သူလိမ်နေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ

လူတိုင်းနီးပါး လိမ်ဖူးကြပါတယ်။ သူများကိုမထိခိုက်စေတဲ့အဖြူရောင်မုသား၊မုသားမပါ လင်္ကာမချော ဘာညာတွေသာပြောနေကြပေမယ့် တကယ်တော့လူတွေက လင်္ကာချောတာလိုချင်တာမဟုတ်ပါဘူး အမှန်တရားကိုလိုချင်တာပါ။အထူးသဖြင့်မိန်းကလေးတွေက ဘယ်လောက်ပဲ ခံရခက်တဲ့ဆိုးရွားတဲ့ အမှန်တရားမျိုးဖြစ်နေပါစေ သကာရည်လောင်းထားတဲ့ မုသားမျိုးထက်တော့ သာပါသေးတယ်လို့တွေးတတ်ကြပါတယ်။ ဘယ်သူမှ အလိမ်မခံချင်ကြပါဘူး ဒါပေမယ့် အခါအားလျော်စွာလိမ်လိုက်ရတဲ့အခိုက်အတန့်တွေတော့ရှိကြပါလိမ့်မယ်။ ဒီတော့ ကိုယ်နဲ့စကားပြောနေသူတစ်ယောက်ဟာ လိမ်နေတာလား အမှန်တကယ်ပြောနေတာလားဆိုတာ ဘယ်လိုခွဲခြားရပါမလဲ။လူတစ်ယောက်ချင်းစီအတွက်သိပ်ပြီး တိကျတဲ့ ပုံစံမဟုတ်ပေမယ်လို့ လူအများစုအတွက်တော့ လိမ်နေရင်းနဲ့မသိလိုက်မသိဘာသာပြုမိသွားတတ်တဲ့အပြုအမူတွေရှိပါတယ်။ ဒါတွေကတယ်ကိုမျက်စိလျင်တဲ့သူတွေမှ သိနိုင်တာမျိုးပါ။ အဲ့ဒါတွေကဘာတွေလဲဆိုတော့….

 

သိပ်မပြုံးဘူး

ပြုံးကိုမပြုံးတာ။ဒါမှမဟုတ် တစ်မျိုးကြီးပြုံးမယ်။ ပြုံးဖို့တော့ကြိုးစားလိုက်တာပဲ ဒါပေမယ့် ကိုယ်လိမ်လိုက်တာကိုတစ်ဖက်လူကယုံကြည်ရဲ့လားဆိုတာ ကြိုးစားအကဲခတ်နေရချိန်ဖြစ်နေလေတော့ သိပ်ပြီိးတော့ ပြုံးဖို့ကိုအာရုံမစိုက်နိုင်ဘူးဖြစ်နေတယ်။ ဒီတော့ ပြုံးလိုက်ရင်တောင် ပြုံးတာနဲ့မတူပဲ မချိတင်ကဲလိပ်ခဲတည်းလည်းအဓိပ္ပာယ်ဖော်ရခက်တဲ့အပြုံးကြီးဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေမှာတော့တကယ်ကိုအမှန်တရားကိုအလေးအနက်ပြောနေတာကြောင့်မပြုံးတာလည်းဖြစ်နိုင်ပြီး တစ်ခါတစ်လေကျတော့ လိမ်နေတာမို့ သူ့အလိမ်အညာကိုသူသဘောကျပြီးပြုံးစိစိဖြစ်နေတာလည်းဖြစ်နိုင်သေးတာမို့ အပြုံးတစ်ခုတည်းနဲ့ဆုံးဖြတ်ရင်မှားသွားပါလိမ့်မယ်။ လူကဲခတ်မလွဲပါစေနဲ့။

 

လည်ပင်းကိုကုတ်နေမယ်

လူတစ်ယောက်ဟာအလိမ်အညာစကားတွေပြောနေတဲ့အခါဆေးပညာသဘောတရားအရ လည်ပင်းကြွက်သားတွေက ယားလာတတ်ပါတယ်။ အဲ့ဒီ့အခါ သူကကိုယ်တိုင်တောင်မသိလိုက်ပဲ သူပိုအားသန်တဲ့လက်ရဲ့လက်ညိုးနဲ့ လည်ပင်းကိုကုတ်တာ သူအားသန်တဲ့လက်နဲ့ လည်ပင်းအင်္ကျီိစတွေကိုဆွဲလှည့်တာမျိုးတွေလုပ်တတ်ပါတယ်။ဒါကတော့ သိပ်ပြီးမှားယွင်းဖို့မရှိတဲ့ထင်ရှားတဲ့ ကိုယ်ဟန်အမူအရာပါ။ဒါကိုကြိုသိထားတဲ့လူတွေကတော့ လိမ်တဲ့အခါဒါမျိုးမလုပ်မိဖို့သူတို့ကိုယ်သူတို့ထိန်းချုပ်ကြမှာပေါ့လေ။ ဒါပေမယ့် ကိုယ်တိုင်တောင်မသိလိုက်ပဲလုပ်မိသွားတတ်ကြတာပါပဲ။

 

မျက်နှာကိုခဏခဏကိုင်နေမယ်

လက်ကိုင်ပဝါနဲ့မျက်နှာကိုပွတ်နေတာတို့။ ကိုင်နေတာတို့မကြာခဏဆိုသလိုလုပ်ပါလိမ့်မယ်။ ဒါမှမဟုတ် မျက်နှာကိုပွတ်သလိုလိုနဲ့ မျက်နှာတစ်ဝက်လောက်ကိုလက်နဲ့အုပ်ကိုင်ထားတာ နှာစေးချင်ယောင်ဆောင်ပြီး လက်ကိုင်ပဝါနဲ့ မျက်နှာကိုအုပ်ထားတာ ဒါမျိုးတွေကတော့ ကြီးကြီးမားမားတစ်ခုခုလိမ်လည်နေတဲ့သူတွေလုပ်တတ်တဲ့အပြုအမူတွေပါ။ လောင်းကစားဝိုင်းတွေမှာလည်းကြေးကြီးကစားသူတွေလုပ်တတ်တဲ့အပြုအမူတွေလည်းဖြစ်ပါတယ်။

 

နှာခေါင်းကိုခဏခဏကိုင်မယ်

လိမ်ပြောမိလို့ သစ်သားနှာခေါင်းဖြစ်သွားတယ်ဆိုတဲ့ကလေးလေးရဲ့ပုံပြင်က ဒီိကနေစလာတာပါ။ လိမ်နေတဲ့သူတွေဟာ လိမ်နေရတဲ့အချိန်မှာ သူတို့ရဲ့သိစိတ်တွေကို လိမ်တဲ့အမှုမှာအာရုံပြုထားရတာမို့ အဲ့ဒီ့အချိန်မှာ မသိစိတ်က ရုပ်ကိုထိန်းချုပ်ပြီး သူလုပ်ချင်တာတွေလုပ်နေတဲ့သဘောပါ။ ဒါကြောင့် လူတွေကလိမ်နေတဲ့အချိန်မှာ သူတို့ကိုယ်တိုင်တောင်မသိလိုက်တဲ့ အမူအကျင့်ပြောင်းလဲမှုတွေဖြစ်သွားရတာပါ။ ဥပမာ ဘယ်တော့မှလက်ဆစ်မချိုးတတ်တဲ့သူက လက်ဆစ်တွေချိုးနေမယ် စသဖြင့်ပေါ့။

 

မျက်လုံးကိုခဏခဏပွတ်မယ်

ဒါကတော့ရှင်းပါတယ်။ မျက်လုံးဆိုတာစိတ်ရဲ့တံခါးပေါက်မှာလူတစ်ယောက်လိမ်တာပဲဖြစ်ဖြစ် အခြားစိတ်ခံစားမှုတစ်ခုခုပဲဖြစ်ဖြစ် သူတို့ရဲ့မျက်လုံးတွေမှာသွားပေါ်ပါတယ်။ ဒါကတော့ လိမ်တာသိပ်ပြီးမကျွမ်းကျင်သူတွေလုပ်တတ်တဲ့အရာမျိုးတွေပါ။ သူတို့မျက်လုံးကိုသင်အကဲခတ်လို့မရအောင် မျက်လုံးကို ခဏခဏပွတ်ပြီးသင်နဲ့အကြည့်ချင်းဆုံရမယ့်အရေးကနေ ရှောင်နေတတ်တာပေါ့။

 

Unicode Format


 



 



 



 



 



305 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.