တစ်ခါတစ်လေ ကိုယ်စားသောက်တဲ့အစားစာတွေကြောင့် ချွေးနံ့မကောင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာ မကောင်းတဲ့အနံ့စွဲနေခြင်းဟာ လူကြားထဲလည်း သွားလာရအဆင်မပြေပါဘူး။ ခန္ဓာကိုယ်အနံ့ဆိုးသွားခြင်းက မွေးရိုးပါ မျိုးရိုးဗီဇနဲ့လည်းဆိုင်သလို ကိုယ်နေ့စဉ် စားသောက်နေကျ အစားစာတွေနဲ့လည်းသက်ဆိုင်ပါတယ်။ ခန္ဓာကိုယ်အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံးအစားစာတွေကို စာဖတ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။
ရေနဲ့ ဘီယာ
နှစ်ခုယှဉ်လိုက်တာနဲ့ ဘယ်ဟာက ပိုကောင်းမလဲဆိုတာ သိကြမှာပါ။ ရေများများသောက်ပေးရင် ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်တောက်တွေဖယ်ရှားပေးနိုင်တာမို့ အနံ့ဆိုးထွက်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ အရက်နဲ့ ဘီယာသောက်သုံးခြင်းဟာ ရက်တွေဆက်လာမယ်ဆိုရင် ခန္ဓာကိုယ်အနံ့ဆိုးတွေဖြစ်ပေါ်လာပါလိမ့်မယ်။
ဒိန်ချဉ်နဲ့ နွားနို့
ဒိန်ချဉ်ဟာ ခန္ဓာကိုယ်အနံ့ဆိုးထွက်ခြင်းကို လျော့ချပေးနိုင်ပါတယ်။ ဒိန်ချဉ်မှာပါတဲ့ ဗီတာမင်ဒီက ပါးစပ်ထဲမှာရှိတဲ့ ဘတ်တီးရီးယားတွေကို တိုက်ထုတ်ပေးပြီး ပါးစပ်အနံ့ဆိုးထွက်ခြင်းကိုလည်း လျော့ကျစေပါတယ်။ နွားနို့မှာ Cholie ပါဝင်တဲ့အတွက် ခန္ဓာကိုယ်အနံ့ဆိုးထွက်စေပါတယ်။
လီမွန်ဖျော်ရည်နဲ့ ဝိုင်
ဝိုင်သောက်ခြင်းက သင့်ရဲ့သာယာဖွယ်ညနေခင်းကို ပြီးပြည့်စုံအောင် ပြုလုပ်ပေးနိုင်ပေမယ့် အရက်လိုတော့ သူက ခန္ဓာကိုယ်မှ အနံ့ဆိုးတွေပြင်းပြင်းထန်ထန်မထွက်စေဘူး။ ဒါပေမယ့် အကျိုးသက်ရောက်မှုတော့ ရှိပါတယ်။ ဝိုင်သောက်မယ့်အစား လီမွန်ဖျော်ရည်လေးပုံမှန်သောက်ပေးပါ။ လီမွန်က ခန္ဓာကိုယ် အဆိပ်ဓာတ်တွေဖယ်ရှားပေးပြီး ခံတွင်းအနံ့ဆိုးနဲ့ ချွေးနံ့ဆိုးထွက်ခြင်းကို တဖြည်းဖြည်းလျော့ချပေးနိုင်ပါတယ်။
ကော်ဖီနဲ့ ဆေးဖက်ဝင် လက်ဖက်
ဆေးဖက်ဝင် လက်ဖက်ဟာ antioxidants ပါဝင်တဲ့အတွက် အဆိပ်တောက်ဖြစ်စေမယ့် အရာတွေကိုဖယ်ရှားပေးပြီး အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ကော်ဖီက ကဖင်းဓာတ်တွေပါဝင်တဲ့အတွက် ခန္ဓာကိုယ်အနံ့ဆိုးအပြင် ၊ ပါးစပ်အနံ့ဆိုးပါ ထွက်စေပါတယ်။
ပန်းသီး နဲ့ ပန်းဂေါ်ဖီ
သဘာဝသစ်သီးထွက်ကုန်များအနက် ပန်းသီးဟာ ပါးစပ်အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီမှာက choline ပါဝင်တဲ့အတွက် ချွေးနံ့ဆိုးဖြစ်စေပါတယ်။
ငါးနဲ့ အနီရောင်ရှိအသားများ
အနီရောင်ရှိအသားတွေဟာ ခန္ဓာကိုယ်အနံ့ဆိုးတွေထွက်စေပါတယ်။ လေ့လာမှုများအရ အနီရောင်အသားတွေကိုအမြဲစားသူထက်စာရင် အသားရှောင်သူက ခန္ဓာကိုယ်တက်ကြွလန်းဆန်းနေပြီး အနံ့ဆိုးထွက်ခြင်းလည်း သိပ်မရှိပါဘူး။ ငါးစားပေးမယ်ဆိုရင် မကောင်းတဲ့ အနံ့ဆိုးတွေလျော့ကျနိုင်ပါတယ်။ သင်ဟာ ဒိတ်ထားတယ်ဆိုရင် အသားထက် ငါးများများပိုစားပေးပါ။