အဝေးကြီးကလူကိုချစ်သူတော်ထားမိရင် တည်မြဲအောင်ဘယ်လိုလုပ်ကြမလဲ

Zawgyi Format

လူအများစုရဲ့ရွေးချယ်မှုကတော့ အဝေးကြီးကလူကိုမချစ်မိဖို့ပါပဲ။ တစ်ရွာသားကိုရည်းစားလုပ်တော့လွမ်းရတတ်တယ်တဲ့ ဆိုရိုးတွေတောင်ရှိသေးမဟုတ်လား။ကိုယ်နဲ့နေထိုင်တဲ့နေရာဒေသချင်းမတူတဲ့ အဝေးကြီးကလူကိုချစ်မိဖို့ကလွယ်ပါတယ်။အချစ်ဆိုတာ မျက်စိတစ်မှိတ်အတွင်းလည်းပေါက်ဖွားလာတတ်တဲ့အရာမျိုးမဟုတ်လား။ ဒါပေမယ့် အဲ့ဒီ့အချစ်ရေးကိုတည်မြဲအောင်ကြိုးစားဖို့ကတော့ တော်တော်ကိုခက်ခဲပါတယ်။ Long Distance Relationship အများစုက စိတ်မချတာတွေ၊သဝန်တိုတာတွေစိတ်ပူပန်မှုတွေ အနေဝေးမှုတွေနဲ့လုံးထွေးနေတတ်ပြီး နောက်ဆုံးတော့ ပြတ်စဲခြင်းစခန်းကိုတက်လှမ်းသွားကြတာကများပါတယ်။ဒါပေမယ့်တကယ်လို့သာ ဒီအချစ်ကိုတည်မြဲအောင်လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ ဘယ်သူဖျက်ဖျက်မပျက်တော့ပဲ သိကြားမင်းဖျက်တောင်မပျက်နိုင်ပါဘူးရှင် ဆိုတဲ့သီချင်းလို လှပတဲ့အချစ်တစ်ခုကိုအပိုင်ရရှိမှာအသေအချာပါပဲ။တစ်ယောက်နဲ့တစ်ယောက်အမှန်တကယ်ချစ်မြတ်နိုးကြတယ်ဆိုရင်ပေါ့လေ။ ဒီတော့ အဝေးကြီးကလူကိုချစ်သူတော်ထားမိတဲ့ LDRS လေးတွေဖြစ်နေကြရင် ဘယ်လိုတည်မြဲအောင်လုပ်ရမလဲဆိုတာလေးတွေဖော်ပြပေးလိုက်ပါတယ်နော်။

 

ယုံကြည်မှုပေးပါ

ဒါကတော့ LDRS မှမဟုတ်ပါဘူး၊နေ့တဓူဝတွေ့နေမြင်နေရတဲ့အတွဲတွေကြားမှာလည်းထားသင့်တဲ့အရာတစ်ခုပါ။ ကိုယ်ချစ်တဲ့လူလေ၊သူ့ကိုမှမယုံရင်ဘယ်သူ့ကိုသွားယုံတော့မလဲ။ ဒါကြောင့်အလကားနေရင်းမယုံသင်္ကာဖြစ်မနေပဲနဲ့ ယုံကြည်မှုပေးထားသင့်ပါတယ်။ယုံကြည်မှုပေးသင့်တယ်ဆိုတာကိုယ်ချစ်တဲ့သူနဲ့ထိုက်တန်တဲ့ယုံကြည်မှုကိုပေးသင့်တယ်လို့ပြောတာပါ။ဘာနေနေယုံ မျက်စိမှိတ်ယုံ တစ်ဖက်စောင်းနင်းယုံဆိုရင်တော့ ကိုယ့်ခေါင်းကိုယ်ပြန်စမ်းကြည့်နေရတဲ့ဘဝရောက်သွားပါလိမ့်မယ်။ ချစ်လို့ရပါတယ်။အသိညဏ်အမှောင်ဖုံးတဲ့အထိမဖြစ်ပါစေနဲ့။

 

အချိန်မှန်ဆက်သွယ်ပါ

ဥပမာ တစ်နေ့ကိုတစ်နာရီဖုန်းပြောတယ်ဆိုရင်ဘယ်လိုနေ့မျိုးမှာပဲဖြစ်ဖြစ်တစ်နာရီိသေချာပေါက်ပြောပေးပါ။ ဘာမှဆင်ခြေဆင်လက်တွေပေးမနေပဲနဲ့ပေါ့။ အချစ်ဆိုတာဆေးလိုပဲ အပတ်လည်အောင်မသောက်ရင် ဒုက္ခရောက်တတ်ပါတယ်။ဆေးတွေကို တစ်နေ့နှစ်နာရီမှာသောက်ရင် နောက်နေ့လည်း နှစ်နာရီမှာသောက်သင့်တယ်ဆိုသလိုပဲ ကိုယ့်ချစ်သူကိုလည်း အချိန်မှန်ဆက်သွယ်နေသင့်ပါတယ်။ဆက်သွယ်ပြောဆိုခြင်းက အဝေးရောက်ချစ်သူတွေအတွက်မဖြစ်မနေလိုအပ်ချက်တစ်ခုပါ။

 

ပွင့်လင်းပါ

ပြောချင်တာက ဖုန်းပြောနေတာဆိုရင်တစ်ဖက်လူကသင့်မျက်နှာကိုမမြင်ရပါဘူး။ ဒါကြောင့်သင်ဘာဖြစ်နေလဲဆိုတာသင်မပြောရင်သူမသိနိုင်ပါဘူး။မသိရင်သင့်ကိုနားလည်နိုင်ဖို့ဆိုတာဝေးသွားပါပြီ။ အသံကြားရုံနဲ့ဘာဖြစ်နေလဲသိတယ်ဘာညာဆိုတာက ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာပဲရှိပါတယ်။ တစ်ဖက်လူက ဗေဒင်ဆရာလည်းမဟုတ်သလို အကြားအမြင်ရနေတာလည်းမဟုတ်ပါဘူး။ဒါကြောင့်ဘာမဆိုပွင့်ပွင့်လင်းလင်းပြောပါ။ မျက်နှာမြင်ရတယ်ဆိုရင်တောင်လိုင်းကောင်းမှကြည်ကြည်လင်လင်မြင်ရမှာပါ။ မျက်နှာကြည့်ရုံနဲ့ သင်ဘာဖြစ်နေလဲဆိုတာတန်းသိရအောင်သင့်ချစ်သူက အင်္ဂဝိဇ္ဇာဆရာဘယ်ဝှာလည်းမဟုတ်ပါဘူး။ဘာပဲဖြစ်ဖြစ် သင့်ပါးစပ်ကထုတ်ပြောဖို့မမေ့ပါနဲ့။

 

စိတ်ရှည်ပါ

စိတ်ရှည်ပါဆိုတာက သူနဲ့တွေ့ရဖို့ စောင့်ရတဲ့အချိန်တွေကြာနေခဲ့ရင်စိတ်ရှည်လက်ရှည်နဲ့စောင့်ပါ။ သူ့ကိုလွမ်းလို့တွေ့ကရာလူနဲ့ဒိတ်လိုက်တာက လုံးလုံးလုပ်သင့်တဲ့အရာမဟုတ်ဘူးဆိုတာသင်လည်းသိပါတယ်။ဒါကြောင့် စိတ်ရှည်ပါ။ စိတ်ရှည်သည်းခံလမ်းကြောင်းမှန် ထားရန်ရည်းစားဘဝလို့သာတွေးပါ။

 

အနေအထိုင် တည်ကြည်ပါ

ကိုယ်ချစ်တဲ့လူကအဝေးကြီးမှာပါ။ ဒါကြောင့် သူစိတ်ပူရမယ့်အလုပ်မျိုးတွေတတ်နိုင်သလောက်ရှောင်ပါ။ မိန်းကလေးတွေဆိုလည်း ညဘက်ထွက်တာတို့ ယောက်ျားလေးတွေကလည်း သူငယ်ချင်းမိန်းကလေးတွေနဲ့ခပ်တန်းတန်းနေတာတို့ စတဲ့ အနေအထိုင်ကိုဆင်ခြင်ဂရုစိုက်ပေးပါ။ ကိုယ်က ယုံချင်စရာကောင်းမှ သူကယုံမှာပါ။ကိုယ်ကဖြင့် အနေအထိုင်မဟုတ်မဟပ်နဲ့ သူကယုံကြည်မှုမပေးဘူးလို့ထိုင်အော်နေရင်တော့ နှစ်ယောက်လုံးစိတ်ညစ်ရရုံပဲရှိပါလိမ့်မယ်။

 

အယုံမလွယ်ပါနဲ့

ဘာကြီးလဲ။အပေါ်မှာကျ ယုံကြည်မှုထားပါဆို။ဟုတ်ပါတယ်။ယုံကြည်မှုထားပါဆိုတာကိုယ့်ချစ်သူအပေါ်မှာထားဖို့ပြောတာဖြစ်ပြီး အယုံမလွယ်ပါနဲ့ဆိုတာ ဘေးစကားတွေမနာလိုသူတွေဆေးထိုးတာတွေ၊အဆင်းဘီးတပ်တာတွေကို အလွယ်တကူယုံပစ်လိုက်ပြီး ကိုယ့်ချစ်သူကိုပြဿနာမရှာပါနဲ့လို့ပြောချင်တာပါ။သူဘာလုပ်လဲဘယ်သွားလဲဆိုတာကိုအမြဲသိချင်မနေပါနဲ့။ သူပြောပြတာကိုပဲစိတ်ရှည်ရှည်နဲ့စောင့်ပါ။ဘယ်ရောက်နေလဲဘာလုပ်နေလဲဆိုတာကိုအမြဲမေးနေတာမျိုးက သူ့ကိုမယုံလို့ပဲမေးနေသလို လိုက်ချုပ်ချယ်နေသလို စိတ်ကြဉ်းကြပ်စေပါတယ်။

 

ဘယ်အချစ်ရေးကမှ နတ်သမီးပုံပြင်တွေလိုလွယ်ကူချောမွေ့တယ်ဆိုတာမရှိတာကြောင့် အခက်အခဲတွေကိုကြံ့ကြံ့ခံပြီးပေါင်းဖက်နိုင်ကြပါစေ။

 

Unicode Format

 

 


 



 



 



 



 



 




0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.