အားလပ်ရက်ကိုချစ်သူနဲ့အတူခရီးထွက်ရင်းဖြတ်သန်းမယ်ဆိုရင်

Zawgyi Format

 

နွေရာသီအားလပ်ရက်လေးတွေ ခရီးသွားရာသီလေးတွေကစနေလေပြီဆိုတော့ ချစ်သူတွေကလည်း ခရီးအတူတူထွက်ဖို့စိတ်ကူးယဉ်အတွေးကမ္ဘာထဲမှာ ရင်ခုန်နေကြပြီပေါ့။အားလပ်ရက်ကိုခရီးလည်းထွက်ရမယ် ကိုယ်ချစ်တဲ့သူနဲ့လည်းဖြစ်မယ်ဆိုတော့ ပျော်စရာကြီးပေါ့။ခရီးသွားတယ်ဆိုတာက Make it or Break it ပါ။သင်တို့နှစ်ယောက်ရဲ့အချစ်တွေကို ပိုမိုခိုင်မြဲလာစေတာလည်းဖြစ်နိုင်သလို နှစ်ယောက်အတူခရီးမသွားဖူးပဲလက်ထပ်လိုက်ကြပြီး ဟန်းနီးမွန်းထွက်မှ လမ်းမှာကွဲလာတာမျိုးတွေကလည်းတစ်ပုံကြီးပါ။ ဒါကြောင့် လက်မထပ်ခင် မနီးမဝေးခရီးအသေးစားလေးလောက်ကတော့အတူသွားသင့်ပါတယ်။ခရီးစဉ်တစ်လျှောက်လုံးချောမွေ့အဆင်ပြေစေဖို့ သတိထားစရာလေးတွေကတော့ ရှိတာပေါ့နော်။ ဘာတွေဖြစ်မလဲဆိုတော့…

 

သွားမယ့်နေရာကိုအရင်သဘောတူညီမှုရယူပါ

ဒါက အလုပ်ကိစ္စတွေဘာတွေနဲ့မဟုတ်ပဲ အားလပ်ရက်အပန်းဖြေခရီးထွက်တာကိုပြောနေတာပါနော်။ ဘယ်သွားမလဲဆိုတာကိုနှစ်ယောက်အရင်ညှိသင့်ပါတယ်။ညှိတဲ့နေရာမှာလည်း တစ်ယောက်က ကျန်တဲ့တစ်ယောက်ကိုဇွတ်အတင်းတွေဖိအားပေးနေတာမျိုးလည်းမဖြစ်သင့်ပါဘူး။ တစ်ယောက်ကတစ်ယောက်ကိုအလိုလိုက်ပြီး မသွားချင်တဲ့နေရာကိုလိုက်ပေးရတဲ့အခါ သွားနေတုန်းတစ်ခုခုအဆင်မပြေတာတွေ့ရင် ကြည့်ပါလား အစကတည်းက ဒီကိုမလာပါဘူးလို့ပြောသားပဲတို့ဘာတို့ပြောမိတာနဲ့ နှစ်ယောက်သားထသတ်ပြီး သင်တို့ရဲ့တန်ဖိုးရှိတဲ့အားလပ်ရက်ကလေးကို ရန်ဖြစ်ရခြင်းနဲ့ကုန်ဆုံးသွားမှာမို့ပါ။ အဆင်ပြေနေရင်တောင်မှ ငါမလာချင်တဲ့နေရာကိုလာနေရတယ်ဆိုပြီးအနစ်နာခံလိုက်ရသလိုကြီးတွေးမိနေပြီးနောက်ပိုင်းစကားများရင် မင်းကိုဒီလိုအလိုလိုက်ထားတာဆိုပြီးထည့်ထည့်ပြောနေရင်ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ ဒါကြောင့်နှစ်ယောက်လုံးသွားချင်တဲ့နေရာကို နှစ်ဦးသဘောတူရွေးပါ။

 

ကုန်ကျစရိတ်ကိုတွက်ချက်ပါ

အရေးအကြီးဆုံးအချက်ကတော့ ဘယ်လောက်သေးငယ်တဲ့ခရီးစဉ်လေးပဲဖြစ်ဖြစ် ခရီးစဉ်တစ်လျှောက်လုံးအတွက် တစ်ယောက်ထဲကပဲအကုန်အကျခံစိုက်ထုတ်တာဟာမဖြစ်သင့်တဲ့အရာပါ။ ချစ်သူတွေပဲဆိုတဲ့စကားနဲ့တစ်ယောက်ရဲ့ဝင်ငွေပေါ်တစ်ယောက်ကအလုံးစုံမှီတွယ်နေတာမျိုးဟာကောင်းတဲ့အလားအလာမဟုတ်ပါဘူး။ဘယ်လောက်ပဲချစ်ပါတယ်ဆိုဆို သွားရင်းလာရင်းနဲ့လမ်းမှာရန်ဖြစ်ရင်လည်း ပိုက်ဆံစိုက်ထုတ်ထားတဲ့သူရဲ့အလိုကိုကျန်တဲ့တစ်ယောက်ကသေချာပေါက်လိုက်ရမယ်ဆိုတာက နှစ်ယောက်လုံးစိတ်ထဲမှာမပြောပဲသိထားတဲ့အရာဖြစ်နေပါပြီ။လမ်းမှာရန်မဖြစ်ရင်တောင်မှ တစ်ချိန်ချိန်မှာပြတ်သွားခဲ့ရင် စကားနာထိုးစရာကောင်းကောင်းရသွားပါလိမ့်မယ်။ဒါကြောင့် ကုန်ကျစရိတ်ကိုတစ်ယောက်တစ်ဝက်ကျခံတာက အဖြစ်သင့်ဆုံးအရာပါ။ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကိုယ့်တာဝန်ကိုယ်ယူရပါမယ်။

 

သွားဖို့လာဖို့ပြင်ဆင်ပါ

လိုအပ်တာတွေထည့်သိုဖို့ အတူတကွပြင်ဆင်ပါ။ ပစ္စည်းတွေထည့်သိုတဲ့အချိန်မှာ မိန်ကလေးတွေကအိမ်ပြောင်းသလောက်ကို အများကြီးယူချင်လေ့ရှိကြပြီး အဲ့ဒီ့အများကြီးကလည်း တကယ်လိုအပ်တယ်လို့သူတို့ထင်တဲ့အရာတွေမို့ တပြားသားမှလျှော့ပေးလေ့မရှိကြပါဘူး။ယောက်ျားလေးတွေကတော့ ကျောပိုးအိတ်တောင်ဖောင်းတာမဟုတ်၊ ဘာမှသိပ်မယူတတ်သူတွေပါ။ ထည့်တဲ့သိုတဲ့အချိန်မှာ ပြဿနာတက်ပြီးသွားမယ့်လာမယ့်အစီအစဉ်ကိုဖျက်လိုက်ကြသူတွေလည်း အများကြီးမို့ အဲ့ဒီ့အချိန်မှာ ရန်မဖြစ်အောင်ဂရုစိုက်ပါ။

 

ခရီးလမ်းတစ်လျှောက်

ခရီးလမ်းတစ်လျှောက်မှာသတိထားဖို့ကတော့ ဖုန်းကိုခဏခဏမကြည့်ပါနဲ့၊ငါတော့ဘယ်ရောက်နေပြီသိလားဆိုတာမျိုး သူငယ်ချင်းတွေကိုဖုန်းဆက်ဆက်ပြောနေတာမျိုးရှောင်ပါ။မိန်းကလေးတွေအနေနဲ့လည်း ရောက်လေရာမှာဓာတ်ပုံရိုက်ပေးခိုင်းတာမျိုးရှောင်ကျဉ်ပါ။ ယောက်ျားလေးတွေကသဘာဝအလှအပကိုခံစားလိုကြပြီး မိန်းကလေးတွေကတော့ သဘာဝအလှအပတွေကိုယှဉ်ပြိုင်ပြီးဘယ်သူပြိုင်လို့လှပါတော့နိုင်လုပ်ချင်ကြပါတယ်။ဒီအချက်ကလည်း လမ်းခရီးမှာရန်ဖြစ်ကြတဲ့စုံတွဲတွေရဲ့ အဓိကပြဿနာပါပဲ။

 

သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အားလပ်ရက်ခရီးလေးပိုင်ဆိုင်နိုင်ကြပါစေ။

 

Unicode Format


 



 



 



 



 


51 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.