ရယ်မောခြင်း က ပေးတဲ့ အကျိုးကျေးဇူးတွေ

ရယ်မောတယ်ဆိုတာဟာ လူသားတွေသာပြုလုပ်နိုင်တဲ့ မျက်နှာအမူအရာတစ်မျိုးပါ။ လူတွေနဲ့တူတယ်ဆိုတဲ့ မျောက်တွေကတော့ ထားပါတော့လေ။ သူတို့ရယ်တယ်ဆိုလည်း ပီပီပြင်ပြင်မှမဟုတ်တာပဲ။ ရယ်တယ်ငိုတယ်ပြုံးတယ်မဲ့တယ် စတဲ့ မျက်နှာအမူအရာတွေထဲမှာ အကောင်းဆုံးအရာက ရယ်တာပဲမဟုတ်လား။နောက်ပြီး ဘယ်လောက်ပဲစိတ်ညစ်စရာကောင်းတဲ့နေ့တစ်နေ့ကိုဖြတ်သန်းလာရပါစေ အိမ်ပြန်ရောက်လို့ ကိုယ့်မိသားစုတွေနဲ့အတူညစာစားရင်း ရယ်မောပျော်ရွှင်ရတဲ့အခါ စိတ်ညစ်စရာတွေ လွင့်ပါးသွားတာပဲလေ။ ဒီလို ထူးခြားတဲ့ ရယ်မောခြင်းဆိုတဲ့ မျက်နှာအပြုအမူရဲ့ လူကိုပြုတဲ့ အကျိုးကျေးဇူးတွေကလည်းများပြားပါတယ်။အဲ့ဒါတွေထဲက ထင်ရှားတာလေးတွေကိုကောက်နှုတ်ဖော်ပြရမယ်ဆိုရင်တော့ဖြင့် …

 

စိတ်ခံစားချက်ပြောင်းလွဲစေတယ်

စိတ်ပျိုတော့ကိုယ်နု၊စိတ်ထောင်းလို့ကိုယ်ကြေ၊စိတ်သာရှင်စော ဘုရားဟောဆိုတဲ့ စကားတွေလည်းအရှိသားပဲမဟုတ်လား။ ခန္ဓာကိုယ်အတွက်ဒီလောက်အရေးကြီးတဲ့စိတ်ကို ရယ်မောခြင်းကသိသိသာသာကိုကောင်းကျိုးပြုပါတယ်တဲ့။ စိတ်မှာ သိစိတ်နဲ့မသိစိတ်နှစ်မျိုးရှိတဲ့အနက် ရယ်မောခြင်းက သိစိတ်ကိုရောမသိစိတ်ကိုပါအကျိုးပြုပါတယ်။လူတစ်ယောက်ဟာဘယ်လောက်ပဲစိတ်ညစ်နေပါစေ စက္ကန့်အနည်းငယ်လောက်ရယ်မောလိုက်ပြီဆိုတာနဲ့ သူ့ရဲ့ခန္ဓာကိုယ်က မနက်အိပ်ရာထ လန်းဆန်းနေတဲ့အချိန်ကိုပြန်ရောက်သွားပါတယ်လို့ ဆေးပညာသုတေသနပြုချက်တွေအရ သိရပါတယ်။ ဒါ့အပြင် လူတစ်ယောက်နဲ့တစ်ယောက်အတူတူရယ်မောတဲ့အခါ မသိစိတ်က အဲ့ဒီ့လူနဲ့လျင်လျင်မြန်မြန်ရင်းနှီးသွားစေပါတယ်။ ဒါကြောင့်ကောင်မလေးတွေကသူတို့ကိုရယ်အောင်လုပ်ပေးနိုင်တဲ့ ငပေါလေးတွေနဲ့ချစ်သူဖြစ်ကြတာပေါ့။

 

ရယ်မောခြင်းက သင့်ရဲု့ကိုယ်ခံစွမ်းအားကိုမြင့်တက်စေတယ်

ဘာဆိုင်လို့လဲလို့ အပြစ်တင်မစောပါနဲ့ဦး။ Laughter is a cheap medicine ဆိုတဲ့စကားလည်းအရှိသားပဲကို။ ဆိုးရွားတဲ့စိတ်ဖိစီးမှုတွေ၊စိတ်ဓာတ်ကျခြင်းတွေကြောင့်ဖြစ်တဲ့ ဦးနှောက်ထဲက ဆဲလ်တွေရဲ့ဓာတုဓာတ်ပြုမှုတွေက သင့်ရဲ့ကိုယ်ခံစွမ်းအားကိုတရိပ်ရိပ်ကျဆင်းစေပါတယ်။သင်ရယ်မောလိုက်တဲ့အခါ ဦးနှောက်က ဖိအားတွေကနေခဏတာသက်သာရာရသွားတဲ့အတွက် ရောဂါဘယတွေကိုတိုက်ခိုက်ကာကွယ်နိုင်တဲ့ ကိုယ်ခံစွမ်းအားတွေပါဝင်တဲ့ ဆဲလ်တွေကိုထုတ်လုပ်ပေးဖို့ အာရုံရသွားပါတယ်။ ဒါကြောင့် များများရယ်လေအသက်ပိုရှည်လေလို့ပြောကြတာ ဆေးပညာပိုင်းဆိုင်ရာအရကြည့်ရင်လည်း မှန်တဲ့အချက်ပါ။

 

ရယ်မောခြင်းက နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

သင် စိတ်လွတ်လက်လွတ်ရယ်မောလိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ထဲက သွေးဖိအားတွေကျဆင်းပြီး သွေးလည်ပတ်မှုပိုမိုကောင်းမွန်လာပါတယ်။အဲ့ဒီိ့အခါ သွေးလည်ပတ်မှုကောင်းမွန်ဖို့ သွေးတွေခဲမနေဖို့ သွေးကြောလေးတွေပိတ်မနေဖို့ဆိုတာ သွေးတွေလှည့်ပတ်ထုတ်လွှတ်ပေးရတဲ့ နှလုံးတစ်ခုတည်းရဲ့တာဝန်ဖြစ်မနေတော့တာကြောင့် နှလုံးကိုမတန်တဆဝန်ထမ်းခိုင်းသလိုမဖြစ်တော့ပဲ နှလုံးကျန်းမာရေးပိုမိုကောင်းမွန်လာတာပါ။

 

ရယ်မောခြင်းက သင့်ရဲ့လူမှုဆက်ဆံရေးကိုလည်းအထောက်အကူပြုတယ်

ပြောပြီးပါပကော။ တစ်စုံတစ်ယောက်နဲ့အတူရယ်မောမိတဲ့အခါ သင့်ရဲ့မသိစိတ်က အဲ့ဒီ့လူနဲ့ပိုမိုရင်းနှီးတဲ့ခံစားမှုကိုရစေတယ်။ သိပ်ကို တိတ်ဆိတ်ခြောက်ကပ်နေတဲ့ Dinner Parties တွေထက်စာရင် ရယ်သံတွေစီညံပြီး ရင်းနှီးနွေးထွေးတဲ့ အိမ်သေးသေးလေးရဲ့ညစာထမင်းဝိုင်းလေးက အများကြီးသာတယ်ဆိုတာ နှလုံးသားရှိတဲ့လူတိုင်းမငြင်းနိုင်တဲ့အချက်ပါ။ ချစ်သူစုံတွဲတွေမှာဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက်အထာတွေနဲ့ သတိထားဆက်ဆံနေကြတဲ့လူကြီးပိုင်း၊လူလတ်ပိုင်းအတွဲတွေထက် နှစ်ယောက်အတူလျှောက်စားလိုက်သွားလိုက်မျက်နှာပြောင်လိုက်နဲ့ တစ်ယောက်နဲ့တစ်ယောက်မျက်နှာမြင်ရယ်ချင်ပါစေဆုနဲ့မတောင်းပဲပြည့်နေတဲ့ လူငယ်စုံတွဲတွေကသာ ပိုမိုသာယာပျော်ရွှင်တဲ့ ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်တာပါ။

 

ရယ်မောခြင်းက ကိုယ်အလေးချိန်ကျစေတယ်

အယ်လယ်လယ် … ဒါကတော့ နောက်ဆုံးတစ်ခုနဲ့ ကြားရတာဝမ်းသာဖို့အကောင်းဆုံးတစ်ခုပါပဲ။ အဲ့ဒါဆို Gym မဆော့တော့ဘူး ထိုင်ပဲရယ်နေတော့မယ်လို့တော့ မညစ်နဲ့ပေါ့နော်။ သိပ္ပံနည်းကျစစ်ဆေးတွေ့ရှိမှုတွေအရ ရယ်မောခြင်းက နှလုံးခုန်မြန်စေပါတယ်၊နှလုံးခုန်မြန်တဲ့အခါ ကယ်လိုရီတွေလောင်ကျွမ်းတော့တာပါပဲ။ ဆယ့်ငါးမိနစ်ခန့် ရယ်မောလိုက်ခြင်းအားဖြင့် 10-40 calories လောက်လောင်ကျွမ်းစေတယ်လို့သိရပါတယ်။

လူတွေက ကိုယ်မသိလိုက်မသိဘာသာလုပ်မိနေတဲ့အလုပ်ရဲ့ ကောင်းကျိုးတွေကိုသူများကလာပြောပြတော့မှပိုလုပ်ချင်တယ်ဆိုသလိုပဲ ခုလည်း ရယ်မောခြင်းရဲ့အကျိုးပြုပုံတွေကိုသိပြီဆိုတော့ မျက်နှာသေကြီးတွေခပ်တည်တည်ကြီးတွေလုပ်မနေတော့ပဲ တတ်နိုင်သမျှရယ်နိုင်ကြပါစေနော်။

 

Unicode Format


 



 



 



 



 




746 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.