အသက်နှစ်ဆယ်အထက်မှာ ရှိသင့်ပြီဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ

နှစ်ဆယ်ဆိုတဲ့အသက်ဟာ လုံးလုံးငယ်တော့တာမဟုတ်သလို သိပ်ပြီးကြီးရင့်နေတဲ့အသက်တော့လည်းမဟုတ်ပါဘူး။ နှစ်ဆယ်ဆိုတဲ့အသက်အရွယ်က ဘဝဆိုတဲ့ရထားကြီးပေါ်စတင်တက်လှမ်းလာတဲ့အရွယ်ပါ။ ကိုယ့်အားကိုယ်ကိုးပြီးဘဝထဲတိုးဝင်သင့်တဲ့အရွယ်ဆိုရင်လည်းမမှားပါဘူး။ နှစ်ဆယ်ဆိုတာ ဆယ့်ခြောက်နှစ်ဆယ့်ရှစ်နှစ်တွေလို ဘာလေးတွေ့လိုက်တွေ့လိုက်ရင်ခုန်ယစ်မူးတတ်တဲ့အရွယ်မဟုတ်တော့တာကိုယ့်ကိုယ်ကိုယ်သတိထားမိကြမှာပါ။ဒါပေမယ့်တအားကြီိးရင့်ကျက်သွားပြီလား တည်ငြိမ်သွားပြီလားလို့ဆိုရင်လည်း ငြင်းရပါလိမ့်မယ်။ တကယ်တော့ အသက်နှစ်ဆယ်ဝန်းကျင်ဟာ အထိခိုက်မခံတဲ့အရွယ်ပါ။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကိုယ်ဘယ်သူလဲဘာဆက်လုပ်မှာလဲဘယ်လမ်းကိုလျှောက်မှာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ရှာဖွေတုန်းအရွယ်ပါ။ ကိုယ်နဲ့ကွက်တိကျတဲ့ ဘဝနေထိုင်မှုမျိုးကို မှန်မှန်ကန်ကန်ဆိုက်ဆိုက်မြိုက်မြိုက်ရွေးချယ်မိပြီး သာယာလှပတဲ့ဘဝတစ်ခုတည်ဆောက်နိုင်ဖို့အတွက် ကိုယ့်ဘက်ကပြင်ဆင်ထားရမှာတွေရှိပါတယ်။ အဲ့ဒါတွေကတော့ ….

 

အာရုံစူးစိုက်မှု

အာရုံစူးစိုက်မှုဆိုတာ လောကီမှာရောလောကုတ္တရာမှာပါ မရှိမဖြစ်လိုအပ်တဲ့အရည်အချင်းတစ်ခုပါ။ လောကုတ္တရာမှာ တရားအားထုတ်ရာမှာ အာရုံတွေပျံ့လွင့်နေရင် တရားထူးတရားမြတ်ကိုမရနိုင်သလို လောကီဘက်မှာဆိုရင်လည်း ကိုယ်လိုချင်တဲ့အရာတစ်ခုရှိပြီဆိုတာနဲ့ အဲ့ဒီ့အရာတစ်ခုတည်းကိုပဲ အာရုံစူးစိုက်ပြီးမရမနေကြိုးစားဖို့လိုအပ်ပါတယ်။ဒီအရွယ်လူငယ်တွေနားဝင်အောင်ပြောရရင်တော့ ရည်းစားထားသလိုပေါ့။ကောင်မလေးတစ်ယောက်ကိုကြိုက်မိပြီဆိုရင် အဲ့ဒီ့ကောင်မလေးတစ်ဦးတည်းကိုပဲ မဆုတ်မနစ်မလျှော့သောဇွဲလုံ့လနဲ့ကြိုးစားရမယ်၊သူ့ကိုလည်းကြိုက်တယ်၊အခြားကောင်မလေးတွေကိုလည်း အလွတ်မပေးချင်ဘူးဆိုရင်တော့ ချစ်အဖြေတော့မရပဲ ဒေါက်ဖိနပ်ပဲရမယ်ဆိုတာမျိုးဖြစ်ပြီး အမောင်လက်လျှော့နေလေတော့ ဖြစ်သွားပါလိမ့်မယ်။ဒီတော့ကာ… ဒီလိုမဖြစ်ရလေအောင် တစ်ခုကိုလိုချင်ရင် အဲ့ဒီ့တစ်ခုအပေါ်မှာပဲအာရုံစိုက်ထားတတ်တဲ့ အာရုံစူးစိုက်မှု ဧကန်အမှန်လိုအပ်ပါတယ်။

 

အရည်အချင်း

အရည်အချင်းဆိုတဲ့ ဝေါဟာရကကျယ်ပြန့်ပါတယ်။ ဘာအရည်အချင်းလည်း ဘယ်ဘက်မှာရှိတဲ့အရည်အချင်းလဲ စသဖြင့်ပေါ့။ဒါက ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဆန်းစစ်ရမယ့်အချိန်ရောက်လာပါပြီ။ ဘာမှမတော်တဲ့လူဆိုတာတော့မရှိပါဘူး။ ကိုယ်ကဘယ်ဘက်မှာအားသာသလဲ ဘာလုပ်ရတာကိုနှစ်သက်သလဲ ဒါမှမဟုတ် ဘာလုပ်ရတာမှာ ထူးချွန်သလဲ ဒါကိုတိတိကျကျသိဖို့လိုအပ်ပါတယ်။ကျောင်းတုန်းကတည်းက တန်းပြီးအဆင့်တစ်တွေရ အတော်ကြီးတော်နေတဲ့ ဆရာဝန်လောင်းလျာတွေကတော့ သိပ်များများစားစားစဉ်းစားဖို့လိုမယ်မဟုတ်သလို ကျောင်းတောင်ပြီးအောင်မတက်ပဲလေလွင့်ပျက်စီးနေတဲ့သူတွေအနေနဲ့လည်း အဖက်လုပ်ပြီးစဉ်းစားနေမှာမဟုတ်ပါဘူး။တိုင်ပတ်တာက ကိုယ်တွေလို အတော်ကြီးလည်းမဟုတ် ချာတူးလန်အောင်လည်းညံ့မနေတဲ့ အလယ်အလတ်တန်းစားကျောင်းသားဖြစ်ခဲ့တဲ့သူမျိုးတွေပါ။ဒါကသေချာစဉ်းစားရပါတယ်။ကိုယ့်အရည်အချင်းကဘယ်ဘက်မှာတော်သလဲ ခိုးရဝှက်ရတာမှာ လက်မြန်သလား ဒါဖြင့် မျက်လှည့်ဆရာလုပ်စား (စတာပါနော်၊အတည်မယူသင့်ပါ) ။ကိုယ့်အရည်အချင်းကိုယ်သိဖို့လိုအပ်တယ်ပြောတာပါ။

 

စိတ်ရှည်သည်းခံမှု

ဒါလည်း အသက်နှစ်ဆယ်ဝန်းကျင်မှာတင်မဟုတ် ဘဝတစ်ခုလုံးအတွက်လိုအပ်ချက်တစ်ခုပါပဲ။လျို့ဝှက်ချက်တစ်ခုသိချင်လား..ကောင်မလေးတွေက စိတ်ရှည်သည်းခံတဲ့နူးညံ့သိမ်မွေ့တဲ့ကောင်လေးတွေဆိုပစ်ကြွေတတ်ကြတယ်လေ။ ကောင်းတဲ့အရာတွေက စောင့်ဆိုင်းနေသူတွေဆီကိုအရောက်လှမ်းလာတတ်တယ်ဆိုတဲ့ Good things come to those who wait ဆိုတဲ့ စကားလည်းရှိတယ်ဟုတ်။ စိတ်ရှည်ပါ။စိတ်မရှည်နိုင်ရင်လည်း စိတ်ရှည်ခြင်းကိုတဖြည်းဖြည်းချင်းမွေးမြူပါ။

 

အကောင်းမြင်စိတ်

နှစ်ဆယ်ဝန်းကျင်အရွယ်တွေဟာ သိပ်ကိုစိတ်ဓာတ်ကျတတ်ကြပါတယ်။သူတို့မှာစိတ်ဓာတ်ကျစရာအကြောင်းတွေကလည်းတစ်ယောက်တစ်မျိုးမရိုးရအောင်ကိုရှိနေတာပါ။ ကမ္ဘာပေါ်က လူငယ်တွေရဲ့ သုံးပုံနှစ်ပုံဟာ စိတ်ကျရောဂါကိုခံစားနေရတယ်ဆိုတဲ့ သုတေသနပြုချက်တွေလည်းရှိနေပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး လူငယ်တွေအတတ်နိုင်ဆုံးလုပ်နိုင်တာကတော့ အကောင်းမြင်စိတ်ထားတာပါပဲ။ ဘာမဆိုတတ်နိုင်သမျှအကောင်းဘက်ကတွေးတာ၊လူတိုင်းအရာတိုင်းကိုတတ်နိုင်သမျှအကောင်းဘက်ကတွေးပြီးခွင့်လွှတ်ဖို့ကြိုးစားတာဟာ ဘဝကိုအေးချမ်းစွာဖြတ်သန်းဖို့ရာနည်းစနစ်အမှန်ပါပဲ။ တစ်ခါတစ်လေ ဘဝမှာ ယုန်ဖြူလေးလုပ်နေလို့မရတဲ့အခိုက်အတန့်တွေလည်းရှိတာပေါ့လေ။ဒါပေမယ့် များသောအားဖြင့် အကောင်းမြင်စိတ်ကအလုပ်ဖြစ်ပါတယ်။

 

ကိုယ့်ကိုယ်ကိုယ် နားလည်လက်ခံခြင်း

ကိုယ့်ကိုယ်ကိုယ်နားလည်လက်ခံတယ်ဆိုတာ ပြောတော့သာလွယ်သယောင်ရှိပေမယ့် တကယ်တမ်းတော့ခက်ပါတယ်။ဘဝမှာလူတိုင်းနီးပါးက ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတစ်ခုကိုသူများပိုင်ဆိုင်ထားတဲ့အရာတစ်ခုလောက်မှမကောင်းဘူးထင်ပြီးအမြဲလိုလိုလဲလှယ်ဖို့၊ခိုးယူဖို့ ဒါမှမဟုတ်အတုပြုလုပ်ဖို့ အားသန်နေကြတာမဟုတ်လား။ သူ့မျက်နှာလေးကတော့ အရမ်းလှတယ်။ သူ့ ခန္ဓာကိုယ်လေးလိုချင်လိုက်တာဆိုတာမျိုးပေါ့။တကယ်တော့အဲ့ဒီ့လိုအတွေးတွေနဲ့ကိုယ့်ကိုယ်ကိုယ်နှိပ်စက်နေတာထက်စာရင် ကိုယ့်မှာရှိနေတဲ့အရှိတရားကိုပဲ ဒီအတိုင်းလေးလက်သင့်ခံပေးလိုက်တာကပိုပြီးပျော်ရွှင်ရမှာအမှန်ပါ။

 

အခုပြောပြသွားတာတွေကတော့ အသက်နှစ်ဆယ်အထက်မှာရှိသင့်ပြီဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေထဲက အရေးကြီးတဲ့အချက်တွေပါ။ အသက်နှစ်ဆယ်ကနေအစပြုလို့ တစ်ဘဝလုံးသာယာလှပနိုင်ကြပါစေလို့ တောင်းဆုပြုရင်း..။

 

Unicode Format


 



 



 



 



 



 


2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.