ဘဝရဲ့အရေးကြီးဆုံးသူကိုဆုံးရှုံုးလိုက်ရတဲ့အခါ

လမ်းခွဲပြီးနောက်ဘယ်လိုကျန်ခဲ့မလဲ။အသည်းကွဲတာကိုပျောက်အောင်ဘာတွေလုပ်ရမလဲ ဒီလိုခေါင်းစဉ်တွေကထပ်နေတာမို့ ဒီခေါင်းစဉ်ကိုပေးလိုက်ရတာပါ။ ပြောချင်တဲ့ အဓိပ္ပာယ်ကအတူတူပါပဲ။ လုံးဝကြီးကိုရှေ့ဆက်ဖို့မျှော်လင့်ချက်မရှိ ဘဝရဲ့အလင်းရောင်ပျောက်နေတာထက်စာရင် ဒါကိုဖတ်ပြီးတော့ပဲဖြစ်ဖြစ် သတိတရားအနည်းငယ်ရမယ်ဆိုရင် ရေးရကျိုးနပ်ပါပြီပေါ့လေ။ အချို့ကတော့ ဒါကို ဘဝရဲ့အလှည့်အပြောင်းလို့ဆိုကြတယ်။ ရည်းစားနဲ့ကွဲတာလေးများတို့ဘာတို့ မတွေးပါနဲ့ဦး၊ တွေ့ကရာကောက်တွဲထားတဲ့ရည်းစားမို့လို့ပြတ်တာကတော့ဘာအရေးလဲနော်။အယောက်တစ်ထောင်ပြတ်စမ်းပါစေ။ ဒါပေမယ့် ကိုယ်တကယ်ချစ်တဲ့သူကတော့ မတူပါဘူး။ ကိုယ်တကယ်ချစ်တဲ့သူ၊ဘဝတစ်လျှောက်လုံးစာလက်တွဲသွားမယ်လို့အိပ်မက်တွေမက်ထားခဲ့တဲ့သူကိုဆုံးရှုံးလိုက်ရမယ်ဆိုရင်တော့ သိပ်ကိုဝမ်းနည်းဖို့ကောင်းသွားပါလိမ့်မယ်။ ဘယ်တော့မှ ပြန်မကောင်းနိုင်တော့တဲ့ စိတ်ပိုင်းဆိုင်ရာနာဖျားမှုတွေ၊ဘာနဲ့မှဖြည့်လို့မရတော့တဲ့ တွင်းနက်ကြီးတွေ၊ဘယ်လိုဆေးကုသမှုမျိုးနဲ့မှမပျောက်ကင်းနိုင်တဲ့ ဒဏ်ရာအနာတရတွေ၊အမာရွတ်တွေဗရပွ သင့်စိတ်သန္တာန်ထဲမှာကျန်ရစ်ခဲ့ပါလိမ့်မယ်။ ဒါတွေကို ဘယ်လိုသက်သာရရအောင်လုပ်ရမလဲဆိုရင်…

 

သင့်ရဲ့မသိစိတ်ကိုထိန်းချုပ်ပါ

လူမှာမသိစိတ်နဲ့သိစိတ်နဲ့ဆိုပြီးနှစ်မျိုးရှိပါတယ်။ သိစိတ်ကိုအလွယ်တကူထိန်းချုပ်လို့ရပေမယ့် မသိစိတ်ကိုတော့ စိတ်စွမ်းအင်ရှိသူတွေမှ ထိန်းချုပ်လို့ရနိုင်တာမျိုးပါ။ လူတွေမသိသေးတဲ့တစ်ချက်က လူတိုင်းနီးပါးမှာစိတ်စွမ်းအင်ဆိုတာရှိပါတယ်။ကိုယ့်ကိုယ်ကိုယ်စိတ်စွမ်းအင်ရှိမှန်းမသိတာ၊စိတ်စွမ်းအင်ကိုအသုံးချရကောင်းမှန်းမသိတာတွေကြောင့် စိတ်စွမ်းအင်ရှိတဲ့သူတွေက နည်းပါးနေရခြင်းပါ။ဒါကြောင့် သင့်ရဲ့သိစိတ်ကနေတစ်ဆင့်မသိစိတ်ကိုအမိန့်ပေးပါ။ ငါခံစားရတာတွေလျော့ပါးလာပြီး ဒါမှမဟုတ်ဒီထက်ပိုပြီးမခံစားရတော့ဘူးလို့ ယုံယုံကြည်ကြည်စိတ်ပါလက်ပါနဲ့အမိန့်ပေးပါ။သင်ယုံကြည်ရင်ယုံကြည်သလောက် အကျိုးသက်ရောက်မှုရှိမှာပါ။ စိတ်ကဖြစ်တဲ့ ပြဿနာမို့ စိတ်နဲ့ပဲကုမှရမှာပါ။

 

ကိုယ့်ကိုယ်ကိုယ်ထိန်းချူပ်ပါ

ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်တဲ့ကိစ္စမှာ စိတ်ရောကိုယ်ပါ နှစ်ခုလုံးကိုထိန်းချုပ်ရမှာပါ။ သူ့ကိုပဲသတိရနေတာ၊လွမ်းနေတာ၊တောင်းပန်ချင်နေတာ၊စိတ်နာနေတာ၊နာကျင်ခံစားရတာ စတဲ့စိတ်ခံစားချက်တွေကို တတ်နိုင်သမျှမေ့အောင် အာရုံလွှဲထိန်းချုပ်ရမှာဖြစ်သလို စိတ်ကခိုင်းလို့ ဖြစ်လာရတဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှု၊ သူ့ကိုဖုန်းခေါ်မိတာ၊သူ့အိမ်ရှေ့သွားမိတာ စတာတွေကိုလည်အတတ်နိုင်ဆုံးချုပ်ထိန်းရမှာပါ။

 

ကိုယ့်ကိုယ်ကိုယ်ကတိပေးပါ

ကိုယ့်ဘက်ကမှားခဲ့တာဆို နောက်တစ်ယောက်နဲ့ဆိုဒါမျိုးဘယ်တော့မှမလုပ်တော့ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ်ကတိပေးပါ။ ခွင့်လွှတ်ပါ။သူ့ဘက်ကမှားတာဆိုရင်လည်း နောက်ကို ကိုယ့်ကိုတန်ဖိုးမထားမယ့်သူ သစ္စာဖောက်မယ့်သူကိုဘယ်တော့မှထပ်မချစ်တော့ဘူးလို့ကတိပေးပါ။ အဲ… နှစ်ယောက်စလုံးမမှားခဲ့ဘူးဆိုရင်တော့ စိတ်မကောင်းစွာနဲ့ပဲ မေ့ပစ်လိုက်ပါ။

 

တစ်ယောက်တည်းမနေပါနဲ့

ဒါက ချက်ချင်းလက်ငင်းဆိုသလိုပဲ နောက်တစ်ယောက်ကောက်တွဲဖို့ပြောတာမဟုတ်ပါဘူး။ တစ်ယောက်တည်းဖြစ်မနေဖို့ ကိုယ်ချစ်တဲ့မိသားစုတွေ၊ဒါမှမဟုတ်သူငယ်ချင်းတွေ စသဖြင့် ကိုယ်ချစ်တဲ့သူတွေအနားမှာ တတ်နိုင်သမျှအချိန်ဖြုန်းပါ။ဒါက သင့်ဦးနှောက်ကိုအကျိုးပြုဟော်မုန်းတွေထွက်လာစေဖို့အထောက်အကူပေးတာမို့ အသည်းကွဲဒဏ်ရာကိုမြန်မြန်ပျောက်ကင်းပါစေလိမ့်မယ်။

 

သူ့ကိုတတ်နိုင်သမျှရှောင်ပါ

ခံစားချက်တွေအနည်ထိုင်သွားမှ တွေ့တာကကိစ္စမရှိပါဘူး။ သူ့ကြောင့်ခံစားနေရတုန်းအချိန် သူ့ကိုမမေ့နိုင်သေးတဲ့အချိန်မှာ အမြဲလိုလိုတွေ့နေရရင်တော့ ဆေးထည့်ထားတဲ့ဒဏ်ရာကိုထပ်ပြီး အဆွခံရသလို ဘယ်သောအခါမှပျောက်ကင်းနိုင်မှာမဟုတ်တော့ပါဘူး။ဒါကြောင့်ပြန်အဆင်ပြေဖို့မဖြစ်နိုင်တော့တာသေချာရင်တတ်နိုင်သမျှမမြင်ကွယ်ရာမှာနေပါ။

 

အချိန်အားမရှိပါစေနဲ့

အလုပ်တစ်ခုခုလုပ်ပါ။ အားနေတဲ့အချိန်ဆိုတာမရှိပါစေနဲ့။ အလုပ်တစ်ခုခုဆိုရာမှာ ခန္ဓာကိုယ်အင်အားသုံးပြီးလုပ်တဲ့အလုပ်ထက် ဦးနှောက်သုံးပြီးလုပ်ရတဲ့အလုပ်ဆိုရင်ပိုကောင်းပါတယ်။ ဒါမှ သင့်ရဲု့အလုပ်များနေတဲ့ဦးနှောက်က သူ့အကြောင်းမစဉ်းစားနိုင်တော့မှာပါ။ စဉ်းစားဖြစ်ရင်တောင် သင့်ဦးနှောက်ကပင်ပန်းနေပြီဖြစ်တဲ့အတွက် သင့်ရဲ့နာကျင်မှုတွေဘာညာတွေကိုထုတ်ပြနိုင်တဲ့အင်အားမရှိတော့လို့ သင်ဘာမှသိပ်ခံစားရတော့မှာမဟုတ်ပါဘူး။ ဒီလိုနဲ့ကြာလာတဲ့အခါ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါလိမ့်မယ်။

 

သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ဘယ်လောက်ကြီးမြတ်တဲ့လူမျိုးပဲဖြစ်ပါစေ ဘဝမှာတစ်ခါတော့အသည်းကွဲဖူးကြပါတယ်။ ကွဲနေတဲ့အသည်းကိုအမြန်ဆုံးကုစားနိုင်ကြပါစေ။

 

Unicode Format


 



 



 



 



 



 




1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.