မပေါင်းသင့်တဲ့ သူငယ်ချင်းတွေရဲ့ လက္ခဏာငါးမျိုး

ကိုယ်ကတော့ ခင်လိုက်ရတာ။ ဒီပြဿနာက များသောအားဖြင့် မွေးချင်းမောင်နှမမရှိတဲ့ တစ်ဦးတည်းသော ကလေးတွေမှာအဖြစ်များပါတယ်။ ရိုးရိုးလေးပါပဲ။ မွေးချင်းမောင်နှမမရှိတော့ ကစားဖော်သူငယ်ချင်းကို တွယ်တာတာကိုး။ ဘဝမှာတွယ်တာမှုတွေဟာ ဒုက္ခပေးတတ်တယ်ဆိုတာကို ကလေးဘဝကတည်းကသိခဲ့ဖို့ကောင်းတာ။ သူငယ်ချင်းဆိုဖြူဖြူမဲမဲဘာနေနေပေါင်းတယ်ဆိုတဲ့ လူမျိုးဘာသာမရွေးသူငယ်ချင်းဖွဲ့တတ်တဲ့အဖော်မင်သူတွေမှာလည်း ဒီကိစ္စကဖြစ်ပျက်လေ့ရှိတာပါပဲ။ စာသံပေသံနဲ့ပြောရရင် အဆိပ်အတောက်ဖြစ်စေတဲ့သူငယ်ချင်းတွေ၊စကားပြောတဲ့ပြောရရင်တော့ မကောင်းတဲ့သူငယ်ချင်းတွေသူငယ်ချင်းအတုအယောင်တွေပေါ့။အများအားဖြင့်အဲ့ဒီ့လိုလူတွေရဲ့ လက္ခဏာဝိသေသတွေက တူညီလေ့ရှိကြပါတယ်။ အဲ့ဒါတွေကတော့ …

 

သင့်ကိုလွှမ်းမိုးထားချင်ကြတယ်

လွှမ်းမိုးထားချင်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ အကျုံးဝင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် သင့်ထက်ပိုချောချင်တယ်၊ပိုလှချင်တယ်။အစကတည်းကသင့်ထက်သူကပိုချောတယ်လို့ကိုယ့်ကိုယ်ကိုယ်ထင်လို့သင်နဲ့လာပေါင်းတာဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာမှာဆိုရင်လည်း ပြောတဲ့စကားတွေဘာတွေကအစ သင့်မှာပဲ သူမရှိရင်ပေါင်းမယ့်သူမရှိတော့မယ့်ပုံစံမျိုး သူကသင့်ကိုပေါင်းပေးလို့ သင်ကထိုင်ရှိခိုးမတတ်ကျေးဇူးတင်နေရမယ့်ပုံမျိုးနဲ့ပြောဆိုနေမယ်။ဒါကိုသင်ကသတိမထားမိသေးတာလည်းဖြစ်ရင်ဖြစ်မယ်။ သတိထားမိပါရက်နဲ့ သူ့ကိုခင်လို့သဘောကျလို့ဆက်ပေါင်းနေမိတာလည်းဖြစ်နိုင်တာပဲ။သင်သိထားရမှာကတော့ သူကသင့်အတွက်ပေါင်းသင့်တဲ့သူငယ်ချင်းအမျိုးအစားထဲမှာမပါလို့ အမြန်ဆုံးခပ်ခွာခွာနေပါဆိုတာပါပဲ။

 

သင့်ကိုတွယ်ကပ်လွန်းနေမယ်

သင့်အနေနဲ့ ပီတိတွေဘာတွေတောင်ဖြာချင်ဖြာနေနိုင်ပါတယ်။ငါ့သူငယ်ချင်းကငါမရှိပဲမနေနိုင်ဘူး။ငါ့ကိုအရမ်းချစ်တာဘာညာပေါ့။ အတိုင်းအတာတစ်ခုအထိတော့ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့အပြုအမူတွေက သင်ကသူ့သူငယ်ချင်းမို့ သင့်ကိုသူတစ်ဦးတည်းပိုင်အဖြစ်တံဆိပ်ကပ်ချင်တယ်။သင့်ရဲ့အခြားသူငယ်ချင်းတွေကိုတောင်ရန်ပြုချင်လာမယ်။မလိုလားတဲ့အမူအရာတွေပြမယ်။ဘာလုပ်လုပ်သင်မပါပဲမလုပ်တတ်ဘူး။ဘယ်သွားသွားသင့်ကိုဇွတ်ရောအတင်းရောခေါ်မယ်၊သင်ရည်းစားထားဖို့ပြင်ရင်တော့ ပြောမနေပါနဲ့တော့ မုန်တိုင်းဝင်သလိုသောင်းကျန်းလိမ့်မယ်။ဒီလိုတွေဖြစ်လာပြီဆိုရင်တော့ သိပ်ကိုချစ်ဖို့ကောင်းပါတဲ့သင့်သူငယ်ချင်းဟာ သင့်ဘဝကိုကပ်ပါးကောင်လိုတစ်လျှောက်လုံးကပ်ပါချင်နေတာပါပဲ။ သင့်ကိုဒီလောက်လိုက်ကပ်နေဖို့ရာ သင့်ကိုမချစ်ပဲစိတ်အနှောက်အယှက်ဖြစ်ပါစေတော့ဆိုပြီးလုပ်နေဖို့လွယ်မှာမဟုတ်ပေမယ့် သူ့ရဲ့သဘောထားအမှန်ကဘယ်လိုပဲဖြစ်ဖြစ် ဒီိလောက်အထိလိုက်ကပ်နေတဲ့သူမျိုးကို သူငယ်ချင်းမတော်သင့်တာအမှန်ပါပဲ။

 

တစ်ခုခုကိုအမြဲတောင်းဆိုနေမယ်

ပိုက်ဆံချေးတာကအဓိကပေါ့။ ပိုက်ဆံလေးချေးစမ်းပါဆိုပြီိးဘယ်သောအခါမှပြန်ဆပ်မယ့်ဟာတွေလည်းမဟုတ်ဘူးဆိုတာသင်သိပြီးသားပါ။ဘာစားစားသင်နဲ့ပဲကပ်စားနေမယ်။အကြောင်းတစ်စုံတစ်ရာခိုင်ခိုင်မာမာမရှိပဲနဲ့ပိုက်ဆံချေးမယ်။ ပြန်မဆပ်ဘူး။ တောင်းရင်တော့ သူငယ်ချင်းအချင်းချင်းဆိုတဲ့စကားကိုဒိုင်းလိုအကာအကွယ်ယူထားမယ်။ အဝတ်အစားတွေငှားဝတ်မယ်။သင့်ပစ္စည်းမှန်သမျှကို သူ့ပစ္စည်းလိုပဲပိုင်စိုးပိုင်နင်းခွင့်မတောင်းပဲသုံးစွဲမယ်။အစကတော့ မသိမသာ၊သင်ကလည်းအားနာတာနဲ့မပြောရဲတာနဲ့ နောက်တော့ပေါ်ပေါ်တင်တင်သုံးစွဲနေမယ်။ ဒီလိုလူမျိုးကိုဘဝထဲက ညှပ်ထုတ်ပစ်သင့်ပြီဆိုတာသင်လည်းသိနေတာပဲ ဘာကိုအချိန်ဆွဲနေမလဲ။

 

အသုံးမဝင်တဲ့စကားတွေအမြဲပြောနေမယ်

အသုံးမဝင်တဲ့စကားတွေဆိုရာမှာ အတင်းအဖျင်းကအဓိကပါ။ ဒါမျိုးကမိန်းကလေးတွေမှာအဖြစ်များပါတယ်။ အတင်းအဖျင်းတွေ မလိုတမာသတင်းတွေ ပေါက်ပေါက်ဖောက်သလိုလာပြောနေမယ်။သင်ကလည်း အားနာလို့နားထောင်နေမိမယ်၊တစ်ခုခုများဝင်ပြီးမထောက်ခံလိုက်နဲ့ သူ့စကားကိုသင့်စကားလုပ်ပြီး သူများတွေကိုပါလိုက်ပြောပစ်တတ်တဲ့သူမျိုး။ဒီလိုလူမျိုးတွေက သင့်ရဲ့လျို့ဝှက်ချက်တွေကိုရအောင်နှိုက်ထုတ်ပြီး အပြင်မှာ ပြန်ဖြန့််ပစ်တတ်တာကြောင့် အနည်းဆုံးဆယ်ပေအကွာလောက်မှာနေသင့်တဲ့သူတွေပါ။

 

သင့်ဘဝကိုဝင်ရောက်စွက်ဖက်မယ်

သင့်ရည်းစားကိုကြည့်လို့မရဘူးကအစ သင်ဘာအလုပ်လုပ်ကိုင်သင့်တယ်အဆုံး ဘယ်သူနဲ့လက်ထပ်လိုက်ပါလားဆိုတာမျိုးအထိ ဝင်ရောက်စွက်ဖက်လာပြီဆိုရင်တော့ သင်ဖြူစင်လှပါတယ်ထင်တဲ့သင့်သူငယ်ချင်းဟာ သင့်ကို ထိန်းချုပ်ချင်နေတာသေချာပါပြီ။ ဒီလိုအခြေအနေမျိုးက ငယ်သူငယ်ချင်းတွေမှာဖြစ်လေ့ရှိကြပါတယ်။မောင်နှမအရင်းတွေလို ကိုယ့်ဘေးမှာနှစ်တွေအကြာကြီးအတူတူရှိလာခဲ့တဲ့သူကို ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ငြင်းရမလဲမသိပဲ အမြဲလိုလိုအားနာစိတ်ရှုပ်နေရမယ့်ခံစားချက်မျိုးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်မှန်သမျှဟာ သင်ကိုယ်တိုင်စိတ်ပါလက်ပါချမှတ်ထားတဲ့အရာတွေပဲဖြစ်သင့်တယ်ဆိုတာမမေ့ပါနဲ့။

 

Unicode Format


 



 



 



 



 



644 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.