ယောက်ျားလေးတွေ ဘာကြောင့်လိမ်ကြသလဲ

လိမ်တယ်ညာတယ်လူညာကြီးရယ် ယုံအောင်ဖြီးတတ်တယ် ဆိုတဲ့ သီချင်းတောင်ရှိသေးမဟုတ်လား ( နားသောတဆင်နေကြတဲ့ မိဘပြည်သူများကို သနားညှာတာသောအားဖြင့် နောက်ကစာသားတွေဆက်မဆိုတော့ပါနော် 😛 )။ဆိုတော့ကာ ခေတ်အဆက်ဆက်ယုံကြည်ပြောဆိုလာကြတဲ့ စကားတွေကိုကောက်ချက်ဆွဲရမယ်ဆိုရင်ဖြင့် ယောက်ျားလေးတွေက ပိုပြီးလိမ်ညာတတ်ကြတယ်ဆိုတဲ့သဘောရောက်ပါတယ်။ဒီလိုပြောရင် Gender discriminate လုပ်ရာကျဦးမယ်။ တကယ်တမ်းတော့ ယောက်ျားရယ်မိန်းမရယ်မဟုတ်ပါဘူး လိမ်ချင်တဲ့လူကလိမ်တာပါပဲ။ အမှန်က ယောက်ျားလေးတွေဘာကြောင့်လိမ်ရသလဲဆိုတာထက်စာရင် လူတွေဘာကြောင့်လိမ်ရသလဲဆိုတဲ့ ခေါင်းစဉ်ကပိုပြီးအဓိပ္ပာယ်ရှိမှာပါ။ ဒါပေမယ့် ဒီနေရာမှာက မိန်းကလေးတွေရဲ့ရှု့ထောင့်ကနေပြီး ယောက်ျားလေးတွေဘာကြောင့်မကြာခဏလိမ်ညာနေကြတာလဲဆိုတာ သိနားလည်ပြီး မသိချင်ယောင်ဆောင်ပေးရမယ့်အလိမ်အညာစကားတွေ၊ဆတ်ဆတ်ထိမခံပြန်တုံ့ပြန်ပေးရမယ့် အလိမ်အညာတွေကိုခွဲခြားနိုင်စေဖို့ ရေးတာဖြစ်တဲ့အတွက် ယောက်ျားလေးတွေဘာကြောင့်လိမ်ရသလဲဆိုတဲ့ ခေါင်းစဉ်ပေးထားရခြင်းဖြစ်ပါတယ်။ မသိဘူး လိမ်တဲ့လူကိုဆက်လက်မခံနိုင်ဘူး လစ်လစ်လို့လုပ်လို့မရတဲ့အခြေအနေတွေလည်းရှိတယ်မဟုတ်ပါလား။ ယောက်ျားလေးတွေဘယ်အခြေအနေတွေမှာလိမ်ကြသလဲ..ပြီးတော့ ဘာကြောင့်လိမ်ကြသလဲဆိုရင်..

 

သင့်ကို အကာအကွယ်ပေးချင်လို့

တစ်ခါတစ်လေယောက်ျားလေးတွေရဲ့ဘဝတွေမှာ မိန်းကလေးတွေမသိမှဖြစ်မယ့်အချို့သောကိစ္စတွေရှိပါတယ်။ အရိပ်အမြွပ်အရိုးရှင်းဆုံးပြောရရင်တော့ ယောက်ျားလေးနှစ်ယောက်ပဲဖြစ်ဖြစ် အဖွဲ့လိုက်ပဲဖြစ်ဖြစ် ချိန်းဆိုပြီးရန်သတ်ကြတာမျိုးပေါ့။ ဒီလိုကိစ္စတွေကို ပက်သက်ရာပက်သက်ကြောင်းမိန်းကလေးတွေကသိသွားရင် အဲ့ဒီ့နေရာကိုလိုက်သွားတာ၊ဒါမှမဟုတ် တစ်စုံတစ်ခုကိုမိုက်မဲစွာပြုလုပ်တာမျိုးဖြစ်မှာကောင်လေးတွေကစိုးရိမ်ကြပါတယ်။အထူးသဖြင့်တော့ အနိုင်အရှုံးမသေချာတဲ့ပွဲတစ်ပွဲအတွက် သူ့ချစ်သူရှေ့မှာမရှုံးချင်ကြပါဘူး။ မသိမှဖြစ်မယ့်ကိစ္စတွေဆိုတာအမှန်တကယ်ရှိပါတယ်။

 

အဖြူရောင်မုသား

ဒါကတော့ သင့်ကိုမထိခိုက်နိုင်မယ့်အသေးအဖွဲကိစ္စမျိုးတွေပါ။လမ်းထိပ်ကဝယ်လာတဲ့ ကြေးအိုးကို သူကိုယ်တိုင်လုပ်လာတယ်လို့ပြောတာမျိုးပေါ့။သင့်အနေနဲ့ သူ့ကိုပိုချစ်လာစေချင်လို့ နည်းနည်းပါးပါးပလောင်းပလဲပြောတာဖြစ်ပါတယ်။

 

သင်တို့ရဲ့ဆက်ဆံရေးကိုမထိခိုက်စေချင်လို့

ရိုးသားသည်ဖြစ်စေ မရိုးသားဘူးဖြစ်စေ ယောက်ျားလေးတွေဟာ အခြားမိန်းမတစ်ယောက်နဲ့ပက်သက်မှုကို သူတို့ရဲ့ချစ်သူကောင်မလေးတွေကို အရိပ်အမြွပ်တောင်ထုတ်မပြောပြချင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သင်ကသဝန်တိုမယ်မှန်းသေချာပေါက်သိနေလို့ပါ။ ယောက်ျားလေးအများစုဟာ စကားအများကြီးပြောရမှာမနှစ်သက်တဲ့လူတွေပါ။ ရည်းစားကစိတ်ကောက်နေတာကိုလိုက်ချော့ရမှာ ပျင်းသူတွေလည်းဖြစ်ပါတယ်။ ပြီးတော့ သူကသင့်ကိုအလွန်တန်ဖိုးထားလို့ သင်တို့ရဲ့ဆက်ဆံရေးကိုအတိမ်းအစောင်းမခံနိုင်လို့ မပြောပြတာလည်းအများကြီးဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာသင်လုပ်သင့်တာက သူနဲ့အချိန်ယူပြီးစကားပြောပါ။ သူ့အနေနဲ့သင့်ကိုဘာမဆိုဖွင့်ပြောပြလို့ရတယ်သင်ကစိတ်ဆိုးမှာမဟုတ်ဘူး လို့ ယုံကြည်စိတ်ချပါစေ။ဒါမျိုးက သင်အရင်ကလည်း အူကြောင်ကျားသဝန်ကြောင်တဲ့အပြုအမူတွေမလုပ်ဖူးမှ ဖြစ်နိုင်မှာပါ။

 

သင့်ရဲ့အထင်သေးမှုကိုမခံချင်လို့

ယောက်ျားလေးတွေက လူကသာ ချုံတိုးရင်တိုးနေမယ်၊လူနေချုံကြား စိတ်နေဘုံဖျားဆိုတဲ့အတိုင်းပဲ သူတို့ချစ်တဲ့ကောင်မလေးကတော့ သူတို့ကို အထင်ကြီးလေးစားကိုးကွယ်ရိုသေမြတ်နိုးတန်ဖိုးထားနေတာပဲခံချင်နေတဲ့သူတွေပါ။ သူ့ဘဝရဲ့စိတ်ပျက်စရာတွေ သူ့စိတ်ရဲ့အမှောင်ဘက်ခြမ်းတွေကို သင်သိသွားတဲ့အခါ သူ့ကိုအထင်သေးသွားမှာလည်းကြောက်သလို စိတ်ပျက်ပြီးထားခဲ့မှာ ပိုပြီးကြောက်ကြပါတယ်။ ဒါကြောင့်သူ့ဘဝမှာတစ်ခုခုကိုအစဉ်တစိုက်ဖုံးကွယ်ထားတတ်ကြပါတယ်။ပြဿနာကဒီနေရာကိုရောက်နေပြီိဆိုရင်တော့ သင်တို့နှစ်ယောက်သေချာပေါက်ကို ဆွေးနွေးညှိနှိုင်းဖို့လိုနေပါပြီ။ သင့်အနေနဲ့ သင်လက်ထပ်မယ့်ချစ်သူအကြောင်း အလုံးစုံသိထားမှယုံကြည်စိတ်ချနိုင်မယ်မဟုတ်လား။လက်မထပ်ဘူးဆိုရင်တော့တစ်မျိုးပေါ့။

 

မရည်ရွယ်တဲ့မုသား

ဒါကတော့ ရုတ်တရက်ကြီိးဖြစ်သွားတဲ့အလိမ်အညာစကားမျိုးပါ။ ဒါမျိုးကိုသင်ချက်ချင်းရိပ်မိတတ်ပါတယ်။ရိပ်မိလောက်အောင်လည်း ယုတ္တိတန်ခြင်းရှားပါးတတ်ပါတယ်။ ယောက်ျားလေးတွေရဲ့ဦးနှောက်ဟာ မိန်းကလေးတွေလို Multi-tasking မကျွမ်းပါဘူး။ဒါကြောင့် ရုတ်တရက်သင်စိတ်ဆိုးမှာကြောက်ပြီး လိမ်မိလိမ်ရာလိမ်လိုက်တာမျိုးကခဏခဏဖြစ်တတ်ပါတယ်။ဒါကိုဘယ်လိုသဘောထားမလဲဆိုတာကသင့်အပေါ်မှာမူတည်ပါတယ်။ အသေးအဖွဲလေးကအစလိမ်တတ်တဲ့သူကို လုံးဝလက်မခံနိုင်ဘူးဆိုရင်သူ့ကိုနားလည်အောင်ပြောပြပြီးအကျင့်ဖျောက်ခိုင်းရုံပါပဲ။အကျင့်ဆိုတာမျိုးကလည်း ဖျောက်နိုင်ခဲသားလား။ဒါဆိုရင်တော့ နောက်တစ်မျိုးစဉ်းစားရပါလိမ့်မယ်။

သင့်ချစ်သူက လိမ်ညာခြင်းကိုထမင်းစားရေသောက်ပြုမူနေသူဆိုရင် အထက်ပါအချက်တွေနဲ့ဆန်းစစ်ပြီး အမှန်တရားကိုဆုံးဖြတ်နိုင်ပါစေ။ကိုယ်တို့မိန်းကလေးတွေဟာ ယောက်ျားတစ်ယောက်က ကိုယ့်ကိုလိမ်လို့လိမ်နေမှန်းမသိတဲ့အထိတော့မတုံးသင့်ဘူးမဟုတ်လား။ Girls gotta stick together!

 

Unicode Format


 



 



 



 



 




0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.