သင်တို့ရဲ့ချစ်သူဘဝကို နိဂုံးချုပ်သင့်ပြီဖြစ်ကြောင်း ပြနေတဲ့အချက်တွေ

အချိန်ကစကားပြောလာမှာပါတဲ့။ဘယ့်နှယ်အချိန်ကဘယ်နှယ့်လုပ်စကားပြောမှာတုန်း။သူ့မှာပါးစပ်မှမပါပဲဟာကို။ စကားပြောရမှာက ကိုယ်ကိုယ်တိုင်ပါ။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကိုယ့်ကိုယ်ကိုယ်မေးရမှာပါ။ရည်းစားတွေချစ်သူစုံတွဲတွေနှစ်တွေအကြာကြီိးတွဲလို့မြဲလိုက်တာ အားကျလိုက်တာဆိုတာမျိုးမတွေးမိပါစေနဲ့။တကယ်တမ်းကျ အဲ့ဒီ့နှစ်တွေအကြာကြီးတွဲတယ်ဆိုတဲ့အတွဲတွေပဲ ကွဲကြတာပါ။ သူတို့ကတစ်ယောက်နဲ့တစ်ယောက်အူမချေးခါးမကျန်သိနေကြပြီးဖြစ်လေတော့ ဘယ်လိုမှသည်းမခံနိုင်တော့ဘူးဟေ့ဆိုတဲ့ တစ်ချိန်မှာကွဲကြလေသတည်းပါပဲ။ အဲ့ဒီ့အချိန်ကလည်းတစ်ဖြည်းဖြည်းနဲ့သေချာပေါက်ရောက်လာမှာပါ။ စောတာနဲ့နောက်ကျတာပဲကွာတာဖြစ်ပြီး ကွဲတာကတော့ကွဲကြတာပါပဲ။ တစ်ခါတစ်လေ တစ်ဖက်လူက ဘဝထဲမှာရှိနေခဲ့တဲ့အချိန်တွေကများတော့ ဘယ်လိုမှအဆင်မပြေတော့တာတောင် ဖြတ်သန်းခဲ့တဲ့အတိတ်တွေကိုသံယောဇဉ်မပြတ်ပဲ ဖျစ်ညှစ်ပြီးဆက်တွဲဖို့ကြိုးစားနေကြသူတွေလည်းရှိပါရဲ့။ ဒါပေမယ့် သော်တာဆွေကပြောဖူးတယ်မဟုတ်လား။ လူဆိုတာ မိမိစိတ်ချမ်းသာမှုကိုမိမိကိုယ်ကယူတတ်မှ ရ၏၊ရွှေဘုံပေါ်မှာစံနေရစေကာမူ မိမိကိုယ်ကမယူတတ်ရင် စိတ်ချမ်းသာမည်မဟုတ်ဆိုပြီး.. အဲ့ဒီ့လိုပဲပေါ့။ ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ ကိုယ့်အပေါ်မှာပဲတာဝန်ရှိတာဖြစ်လေတော့..ကိုယ်မပျော်ရတဲ့ ချစ်သူဘဝတစ်ခုမှာဆက်မနေသင့်တာကတော့ စိတ်ပိုင်းဆိုင်ရာအမှန်တရားပါပဲ။ သင်တို့ရဲ့ချစ်သူဘဝကိုနိဂုံးချုပ်သင့်ပြီဆိုတာပြနေတဲ့အချက်တွေကတော့..

 

သင့်ဘဝကိုသင်စိတ်ပျက်နေတယ်ဆိုရင်

ချစ်သူတစ်ယောက်ရှိထားပြီး ကိုယ့်ဘဝကိုယ်စိတ်ပျက်နေရတဲ့ဘဝကြီးက သိပ်တော့ ပျော်စရာမကောင်းဘူး။ သင့်ရဲ့ပျော်ရွှင်မှုအတွက် သင်ချစ်ရသူမှာတာဝန်အပြည့်အဝရှိပါတယ်။ ဒါကိုမှ တာဝန်မယူနိုင်ရင် သူကသင့်ချစ်သူဖြစ်ဖို့မထိုက်တန်ပါဘူး။သင်သူ့ကိုချစ်နေသည့်တိုင်အောင်ပေါ့။

 

သူနဲ့အတူရှိနေချိန်တွေဆိုမလွပ်လပ်ဘူး

သက်တမ်းကြာတဲ့စုံတွဲတွေမှာဖြစ်လေ့ရှိတဲ့ အမှန်တရားပါ။ တွဲလာတာကလည်းကြာပြီး အကြောင်းလည်းသိတယ်၊အမြင်လည်းကပ်တယ်၊မြွေမြွေချင်းလည်းခြေမြင်တယ်၊အချင်းချင်းလည်း ကြိုးဝိုင်းထဲက လက်ဝှေ့သမားတွေလို အလစ်မပေးပဲစောင့်ကြည့်နေတယ်ဆိုတဲ့ ညဏ်ရည်တူစုံတွဲမျိုးတွေပေါ့။စစချင်းမှာတော့ နှစ်ယောက်ကြားက ကစားပွဲတွေအနိုင်ယူလိုစိတ်တွေအမှတ်တရတွေချော့မော့နှစ်သိမ့်မှုတွေနဲ့အရာရာဟာအရောင်စုံကောင်းစုံနေနိုင်ပေမယ့် ကစားပွဲတစ်ခုနဲ့တူနေတဲ့ ချစ်သူဘဝမှာဘယ်သူမှကြာရှည်မနေချင်ကြပါဘူး။ဘယ်လိုလူမျိုးကရောကစားနည်းတစ်ခုကို ပြိုင်ဘက်တစ်ဦးတည်းနဲ့နှစ်ရှည်လများကစားချင်ကြမှာမို့လဲ။ အနည်းဆုံးကစားဖော်လေးပြောင်းလိုက်ရင်တော့အပြောင်းအလဲအထူးတဆန်းလေးဖြစ်တာပေါ့။ဒီလို ဆက်ဆံရေးမျိုးရဲ့အသက်ကယ်ဆေးကတော့ ဖြစ်တည်နေတဲ့ဆက်ဆံရေးကြီးတစ်ခုလုံးကိုလုံးလုံးပုံစံပြောင်းလဲပစ်လိုက်တာမျိုး။ဆောက်လုပ်ပြီးစီးထားတဲ့ တိုက်တစ်တိုက်ကို ဖြိုဖျက်ပြီးအစကပြန်ဆောက်ဖို့ကြိုးစားသလိုမျိုးမို့ အောင်မြင်ဖို့ကခဲယဉ်းသားလား။

 

သံသယတွေပွားနေတယ်

ယုံကြည်မှုဆိုတာက ချစ်သူရည်းစားဆက်ဆံရေးမှမဟုတ်၊သူငယ်ချင်းဆက်ဆံရေး မိသားစုဆက်ဆံရေး၊ဆက်ဆံရေးတိုင်းမှာ အရေးပါအရာရောက်တဲ့ဟင်းအမယ်တစ်ခွက်ပါ။ ဒီအရာက သင်တို့နှစ်ယောက်ကြားမှာပြတ်လပ်နေပြီ တစ်ယောက်နဲ့တစ်ယောက် သံသယတွေနဲ့ မယုံနိုင်ခြင်းတွေနဲ့ ပူလောင်နေရပြီဆိုရင်တော့ သင်တို့ရဲ့ပက်သက်မှုကိုတစ်ခေါက်လောက်ပြန်စဉ်းစားသုံးသပ်ကြည့်ဖို့သင့်ပါပြီ။

 

အချို့အရာတွေက သူမရှိရင်ပိုလွယ်ကူမယ်လို့သင်တွေးမိလာတယ်

ဥပမာ.. သူငယ်ချင်းတွေနဲ့အတူခရီးထွက်တာမျိုး၊အုပ်စုလိုက်ကြီး ညဘက်တွေအပြင်ထွက်တာ မုန့်သွားစားကြတာ စသဖြင့် အဲ့ဒီ့လိုအရာတွေဟာ သင့်အနေနဲ့ သူ့ကို ဖုန်းတွေဆက်ပြီးခွင့်တောင်းမနေရတော့တဲ့အခါ ဖြေရှင်းမနေရတော့တဲ့အခါ မနက်တစ်ခါညတစ်ခါလောက်ဖုန်းဆက်ပြီး ဖြစ်ပျက်သမျှအရာတွေကိုအစီရင်ခံမနေရတော့တဲ့အခါ သင့်ဘဝကလည်း ပိုပြီးလွပ်လပ်ပျော်ရွှင်လာမယ်လို့သင်တွေးမိနေပြီလား။ အဲ့ဒါဆိုရင်တော့ သင်တို့စကားပြောဖို့လိုနေပါပြီ။ သင်တို့ကြားမှာတစ်ခုမကမှားနေပါပြီ။

 

မကျေနပ်ချက်တွေရှိတယ်

ချစ်သူဘဝမှာရန်ဖြစ်တယ်ဆိုတာ မထူးဆန်းတဲ့အရာတစ်ခုပါ။ ရန်ဖြစ်ပြီး ခဏခဏပြတ်စဲတယ်ဆိုရင်လည်းဘာမှမထူးဆန်းသေးပါဘူး။ ရန်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်ခွင့်လွှတ်မေ့ပစ်လိုက်တာထက် မမေ့နိုင်တဲ့အကျိတ်အခဲတွေ ဒဏ်ရာအနာတရတွေတစ်ဖက်ဖက်မှာရှိနေတယ်ဆိုရင်တော့ ဒါကထူးဆန်းလာပါပြီ။ တစ်ဖက်ကလည်းအရမ်းချစ်လို့မစွန့်လွှတ်ချင်ဘူး၊တစ်ဖက်ကလည်း စိတ်ဒဏ်ရာတွေနာကျည်းချက်တွေကြောင့် ထစ်ခနဲရှိအစဆွဲထုတ်ပြောဆိုမိနေပြီဆိုရင်တော့ သင်တို့ရဲ့ချစ်သူဘဝဟာ တော်တော်ကိုယိုယွင်းပျက်စီးနေပြီလို့ဆိုရမှာပါ။ ရေတွေစိမ့်ဝင်နေပြီဖြစ်တဲ့ သဘောင်္တစ်စီးလိုဘယ်လိုမှကယ်တင်ဖို့မဖြစ်နိုင်တော့ပါဘူး။သိပ်မဆိုးရွားသွားခင် ဇာတ်သိမ်းစွန့်ခွာခဲ့ခြင်းသည်သာအကောင်းဆုံးရွေးချယ်မှုပါ။

 

Unicode Format


 



 



 



 



 



64 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.