်တစ်ခုမြင့်နေတယ်လို့ မသိစိတ်ကအလိုအလျောက်သတ်မှတ်ထားမှာပါ။သင့်အနေနဲ့ ဒီိအချက်ကို လက်မခံချင်လည်းရတယ်၊ဒါပေမယ့် မြန်မာယောက်ျားတစ်ယောက်ကိုချစ်မိပြီဆိုရင်တော့ တစ်ခါတစ်လေမှာသူ့ရဲ့အတ္တကိုအရောင်တင်ပေးတာက သူ့အချစ်တွေသင့်အပေါ်ပိုမိုအရိပ်ကျအောင်လုပ်ဆောင်တာနဲ့တိုက်ရိုက်အချိုးကျပါတယ်။အသေးအဖွဲကိစ္စလေးတွေကိုတစ်ခါတစ်လေမှာသူ့ကိုဆုံးဖြတ်ခိုင်းပါ။သူ့ရဲ့ဦးဆောင်မှုကိုခေါင်းလေးညိတ်ပြီးလိုက်နာပါ။ ဒါပေမယ့်အမြဲတမ်းတော့မဖြစ်ပါစေနဲ့ သင့်ကိုကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူးဆိုပြီးအထင်သေးသွားနိုင်ပါတယ်။

 

သူ့ကို အရိုးသားဆုံးချစ်မြတ်နိုးပါ

သူ့ကိုသင်ချစ်နိုင်သမျှအတိုင်းအဆအကုန်နဲ့ချစ်မြတ်နိုးပေးပါ။ ဒီလိုပြောလို့ဟိုဟိုဒီဒီလျှောက်မတွေးစေချင်ပါနော်။ Sexual Desire မပါပဲနဲ့ ချစ်မြတ်နိုးကြောင်းပြလို့ရတဲ့ နေရာတွေအများကြီးရှိပါတယ်။အထူးသဖြင့် မြန်မာချစ်သူစုံတွဲအချင်းချင်းမှာဆိုရင်ပေါ့။ သူ့ကိုအသေးအဖွဲကိစ္စလေးတွေ ရုတ်တရက်ဂရုစိုက်ပေးတာမျိုးနဲ့ သူ့အနေနဲ့ ဒီကောင်မလေးငါ့ကိုသိပ်ချစ်ပါလားဆိုတာမျိုး မေတ္တာတွေခံစားမိအောင်လုပ်ပေးပါ။

 

သူ့ကိုသင့်ဘဝထဲမှာနေရာတစ်နေရာအတည်တကျပေးထားကြောင်းသူသိပါစေ

သင်က နေ့တိုင်းကျောင်းသွားပြီးကောင်လေးတွေအများကြီးကိုမြင်တွေ့နေရမယ်။ဒါမှမဟုတ် အလုပ်မှာ ခန့်ညားချောမောတဲ့ ယောက်ျားလေးတွေနဲ့ဆက်ဆံနေရမယ်။သင့်ကိုချစ်မြတ်နိုးသူတွေအတော်များများရှိနိုင်သလို ဝေဖန်စကားပြောသူတွေလည်းရှိနေနိုင်တယ်။ဒါတွေအားလုံးကိုသူသိပါစေ။နောက်ပြီးတော့ သင့်အနေနဲ့ ဘယ်သူတွေဘယ်လိုပြောပြော ဂရုမစိုက်ပဲ သူ့ကိုသင့်နှလုံးသားထဲမှာနေရာပေးထားကြောင်းလည်း သူသိပါစေ။သူ့ဘက်က ပြုမူဆက်ဆံပုံတွေမှန်ကန်နေသမျှကာလပတ်လုံး သင့်နှလုံးသားထဲမှာသူက နေသားတကျလုံလုံခြုံခြုံတည်ရှိနေမှာဖြစ်ကြောင်း သူရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ထားပါစေ။

 

သူ့ရှေ့မှာ ရှက်ရွံ့ဟန်ပြပါ

သင်တို့တွဲလာတာကြာပြီဖြစ်ချင်ဖြစ်မယ်။သိပ်မကြာသေးဘူးဖြစ်ချင်ဖြစ်မယ်။ဘယ်လိုပဲရင်းနှီးနေပါစေ သင့်ကိုသူတကယ်ချစ်တယ်ဆိုရင်သင့်ရဲ့အသေးအဖွဲအပြုအမူလေးတွေကအစသူ့ကိုရင်ခုန်အောင်စွမ်းဆောင်နိုင်ပါတယ်။ သူကသင့်ရဲ့ဖိနပ်အသစ် ဒါမှမဟုတ် ဝတ်စုံအသစ်ကိုချီးကျူးတဲ့အခါ ရှက်ရွံ့ဟန်ပြပါ။သူကသင့်နဖူးကိုဖျတ်ခနဲနမ်းလိုက်တဲ့အခါရှက်ရွံ့ဟန်ပြပါ။ ရှက်သွေးဖြာနေတဲ့မိန်းကလေးရဲ့ဟန်အမူအရာလောက် ဘယ်အရာကမှချစ်ဖို့မကောင်းတာသိကြမှာပါ။

 

သူ့မိသားစုကိုဂရုတစိုက်ရှိပါ

ယောက်ျားလေးတွေဟာ များသောအားဖြင့် မိသားစုထဲမှာ သားကြီးတို့သားအငယ်ဆုံးတို့တစ်ဦးတည်းသောသားတို့ဖြစ်နေခဲ့ရင်ဖူးဖူးမှုတ်ထားခံရလေ့ရှိပါတယ်။အဲ့ဒီ့လိုလူမျိုးအတွက် မိသားစုဟာအရာရာပါပဲ။ ဒါကြောင့် သူ့မိသားစုကိုဂရုတစိုက်ရှိနေပေးရင် သူသင့်ကိုပိုချစ်လာမှာပါ။

 

သူနှစ်သက်တဲ့အရာတွေကိုအားပေးပါ

သူကဘောလုံးပွဲနှစ်သက်သလား ဘာမှန်းမသိရင်တောင် လိုက်ကြည့်ပေးပါ။ကိုယ်နှစ်သက်တဲ့အရာကိုကိုယ့်ချစ်သူကိုဘေးမှာထားပြီးပြုလုပ်ခွင့်ရတဲ့ခံစားမှုဟာ တော်တော်စိတ်ကြီးဝင်စရာကောင်းပါတယ်။သူက မော်ဒယ်ကောင်မလေးတွေကိုနှစ်သက်တယ်ဆိုရင်တော့ ခါးတွေဘာတွေဆွဲလိမ်သင့်လိမ်ရမယ်၊ဒါမျိုးက ညှာလို့မရဘူး 😛

 

သူကိုယ်တိုင်အတွက်အချိန်ပေးပါ

ယောက်ျားလေးအများစုမှာ စဉ်းစားစရာတစ်ခုခုမရှိရင်တောင် တစ်ယောက်တည်းနေချင်တဲ့အချိန်တွေရှိနေတတ်ပါတယ်။အဲ့ဒီိ့အချိန်ကလည်းသိပ်မကြာတတ်ပါဘူး တစ်ရက်နှစ်ရက်လောက်ပါ။သူ့ကိုအလွတ်မပေးပဲအနားမှာလိုက်ကပ်နေတာမျိုးမလုပ်ပဲနဲ့ သူ့ဘာသာတစ်ယောက်တည်းနေရအောင်လွှတ်ထားပေးလိုက်ပါ။ သင့်ကိုလွမ်းတယ်ဆိုပြီး အနားပြန်ရောက်လာမှာသေချာပါတယ်။

 

ဒီလို အချိန်အခါနဲ့နေရာဒေသကိုကြည့်ပြီး သင့်တော်သလိုပြောဆိုပြုမူတတ်တဲ့လိမ်မာတဲ့မိန်းကလေးမျိုးကို ယောက်ျားလေးတွေက လေးစားမြတ်နိုးတတ်ကြပါတယ်။အချစ်သက်သက်ထက်စာရင် လေးစားတန်ဖိုးထားမှုပါရှိနေတဲ့  ဆက်ဆံရေးတွေက အလွယ်တကူနဲ့မကျိုးပျက်ဘူးပေါ့။

 

Unicode Format

 


 



 



 



 



 



 



 




3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.