ပေါ့ပ်သီချင်းတွေ များများစားစား နားထောင်၊ ချစ်စိတ်ကူးယဉ် ဇာတ်လမ်းရုပ်ရှင်တွေ သိပ်ကြည့်၊ ဒါဆို မြင်မြင်ချင်း ချစ်ဆိုတာ အချိန်တိုင်းဖြစ်နိုင်တယ်လို့ စယုံတတ်လာလိမ့်မယ်။ တကယ့်လက်တွေ့ဘ၀ မှာရော (တကယ်ချစ်သွားတဲ့သူတွေကြားမှာပေါ့) မြင်မြင်ချင်းချစ် ဆိုတာ မရှိဘူးလားလို့ မေးစရာဖြစ်လာတယ်။
အချစ် အကြောင်းပြောရတာနဲ့ သိပ်တူတယ်၊ ဒီမေးခွန်းကို ဓမ္မဓိဋ္ဌာန်ကျကျ ဖြေလို့မရဘူး။ ကူညီရာ ကူညီကြောင်း ဖြစ်ဖို့တော့ အတတ်နိုင်ဆုံး ကြိုးစားပြီး ဝေငှပါ့မယ်။
သင့်စိတ်က သင့်ကိုလှည့်ဖျားနေတာလား။
သူနဲ့ပတ်သက်ပြီး (ပင်ကိုယ်စရိုက်အပါအ၀င်) အရာရာက စွဲဆောင်မှုဖြစ်နေတယ် ဆိုတဲ့သူမျိုးကို မြင်ဖူးတွေ့ဖူးပါသလား။ သူနဲ့စကား တစ်ခါမှ မပြောဖူးဘူးဆိုရင်တောင် ပေါ့လေ။ ဒါမျိုးကို သင်က မြင်မြင်ချင်းချစ်ပါလို့ အလျင်စလို ဆုံးဖြတ်ကောင်းဆုံးဖြတ် မိပါလိမ့်မယ်။ တကယ်တော့ အဲ့ဒါမျိုးကို ဆွဲဆောင်မှု ရောင်ဝါလက္ခဏာ ယိုင်အလင်းသက်ရောက်မှု (attractiveness halo effect) လို့ စိတ်ပညာရှင်တွေက ခေါ်ကြတယ်။ မိုက်တဲ့ လန်းတဲ့ ပုံပေါက်နေတဲ့သူတစ်ယောက်ကို တွေ့ရင် သူတို့ပင်ကိုယ်စရိုက်ကလည်း လန်းမှာပဲလို့ သင့်ဦးနှောက်က ခြုံငုံသုံးသပ်မိလိမ့်မယ်။
လူတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ ပင်ကိုယ်စရိုက်ဟာ တစ်ထပ်တည်းမကျဘူး ဆိုတာ ကျွန်တော်တို့အားလုံး သိထားကြပြီးဖြစ်ပါတယ်။ တချို့ချို့သော ဆွဲဆောင်မှုရှိတဲ့သူတွေက လုံးဝ အရူးနားကန်းတွေ ဖြစ်နေတတ်တယ်။ ကမ္ဘာမှာ အကောင်းဆုံးသောသူတွေဟာ လုံးဝမမိုက်ပါဘူးလို့ သင်ထင်ထားတဲ့ သူတွေဖြစ်နေတတ်တယ်။ အဲ့ဒီ့တော့ ရောင်ဝါလက္ခဏာ ယိုင်အလင်းသက်ရောက်မှုဟာ လှည့်စားမှု အရိပ်အယောင် သက်သက်ပဲ။ လူတစ်ယောက် အကြောင်းကို ကောင်းကောင်းသိလာတာနဲ့အမျှ မြင်မြင်ချင်း ချစ်ဆိုတဲ့ ခံစားချက်ဟာ ကင်းစင်လွင့်ပျောက် သွားလိမ့်မယ်။
အချစ် = အသွင်အပြင်ထက် အများကြီးပိုတယ်။
လူတိုင်းလူတိုင်းမှာ အချစ်ဆိုတဲ့အရာအပေါ် နားလည်မှု အမျိုးမျိုးရှိကြတယ်။ လူတစ်ယောက်ကို သေချာကြည့်မှ အချစ်ဆိုတာကို ရှာလို့ရတယ်လို့ လက်ခံထားတဲ့သူ နည်းနည်းပဲရှိတယ်။ အချစ်မှာ သဘောတူညီချက်၊ မျှဝေခံစားစိတ်၊ စိတ်ရှည်သည်းခံမှု ဆိုတာတွေပါတယ်။ ဒါတွေကို မြင်မြင်ချင်းမှာ အပေးအယူလုပ်လို့ မရဘူး။
ကနဦး ခံစားချက်တွေဟာ အချစ်အနေနဲ့ မပြောင်းလဲနိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ တစ်ယောက်ယောက်နဲ့ တွေ့မယ်၊ နီးစပ်ချင်တယ်၊ သူအကြောင်းလေ့လာမယ်။ နှစ်ဦးကြားစပ်ဆက်မှုက ခရီးပေါက်လာတာနဲ့အမျှ၊ ခံစားချက်တွေအဖြစ်ကနေ အချစ်အဖြစ်ကို အခါအားလျော်စွာ ပိုပိုလာတော့တာပါပဲ။
သိပါတယ်
ခုမှ စတွေ့တဲ့သူ နှစ်ယောက်ဟာ သိကြပါတယ်တဲ့။ ဘာကိုတကယ်သိတာပါလဲ။ တစ်ယောက်ရဲ့ ဟန်နဲ့ အသွင်အပြင်ကို ကြိုက်ကြတာ မဟုတ်ပါလား။ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာအောင်၊ နောက်တစ်ဆင့်တက်ရအောင် လုပ်ချင်တာလည်းဖြစ်နိုင်တယ်။
ဒါကို မြင်မြင်ချင်းချစ်တယ်လို့ ခေါ်မလား။ ခံစားချက်ခြင်း ထပ်တူကြတဲ့ သူတွေတောင် ဆိုးဆိုးရွားရွား အဆုံးသတ်သွားတာ ရှိသလို၊ ဘာမှအဆင့်တက်မလာတာမျိုးလဲ ရှိပါတယ်။ အကြည့်တစ်ချက်နဲ့တော့ အချစ် မဖြစ်စေနိုင်ပါဘူး။ နှစ်ကိုယ်ကြား ဆက်နွယ်မှုကို အချစ်ပါလို့ ၀န်ခံဂတိပြုဖို့နဲ့ အဲ့ဒီ့အချစ်ကို ဆက်လက် ထိန်းသိမ်းဖို့ကိစ္စတွေက နောက်မှ ဆက်ဖြစ်လာတယ်။
မြင်မြင်ချင်းအချစ် အပေါ် ယုံကြည်ချက် ပြင်းလွန်းခြင်းရဲ့ အန္တရာယ်
မြင်မြင်းချင်းအချစ် အပေါ် ဘာလို့အဲ့လောက် မကောင်းပြောနေရလဲလို့ အံ့သြမိချင် မိလိမ့်မယ်။ မြင်မြင်အချစ်ဆိုတာ မချိုမြိန်လို့လဲ မဟုတ်သလို၊ ချစ်စိတ်ကူးယဉ်ဆန် ရုပ်ရှင်တွေ မကြိုက်လို့လဲ မဟုတ်ဘူး။ (ရိုမီယို နဲ့ ဂျူးလိယက် ဇာတ်ကားထဲက မြင်မြင်ချင်းချစ်သွားတာတဲ့ ဇာတ်ကွက်ဆို အကြိုက်ဆုံးပဲ။)
ပြင်းပြတဲ့ ခံစားချက်မရှိရင် အချစ်ဖြစ်မလာနိုင်ဘူး ဆိုတာမျိုးတွေးဖို့ မသင့်ဘူး။ အကောင်းဆုံးနဲ့ အခိုင်မာဆုံး နှစ်ကိုယ်ကြားဆက်နွယ်မှုတွေဟာ စိတ်ကူးယဉ်သိပ်မဆန်တဲ့ နည်းလမ်းတွေကနေ ပေါက်ဖွားလာတတ်လို့ပါပဲ။
ဒီ့ထက်ပိုအရေးကြီးတာက ရောင်ဝါလက္ခဏာ ယိုင်အလင်းသက်ရောက်မှုဟာ အန္တရာယ်ရှိတယ်။ ခပ်လန်းလန်း တစ်ယောက်ကိုတွေ့လို့ အချစ်လို့ယူဆရင်၊ သူ့မှာရှိတဲ့ အရည်အသွေးတွေကို မျက်စိလျှမ်သွားလိမ့်မယ်။ ပြီးရင် သင့်ကို နာကျင်စေလိမ့်မယ်။ သင့်နှလုံးသားကို ရသွားရင်တော့ သူရဲ့ ရင့်သီးရိုင်းစိုင်းမှုတွေကို လက်ခံရတော့မယ်။ ဝေဖန်သုံးသပ်တာက ပိုကောင်းပါလိမ့်မယ်။
ဒါဆို ဘာလုပ်ရမှာတုန်း။
မြင်မြင်ချင်း အချစ် ဆိုတာကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ အဲ့ဒီ့မှာ စတွေ့တာ ဆိုတဲ့အဖြစ်အပျက်မျိုးကို မမျှော်လင့်ပါနဲ့။ အချစ်စစ်ဆိုတာ မမျှော်လင့်ထားတဲ့ အချိန်၊ မထင်ထားတဲ့အရပ်ကနေ ၀င်ရောက်လာပြီး ထပ်တူညီမျှသွားပါလိမ့်မယ်။
Ref:teenadvice